မန္တလေးတိုင်းဒေသကြီး၌ နွေရာသီအတွင်း ရေရှားပါးမည်ဟု ခန့်မှန်းထားသည့် ကျေးရွာပေါင်း ၇၂ ရွာ အတွက် ရေသယ် ယာဉ်များနှင့် ရေဖြန့်ဖြူးနိုင်ရန် စီစဉ်ပေးထားကြောင်း ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေးတိုင်း ဒေသကြီး) မှ သိရ သည်။
“နွေရာသီမှာ ကျေးရွာများ သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနဲ့ ရေရှားပါး ပြတ်လပ်တဲ့ ကျေးရွာတွေကို သောက်သုံးရေ အချိန်နဲ့တပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ဖို့ ကြိုတင်စီမံ ဆောင်ရွက်ပေးထားပါတယ်။ တိုင်းအတွင်းက ကျေးရွာတွေမှာ သောက်သုံးရေ လုံလောက်မှု ရှိ၊မရှိ၊ ရေပြတ်လပ်မှု ဖြစ်နိုင်ခြေတွေကို ကွင်းဆင်းပြီး ကြိုတင်စာရင်း ကောက် ယူခဲ့တာ ၇၂ ရွာရှိပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးအေးမင်းနိုင်က ပြောသည်။
ယခုနှစ် ရေရှားပါးမည်ဟု ကောက်ယူထားသည့် မန္တလေးတိုင်း အတွင်းရှိ သပိတ်ကျင်း၊ ကျောက်ဆည်၊ တံတားဦး၊ မြစ်သား၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ မြင်းခြံ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း စသည့် မြို့နယ်များ ထဲမှ ကျေးရွာများ ဖြစ်ကြောင်း သိရသည်။
“အရင်က တူးဖော်ပေးခဲ့တဲ့ ရေတွင်းတွေမှာ ရေခမ်းခြောက်မှုတွေ ကြုံနေရလို့ ဒီနှစ်မှာ မီးသတ်ကားတွေ၊ ရေသယ်ယာဉ် တွေ၊ ပုဂ္ဂလိက ကားငှားလို့ရတာတွေနဲ့ ကျေးရွာအရောက် ရေတွေသယ်ယူပြီး ဖြန့်ဖို့ စီစဉ်ထားတယ်။ တိုင်းအစိုးရ အဖွဲ့က လည်း ရေကန်တွေ၊ ရေတွင်းတွေ ဒီနှစ်ထဲမှာ တူးပေးထားတာတွေလည်း ရှိပါတယ်။ အဲဒီလို ရေတူးတဲ့အခါ ဌာနက အင်ဂျင် နီယာတွေ ဦးဆောင်ပြီး လုပ်ပေးခဲ့တာပါ” ဟု ဦးအေးမင်းနိုင်က ပြောသည်။
မန္တလေးတိုင်း အတွင်းရှိ ရေရှားပါးမှု ကြုံတွေ့နေရသည့် ကျေးရွာမှ အကူအညီများ တောင်းခံလာပါက ဧပြီလ နောက်ပိုင်း ကျေးရွာများ ရေရရှိရေး တောင်းခံလာမှုအပေါ် မူတည်၍ ဘတ်ဂျက် ရရှိရေးအတွက် ပြည်ထောင်စု အဆင့်သို့ တင်ပြ တောင်းခံ ပေးသွားမည်ဟုလည်း ဦးအေးမင်းနိုင်က ဆက်လက် ပြောဆိုသည်။
ယခုအခါ မြန်မာနိုင်ငံ၌ နှစ်စဉ်ဆိုသလို နွေရာသီအချိန်တွင် ပူပြင်းခြောက်သွေ့သော အယ်နီညိုရာသီ ဥတုများ ဖြစ်ပေါ်နေ လျက်ရှိကာ မိုးရွာသွန်းမှု လျော့နည်းခြင်း တို့ကြောင့် ယခင်နှစ် နွေရာသီအချိန်က နိုင်ငံတဝန်းလုံး၌ ရေရှားပါးမှု၊ ရေပြတ် လပ်မှု ကြုံတွေ့ခဲ့ရသည့် ကျေးရွာပေါင်း ၂ ထောင်ကျော် ရှိခဲ့ပြီး သမိုင်းတလျှောက် အများဆုံးဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသ ပညာရှင်များက ဆိုသည်။
မန္တလေးတိုင်းဒေသကြီးသည် အပူပိုင်း ဒေသတခုဖြစ်သည့်အလျောက် အယ်လ်နီညိုရာသီအချိန်များ၌ ရေရှားပါးမှုပို၍ ဖြစ် ပေါ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦစီးဌာန – မိုး/ဇလ (မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
“တိုင်းဒေသကြီးက ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို အခြားတိုင်း၊ ပြည်နယ်တွေထက် ပိုပြီးခံရတယ်။ အထိခိုက်ဆုံး ကဏ္ဍ တခုကတော့ ရေရှားတာပဲ။ ရေတွေ ပြတ်လပ်ကုန်တယ်။ တချို့ဒေသတွေမှာ အဝီစိတွင်း တူးပေမယ့် ရေမထွက် တော့ဘူး။ ဒါကြောင့် ရေပြဿနာက တော်တော်ကြီးပါတယ်” ဟုလည်း ၎င်းက ပြောပြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နွေရာသီတွင် ကျေးရွာများ၌ သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ရေရှားပါး ပြတ်လပ်သည့် ကျေးရွာများသို့ သောက်သုံးရေများ အချိန်နှင့်တပြေးညီ ပံ့ပိုးဖြည့်ဆည်းပေး နိုင်ရေး အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အထောက်အကူပြု ကော်မတီဝင်များ၊ ကျေးရွာ ရေကော်မတီဝင်များ၊ ရပ်မိရပ်ဖ များ၏ အမည်နှင့် ဖုန်းနံပါတ်များအား စုစည်းပြုစုထားရှိခြင်း၊ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်ပါက အစုအဖွဲ့စနစ်ဖြင့် ကျေး ရွာများသို့ သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်းပေးမည့် အစီအစဉ်များအား မြို့နယ်အဆင့်ဌာန ဆိုင်ရာများ နှင့် ကြိုတင်ညှိနှိုင်းခြင်းများ စီမံ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
ယင်းဌာနအနေဖြင့် ရေရှားပါးပြတ်လပ်သည့် ကျေးရွာများသို့ သောက်သုံးရေ ဖြန့်ဝေပေးမှုများ ဆောင်ရွက်ပေးမည့်အပြင် ရေရှားပါးမှုများ ထပ်မံ မဖြစ်ပေါ်စေရေးအတွက် ရေရှည် ရေရယူသုံးစွဲနိုင်မည့် နည်းလမ်းများကို အသုံးပြု၍ ကျေးရွာများ ရေရရှိရေး လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ဦးအေးမင်းနိုင်က ပြောသည်။
ကျေးရွာများအတွင်း ရေရှားပါးပြတ်လပ်မှု ဖြစ်ပေါ်ပါက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) အပါအဝင် သက်ဆိုင်ရာ မြို့နယ် ဦးစီးဌာန ရုံးများသို့ ဖုန်းဆက်သွယ်မှု အပြင် အခြားသော ဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့် အချိန် အခါမရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ပြီး ချက်ချင်းဖြည့်ဆည်းပေးရန် ဆောင်ရွက်ပေးထားကြောင်း ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဌာနမှ သိရသည်။
ယခုနှစ်အတွက် ရေရှားပါးမည်ဟု ကောက်ယူထားသည့် စာရင်းများအရ သပိတ်ကျင်းရှိ ကျေးရွာ ၆ ရွာ၊ ကျောက်ဆည်ရှိ ၃ ရွာ၊ တံတာဦးရှိ ၇ ရွာ၊ မြစ်သားတွင် ၃ ရွာ၊ မိတ္ထီလာရှိ ၄ ရွာ၊ မလှိုင်ရှိ ၁၀ ရွာ၊ ဝမ်းတွင်း၌ ၃ ရွာ၊ သာစည်တွင် ၁၁ ရွာ၊ မြင်း ခြံအတွင်း ၅ ရွာ၊ နွားထိုးကြီးတွင် ၅ ရွာ ၊ ပျော်ဘွယ်တွင် ၉ ရွာ၊ ညောင်ဦးတွင် ၃ ရွာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၃ ရွာ စုစုပေါင်း ၇၂ ရွာဖြစ်ကြောင်း အဆိုပါ ဌာန၏ စာရင်း၌ ဖော်ပြထားသည်။
ယခင်ဘဏ္ဍာနှစ် အတွင်းက မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၉၈ ရွာ ရေရရှိရေး အတွက် ငွေကျပ် ၇ ဒသမ ၂ သန်း အသုံးပြု၍ ရေတွင်းတူးခြင်း၊ ရေကန်များ ပြန်ဖော်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း ကျေးလက် ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ဌာနမှ သိရသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အယ်လ်နီညို ရာသီဥတုသည် နှစ်ပေါင်း ၅၀၀ အတွင်း အပြင်းထန်ဆုံး ကြုံတွေ့နေ ရခြင်း ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်တက်မှု အပူပြင်းဆုံး စံချိန်များ ကျော်လွန်ခဲ့သည့် မြို့အရေအတွက် လည်း အများဆုံးဖြစ်ကြောင်း မိုး/ဇလမှ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ရေရှားပါးပြတ်လပ်မှု ကြုံတွေ့နေရခြင်းသည် နှစ် ၃၀ အတွင်း အများဆုံး ဖြစ်ပေါ်ခြင်း ဖြစ်သလို အယ်နီညို ရာသီဥတုဖြစ်ပွားမှုကြောင့် ရေရှားပါးခြင်းပြသနာကို ရင်ဆိုင်နေရကြောင်း ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ရေရှားပါးလာခြင်းသည် နိုင်ငံ၏ အဓိက အသက်သွေးကြော စိုက်ပျိုးရေးကဏ္ဍ အပေါ် ထိခိုက်မှု ရှိလာနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။