ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်အရေအတွက် ပိုမိုများပြားလာမည်ဖြစ်သဖြင့် သန့်ရှင်းရေးဆောင်ရွက်ရန်အတွက် ဝန်ထမ်း အင်အား ယခင်နှစ်ထက် တိုးချဲ့တာဝန်ချထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ဧရာဝတီသို့ ပြောသည်။
သန့်ရှင်းရေး အမှိုက်သိမ်းရေးတို့ကို ၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် ဝန်ထမ်းအင်အား ၆၀၀ ခန့်နှင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ သင်္ကြန်ကာလ အတွက် ဝန်ထမ်းအင်အား ၈၂၃ ဦးနှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဝင်းနိုင် က “ကျနော်တို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနအနေနဲ့ အမှိုက်သိမ်းဆည်း ဆောင်ရွက်မှု လုပ်ငန်းတွေကို ခရိုင်အလိုက် စုဖွဲ့အင်အားတွေနဲ့ စီမံချက် ရေးဆွဲပြီး ဆောင်ရွက်ထားတာ ရှိပါတယ်။ မနှစ်ကထက်စာရင် ဒီနှစ်မှာ ဖျော်ဖြေရေး မဏ္ဍပ်တွေ၊ ရေကစားမဏ္ဍပ်တွေ၊ စီးပွားဖြစ် မဏ္ဍပ်တွေ ပိုမိုများပြားလာတာရှိပါတယ်” ဟု ပြောသည်။
ယခုနှစ်သင်္ကြန်တွင် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် စုစုပေါင်း ၉၅ ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးမည်ဟု လျာထားသော်လည်း ပုဂ္ဂလိက ရေကစားမဏ္ဍပ် အကြီး ၁၉ ခု၊ မဏ္ဍပ် အလတ် ၁၂ ခု နှင့် ဝန်ကြီးဌာန ဆိုင်ရာ မဏ္ဍပ် ၃၂ ခုကိုဆောက်လုပ်ခွင့် ပါမစ်ချထားပေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် ဖြစ်သည့် မြို့တော်ဝန်မဏ္ဍပ်တွင် အရာရှိ၊ ကြီးကြပ်ဝန်ထမ်းများအပါအဝင် အင်အား ၃၀ ခန့်က အမှိုက်သိမ်းဆည်း ဆောင်ရွက်မည်ဖြစ်ပြီး အရှေ့ပိုင်းခရိုင်တွင် ခရိုင်မှူး၊ မြို့နယ်တာဝန်ခံ၊ ခရိုင်အရာရှိ ကြီးကြပ် ဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်း ၁၅၀၊ အနောက်ပိုင်းခရိုင်တွင် ၂၂၃ ဦး၊ တောင်ပိုင်းခရိုင်တွင် ဝန်ထမ်း ၁၈၀ ၊ မြောက်ပိုင်းခရိုင်တွင် ဝန်ထမ်း၂၄၀ တာဝန်ချထားပေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
သင်္ကြန်ပွဲတော်တွင် လည်ပတ်ကြသူများ အနေဖြင့် မိမိတို့ တဦးချင်းအနေဖြင့် အမှိုက်များကို စနစ်တကျ သိမ်းဆည်း စွန့်ပစ်ပြီး စည်းကမ်းရှိကြဖို့လည်း လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက ပြောသည်။
ဒေါ်မြလှစံ က “ဒီလိုပွဲတော်ရက်မှာကျတော့ တချို့ကလွတ်လပ်တဲ့ပုံစံမျိုးနဲ့ သွားလာလှုပ်ရှား နေထိုင်ကြတယ်ဆိုတော့ ပရမ်းပတာဆိုတဲ့ ပုံစံအနေ အထားကတော့ တွေ့နေရတယ်။ ဒီတခေါက်ကတော့ အခြေအနေ ဘယ်လိုနေမလဲ မသိသေးဘူး။ အရေးယူမှုတွေကလည်း မရှိဘူးဆိုတော့ စည်းကမ်းပျက်တာပေါ့။ တတ်နိုင်သမျှ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ အညီ သန့်သန့် ရှင်းရှင်းနဲ့ စည်းကမ်းတကျနဲ့ လည်ပတ်စေချင်ပါတယ်” ဟု ဆိုသည်။
ရေကစားမဏ္ဍပ်များ ဖျော်ဖြေရေး မဏ္ဍပ်များ အတွက် သန့်ရှင်းရေးနှုန်းထား အဖြစ် မဏ္ဍပ်ကြီးတခုကို တသိန်းကျပ် ၊ မဏ္ဍပ် အလတ်ကို ကျပ် လေးသောင်း နှင့် မဏ္ဍပ်အသေးကို နှစ်သောင်းကျပ် တောင်းခံပြီး မဏ္ဍပ်များအနေဖြင့် သင်္ကြန်ကာလ အပြီးတွင် အမှိုက်များ လက်လွတ်စပယ်ထားခဲ့ပါကထားခဲ့သည့် အမှိုက်ပမာဏ အတိုင်းအသုံးပြုရသည့် ကားအပေါ်မူတည် ပြီးကျပ် သုံးသောင်းခွဲ၊ ခုနှစ်သောင်းခွဲ၊ တသိန်းအထိ ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း YCDC မှ သိရသည်။
ဦးဇော်ဝင်းနိုင် က“ကျနော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနအနေနဲ့ကတော့ ပြည်သူတွေ အနေနဲ့ အမှိုက်ကိုစနစ်တကျ စွန့်ပစ်တတ်ဖို့ဆိုတဲ့ ကန်ပိန်းတွေ ဆောင်ရွက်နေတာရှိပါတယ်။ ပရဟိတအဖွဲ့တွေကလည်း အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်စေဖို့ မဟာသင်္ကြန် ပွဲတော်ကို နွှဲတဲ့ ပြည်သူတွေ အလေ့အကျင့်ကောင်းအမူအကျင့်ကောင်းလေးတွေရှိစေဖို့ ပညာပေးလုပ်ငန်းတွေလည်းရှိပါတယ်။ မနှစ်ကဆိုရင် ပရဟိတအဖွဲ့တွေက တူညီဝတ်စုံလေးတွေနဲ့ အမှိုက်ကောက်နေတာတွေ့တဲ့ အတွက် ဒီစည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုက လျော့ကျလာတာရှိပါတယ်” ဟု ပြောသည်။