ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုံးနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်က ဖွဲ့စည်း ထားသည့် စုံစမ်းလေ့လာရေးအဖွဲ့မှာ လက်ရှိအချိန်ထိ ကွင်းဆင်း စုံစမ်း မှုများ မရှိသေးသည့်အတွက် ဒေသခံများ၏ ဝေဖန်မှုကိုခံနေရကြောင်း သတင်း ရရှိသည်။
၎င်း မြောက်ဦး ဖြစ်စဉ်အား စုံစမ်းရေးအဖွဲ့ကို ရခိုင်ပြည်နယ်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၉ ဦးဖြင့် ဇန်နဝါရီလ ၂၉ ရက်ကတည်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ရက်ပေါင်း ၆၀ ကျော်လာသည့်တိုင်အောင် အောက်ခြေသို့ ကွင်းဆင်း ပြီး လုပ်ဆောင်ခြင်း မရှိသေးကြောင်းလည်း မြောက်ဦးမြို့ခံများက ပြောသည်။
မြောက်ဦးအဓိကရုဏ်းကြောင့် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဖမ်းဆီး တရားစွဲခံရသူ တဦး၏ ဖခင် ဦးအေးမောင်သိန်းကတော့ လွှတ်တော်က ဇန်နဝါရီလကတည်းက တရားဝင် ဖွဲ့စည်းပြီး စထုတ် ကြော်ငြာထားပြီးမှ ယခုအချိန်အထိ အောက်ခြေသို့ လာရောက် မေးမြန်းခြင်း ၊ စုံစမ်းခြင်းများ မရှိခြင်းသည် အဖွဲ့ဖွဲ့ပြီးမှ အလုပ်မဖြစ်လျှင် ရခိုင်ပြည်နယ် လွှတ်တော် အနေဖြင့် သိက္ခာကျစရာ ဖြစ်နေကြောင်း ပြောသည်။
ဦးအေးမောင်သိန်းက “ အဖွဲ့ကို တရားဝင်ဖွဲ့ပြီး စာထုတ်ကြော်ငြာထားပြီးမှ လာရောက် ကွင်းဆင်း မေးမြန်းတာလည်း မရှိဘူး ။ မရေရာ မသေချာတဲ့ အလုပ်ကို လုပ်နေသလိုပဲ ။ ဒါမှ မဟုတ်ရင် အစိုးရကို ကြောက်နေလို့လား ။ အဖွဲ့ဖွဲ့ပြီးမှ အလုပ်မဖြစ်ရင် ရခိုင်ပြည်နယ် လွှတ်တော် ဘယ်လောက် သိက္ခာ ကျစရာကောင်းလဲ ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ကွင်းဆင်း စုံစမ်းမှုများ မပြုလုပ်နိုင်သေးခြင်းမှာ အဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များ ခရီးသွားနေခြင်းကြောင့်ဟု ၎င်းအဖွဲ့၏အတွင်းရေးမှူး ဖြစ်သူ မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
ကွင်းဆင်း စုံစမ်းခြင်းများ မလုပ်ဖြစ်သေး သော်လည်း နောက်မကျသေးကြောင်း ၊ လက်ရှိ ကျင်းပနေသော လွှတ်တော်အစည်းအဝေးပြီးလျှင် ကွင်းဆင်းရန် ရည်ရွယ်ထားကြောင်း ၊ အလွတ်သဘော တွေ့ဆုံမေးမြန်းထားမှုအရ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ၁၀၀ ရာခိုင်နှုန်းတွင် ၇၅ ရာခိုင်နှုန်းခန့်သိရှိ လေ့လာထားပြီ ဖြစ်ကြောင်း ပြောသည်။
ဦးထွန်းသာစိန်က “ ကျနော်တို့ ကွင်းမဆင်းနိုင်သေးတာက အဖွဲ့မှာပါတဲ့ ကိုယ်စားလှယ်တွေက နီပေါ သွားတာ ရှိတယ်။ တချို့ကလည်း ရန်ကုန်ကို သွားနေတာတွေလည်း ရှိတယ်။ အဲဒါကြောင့်ပါ ။ ကွင်းမဆင်းနိုင်ပေမယ့် ကျနော်တို့ကတော့ နောက်မကျသေးဘူးလို့ ထင်တယ်။ အဖွဲ့အနေနဲ့ တရားဝင်သာ ကွင်းမဆင်း ရသေး ပေမယ့် ဖြစ်စဉ်နဲ့ ပတ်သက်လို့ ၁၀၀ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်း လောက် သိရှိထားပြီးပြီလို့ ယူဆ ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေမြို့ နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု ကော်မတီအဖွဲ့မှ ဦးစိုးနိုင်က ယင်းသို့ လွှတ်တော်က တရားဝင် ဖွဲ့စည်းထားပါလျက် လက်ရှိ အချိန်အထိ ကွင်းဆင်း စုံစမ်းမှုများ မပြုလုပ်ရသေးသည့် အပေါ် အားမလို အားမရ ဖြစ်ရသည်ဟု ထောက်ပြ ဝေဖန်သည်။
ဦးစိုးနိုင်က “ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ ပြည်သူ့ ကိုယ်စားလှယ် ဖြစ်တဲ့ အတွက် ပြည်သူတွေ အားကိုးတာပေါ့ ။ ဒါပေမဲ့ အခု လွှတ်တော်အဖွဲ့ ဖွဲ့ပြီး ဘာမှ မလုပ်သေးပဲ ဒီအတိုင်း ပစ်ပယ် ထား တာကိုတော့ ပြည်သူက ဘယ်ကျေနပ်မလဲ ။ အဲဒီလို လုပ်နေတာကို ကျနော်တို့လည်း မကြိုက်ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမြို့ တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်ပြီး ဖြစ်စဉ် ၊ ဖြစ်ရပ်အပေါ် စုံစမ်း နိုင်ရန်အတွက် ရခိုင်ပြည်နယ်လွှတ်တော်က “ မြောက်ဦးမြို့ ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးရေးအဖွဲ့ ” ဆိုသည့် စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ရပ်ကိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၉ ဦး ဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့က ဖွဲ့စည်း အတည်ပြုခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် လွှတ်တော်နည်းဥပဒေတွင် စုံစမ်းလေ့လာပြီး လွှတ်တော်သို့ တင်ပြရန်ဆိုသည့် စာသား သာ ပါရှိပြီး စစ်ဆေး ဆိုသည့် စကားလုံး မပါရှိသဖြင့် ၎င်း “ မြောက်ဦးမြို့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့” ကို မတ်လ ၁၃ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် စစ်ဆေး ဆိုသည့် စကားလုံးကို ဖြုတ်ပြီး “ မြောက်ဦး မြို့ ဖြစ်စဉ်ကို စုံစမ်းလေ့လာရေး အဖွဲ့ ”ဟု အမည် ပြောင်းလဲခဲ့သည်။
မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီဟုဆိုကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ၎င်း စုံစမ်းစစ်ဆေးရေးအဖွဲ့ လာ ရောက်မေးမြန်းပါက ဌာနဆိုင်ရာများအနေဖြင့် မပူးပေါင်း မဆောင်ရွက်ရန် ဖေဖော်ဝါရီ လဆန်းပိုင်းက ညွန်ကြားစာ တစောင် ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြောက်ဦးဖြစ်စဉ်အား ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိဟူသော အကြောင်းကြားစာ တစောင်ကိုလည်း ရခိုင်ပြည်နယ်လွှတ်တော်သို့ ပေးပို့ခြင်းရှိခဲ့ပြီး နောက်ပိုင်းတွင် ၎င်းအကြောင်းကြားစာကိစ္စကို အစိုးရအဖွဲ့နှင့် လွှတ်တော်တို့ ညှိနှိုင်းလိုက်ကြသည့်အတွက် ပြေလည်မှု ရရှိခဲ့ကြောင်းလည်း သိရသည်။
မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် ပွဲကျင်းပခြင်း ပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဒဏ်ရာရ လူငယ် ၈ ဦးမှာ အစိုးရ၏ ဖမ်းဆီးတရားစွဲဆိုမှုကို ခံနေရသည်။