စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြရာတွင် တပ်မတော်နှင့် တပ်မတော်သားမိသားစုဝင်များအား ဂုဏ်သိက္ခာ ထိခိုက်စေသည့်ကိစ္စများ ထည့်သွင်းကပြသည်ဟုဆိုကာ အနောက်တောင်တိုင်းစစ်ဌာနချုပ် – နတခ မှ တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် ကျောင်းသား ၉ ဦးအနက် ၈ ဦးကို ပုဒ်မ ၅၀၀ (အသရေဖျက်မှု) ဖြင့် ပုသိမ်မြို့နယ်တရားရုံးက ဧပြီလ ၄ ရက်နေ့ ရုံးချိန်းတွင် ဒဏ်ငွေများ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ငြိမ်းချမ်းရေးနှင့် ပတ်သတ်သော သဘောထားဆိုင်ရာဆွေးနွေးပွဲတွင် ပြဇာတ်ကခဲ့သည့် ကျောင်းသားများအား
နတခကိုယ်စား တရားစွဲဆိုသည့် ဒုတိယဗိုလ်မှုးကြီးအောင်မျိုးခိုင် (စစ်ဦးစီးပထမတန်း) က တရားလိုပြုလုပ် တရားစွဲဆိုခဲ့ရာ အချိန် ၁ နှစ်ကျော်ကြာ ကြားနာစစ်ဆေးပြီးနောက် ပုသိမ်မြို့နယ်တရားသူကြီးက အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ကျောင်းသားနှစ်ဦးကို ပုဒ်မ ၅၀၀ အရအပြစ်ရှိကြောင်း ဆုံးဖြတ်တယ်။ ကျန်တဲ့ ၆ ဦးကို ပုဒ်မ ၅၀၀/၃၄ အရ အပြစ်ရှိကြောင်း ဆုံးဖြတ်တယ်။ အဲဒါကြောင့် ဒီအမိန့်ကိုချလိုက်တာ”ဟု ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ဧရာဝတီကိုပြောသည်။
ကျောင်းသား ၈ ဦးအနက ်ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက်တို့ကို ဒဏ်ငွေ ၅ သောင်းကျပ်စီ ချမှတ်ခဲ့ကာ ကိုထက်ပိုင်ဖြိုးပါ ကျောင်းသား ၆ ဦးကို ဒဏ်ငွေ ၃ သောင်းကျပ်စီ ချမှတ်ခဲ့ပြီး တရားရင်ဆိုင်ရန် ပျက်ကွက် ခဲ့သည့် ကျောင်းသား မျိုးကိုကိုအား ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၀၀/၁၂ ဖြင့် တရားခံပြေးကြေငြာပြီး ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်တရားရုံးထံမှ သိရသည်။
“အမိန်ချမှတ်လိုက်တဲ့ တရားသူကြီးယူဆတာက ကျနော်တို့သုံးနှုန်းလိုက်တဲ့ စကားလုံးတွေက စစ်သားတွေ စစ်သားမိသားစုတွေကို ထိခိုက်တယ်လို့ ယူဆတယ်ပေါ့နော်။ နောက်တချက်က ဒါငြိမ်းရေးအလုပ်ရုံဆွေးနွေးပွဲ ဖြစ်တယ်၊ ကျနော်တို့သုံးနှုန်းတဲ့ အသုံးအနှုန်းတွေက တရားလိုကို တိုက်ရိုက်လည်းမဟုတ်ဘူး၊ တိတိ ကျကျ လည်း မပါဘူး။ ဒါပေမယ့် စစ်သားတွေ၊ စစ်သားမိသားစုတွေ ဆိုတာလည်းမပါဘူး။
အဲဒါကြောင့် ပြစ်ဒဏ် ကြီးကြီးမားမားတော့မချဘူး။ ဒဏ်ငွေပဲ ချလိုက်တယ်”ဟု ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ကျောင်းသားကိုအောင်ခန့်ဇော်က ပြောသည်။
ပုသိမ်ဟိုတယ်တွင် ကျောင်းသားများ ကပြခဲ့သည့်ပြဇာတ်မှာ တရားသောစစ်ပွဲထောက်ခံသူများအား အောက်ဆီဂျင်အမည်ရှိ သတင်းဌာနမှ အင်တာဗျူးမေးမြန်းသည့်ပုံစံဖြင့် တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုအား ပုသိမ်မြို့နယ်တရားရုံးတွင် ၄ လခန့် ကြားနာစစ်ဆေးပြီးချိန်တွင် ပုသိမ်မြို့နယ် တရားသူကြီးက ပြဇာတ်တွင် အဓိက သရုပ်ဆောင်သူ ၂ ဦးဖြစ်သည့် ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက် တို့အား အသရေဖျက်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ကျန်ကျောင်းသား ၇ ဦးကို အမှုမှ တရားရှင် လွှတ်ပေးကြောင်း ဆုံးဖြတ်ခဲ့ရာ တပ်မတော်ဘက်မှ ပုသိမ်ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့သည်။
ပုသိမ်ခရိုင်တရားရုံးတွင် အမှုအားကြားနာစစ်ဆေးပြီးနောက် ခရိုင်တရားသူကြီးက ပုသိမ်မြို့နယ်တရားရုံး၏
အမိန့်ကို ပယ်ဖျက်ခဲ့သဖြင့် အမှုအား ပုသိမ်မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ပြန်လည်ကြားနာစစ်ဆေးကာ ကျောင်းသားများအား အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
တိုက်ရိုက်လည်းမဟုတ်ဘူး၊ တိတိ ကျကျ လည်း မပါဘူး။ ဒါပေမယ့် စစ်သားတွေ၊ စစ်သားမိသားစုတွေ ဆိုတာလည်းမပါဘူး။ အဲဒါကြောင့် ပြစ်ဒဏ် ကြီးကြီးမားမားတော့မချဘူး။ ဒဏ်ငွေပဲ ချလိုက်တယ်”ဟု ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ကျောင်းသားကိုအောင်ခန့်ဇော်က ပြောသည်။