မြောင်းမြကြိုးတံတား ကျိုးကျသွားခဲ့သည့် ဖြစ်စဉ်ကို စစ်ဆေးရာတွင် ခေတ်မမီသော ပုံစံအဟောင်းကြောင့် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဧပြီလ ၄ ရက် ၌ ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ခေတ်မမီသော တည်ဆောက်မှု ပုံစံအဟောင်း ဖြစ်၍ လိုအပ်ချက်များကို စစ်ဆေးရန် ခက်ခဲခြင်းကြောင့် ကျိုးကျရ ခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် (ထိန်းသိမ်းရေး) ဦးအောင်မြတ်ဦး က ဧရာဝတီသို့ ပြောသည်။
“ဟိုတုန်းက ဆောက်ခဲ့တဲ့ တံတားဆိုတော့ ခေတ်မမီဘူး။ အခု မြောင်းမြတံတားမှာက ကြိုးရဲ့နောက်ဆုံး ပေ ၂၀ လောက် ကို ကွန်ကရစ်ထဲမှာ စဆောက်ကတည်းက အပြီးထည့်မြှုပ်ထားလိုက်တော့ စမ်းသပ်လို့မရတော့ဘူး။ အဲဒီ ကွန်ကရစ်ထဲမှာ ရှိနေတဲ့ အပိုင်းက ကျွတ်ထွက်သွားတော့ တံတားပြတ်ကျသွားတာ။ ခေတ်မမီလို့ ဖြစ်တာ” ဟုလည်း ၎င်းက ပြောဆိုသည်။
တံတား၌ ကွန်ကရစ် ကြိုးထိန်းခုံ၏ အတွင်းပိုင်း ကွန်ကရစ်ထဲတွင် ထည့်၍ မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြေ့ပြီး ကြိုးပြတ်ခြင်းကြောင့် တံတားကျိုးကျ ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန၏ ရှင်းလင်း ချက် တွင် ပါရှိသည်။
ဦးအောင်မြတ်ဦးက “အခုနောက်ပိုင်း ဆောက်တဲ့ တံတားတွေက ကွန်ကရစ်ထဲမှာ ဘာကြိုးမှ မြှုပ်မလောင်း ထားဘူး။ သူက အဲဒီမှာ မူလီနဲ့ အထိုင်က ဖမ်းထားလိုက်တာ။ အဲဒီတော့ ဒီကြိုးတချောင်းလုံးကို မြင်နေရတယ် စမ်းသပ်လို့ရတယ်” ဟု ဆက်လက် ပြောသည်။
အဆိုပါ တံတား တည်ဆောက်စဉ်ကပင် တန်ချိန် ၈၅၀၀ အလေးချိန်ရှိသော ကွန်ကရစ် ကြိုးထိန်းခုံ နိမ့်ကျမှု ဖြစ်စဉ်ရှိခဲ့၍ ပြန်လည် ပြင်ဆင်ခဲ့ရသော တံတား ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် တာဝါတိုင်သည် မြစ်၏ ဆန့်ကျင်ဘက်သို့ ၁၁ လက်မ စောင်းရမည့် အစား မြစ်ဘက်သို့ ၇ လက်မ စောင်းနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် တံတား တည်ဆောက် ပြီးစီးချိန်ကစ၍ နှစ်စဉ်စောင့်ကြည့် စစ်ဆေးခဲ့ရပြီး တံတားသက်တမ်း နှစ် ၂၀ ပြည့်မြောက် သည့် ၂၀၁၆ ခုနှစ်၌ လစဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ လိုအပ်သည်များကို ချက်ချင်း ပြင်ဆင် ခဲ့ကြောင်း ရှင်းလင်းချက် တွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြောင်းမြ ကြိုးတံတားသည် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့၌ ၁၆ တန် အလေးချိန်ရှိ ၆ ဘီးယာဉ် ကုန်တင်ကားတစီး ဖြတ်သန်းစဉ် တံတားကျိုးကျမှု ဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ်ပေါ်ပါသူ နှစ်ဦး သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသော တံတားများအား နှစ်စဉ် တနှစ်လျှင် နှစ်ကြိမ် ပုံမှန်စစ်ဆေးကာ ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြောင်းမြတံတား အပါအဝင် စုစုပေါင်း ကြိုးတံတား အစင်း ၃၀ ရှိသဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်စေရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနှင့် အသေးစိတ် စစ်ဆေးမှုများကို ချက်ချင်း ဆောင်ရွက် လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တံတားကို ၁၉၉၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ကာ ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ တံတား သက်တမ်းမှာ ၂၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယင်းအပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လက်ရှိ အသုံး ပြုလျက် ရှိ သော ကြိုးတံတား ၂၉ စင်းကိုလည်း စိုးရိမ်မှု မရှိကြရန်နှင့် အဆိုပါ တံတားများ ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်းကို ထုတ်ပြန်ထားသည်။