နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် Reuters သတင်းထောက် နှစ်ဦးအား အမှုမှ လွတ်ပေးရန် လျှောက်ထားမှုအပေါ် မြောက်ပိုင်းခရိုင်တရားရုံးမှ လာမည့် ဧပြီ ၁၁ ရက်နေ့ ရုံးချိန်းတွင် အမိန့် ချမည်ဖြစ်ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးခင်မောင်ဇော် က ပြောသည်။
အမှုနှင့်ပတ်သက်ပြီး တရားစွဲဆိုထားမှုအား ပြန်လည် ရုတ်သိမ်းရေးအတွက် ယနေ့ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လှဲချက်များပေးခဲ့ပြီး သတင်းထောက်နှစ်ဦးအား လွတ်ပေးရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၂) အရလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှေ့နေ ဦးခင်မောင်ဇော် က “အကောင်းဆုံးတော့မျှော်လင့်ထားတယ်၊ တရားသူကြီး ဘယ်လိုစဉ်းစားမယ် ဆိုတာတော့ ကျနော် မပြောနိုင်ဘူး။ ဥပဒေအရတော့ ကျနော်တို့ ကောင်းကောင်း တင်ပြနိုင်ခဲ့တယ်၊ လျှောက်လှဲချက်တွေအပေါ် တော်တော် ကျေနပ်ပါတယ်” ဟု ပြောသည်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၂) တွင် “စွဲဆိုချက်သည် အခြေအမြစ် မရှိကြောင်း ရာဇဝတ်တရားသူကြီးက ယူဆလျှင် ယင်းသို့ယူဆသည့် အကြောင်းရေးမှတ်၍ အမှု၏ရှေ့ပိုင်း မည်သည့်အဆင့်၌မဆို တရားခံအား စွဲချက်မတင်မီ လွတ်ခြင်းကို ဤပုဒ်မပါ မည်သည့်အချက်ကမျှ တားမြစ်သည်ဟု မမှတ်ယူရ” ဟု ပြဌာန်းထားသည်။
Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင် တဆိုင်သို့ သွားရောက်တွေ့ဆုံပြီး အပြန်လမ်းတွင် ရခိုင်အရေး လျှို့ဝှက်စာရွက် စာတမ်းများ လက်ဝယ် တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ -၃(၁)(ဂ) ဖြင့် ဖမ်းဆီး တရားစွဲဆိုခံရခြင်း ဖြစ်သည်။
ရုံးချိန်းတခု၏ တရားခွင်အတွင်း စစ်ဆေးချက်များအရ သတင်းထောက်နှစ်ဦးထံမှ သိမ်းဆည်းရမိခဲ့သည့် စာရွက်စာတမ်းပါ အချက်အလက်များသည် သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်သည့် အချက်များ ဖြစ်သည်ကို သိရှိပြီးဖြစ်ကြောင်းလည်း တရားလိုပြသက်သေ ရဲမှူးမင်းသန့်က ထွက်ဆိုထားခဲ့သည်။
ကိုဝလုံးက“ ကျနော်အကြောက်ဆုံးကိစ္စသည်လည်းပဲ ကျနော်တို့ကို ပြည်သူလူထုက နိုင်ငံတော်ကို သစ္စာဖောက်တဲ့ လူလို့ စွပ်စွဲခံရမှာ ကျနော်ရှိသမျှ အားအင်တွေ ကုန်သွားတဲ့အထိ ကျနော်ကြောက်ပါတယ်၊ ကျနော်တို့ မတရား စွပ်စွဲခံရပြီးတော့ အခုလို တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်၊ ကျနော်တို့ ဘယ်တုန်းကမှ နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တာ မရှိဘူး၊ သတင်းသမား အလုပ်ကိုပဲ သတင်းသမားလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို နားလည်ပေးစေချင်ပါတယ်” ဟု ယနေ့ရုံးထုတ်တွင် ပြောသည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် မောင်တောမြို့နယ် အင်းဒင်ရွာတွင် အစ္စလာမ် ဘာသာဝင်များ သတ်ဖြတ်ခံရမှု အပေါ် ဖော်ထုတ်တင်ပြနိုင်ခဲ့သူများဖြစ်ပြီး ဥပဒေနှင့် ညီညွတ်မှုမရှိသည့် အဆိုပါသတ်ဖြတ်မှုဖြစ်စဉ်ကြောင့် လုံးခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့နှင့် ပါဝင်သူအချို့ကိုအရေးယူခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ဧရာဝတီသို့ ထုတ်ဖော်ပြောထားသည်။
သတင်းထောက် ကိုကျော်စိုးဦးက“ ကျနော်တို့နိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့သတင်း အချက်အလက်ကို ရရှိစေချင်လို့ ဒါကိုဖော်ထုတ်ခဲ့ပါတယ်၊ သတင်းအချက်အလက် အမှန်အကန် ရရှိမှပဲရောဂါရဲ့ အဖြေဟာ ဘာလဲဆိုတာကို သိရှိမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ လွတ်မြောက်ဖို့ အတွက်က ကျနော်တို့က ဘာမှအမှားမလုပ်ခဲ့လို့ ယုံကြည်ပါတယ်” ဟု ယနေ့ရုံးချိန်းအပြီးတွင် ပြောသည်။
သတင်းထောက်နှစ်ဦးအား ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ စတဲ့ နိုင်ငံများမှလည်း ဝေဖန်ထောက်ပြလျှက်ရှိပြီး အမြန်ဆုံးပြန်လည်လွတ်ပေးရန်လည်း မြန်မာအစိုးရထံ တောင်းဆိုလျှက်ရှိသည်။