ရန်ကုန်မြို့တွင်းရှိဆိပ်ကမ်းများမှာ တဖြည်းဖြည်းနှင့် ပြည်တွင်းဆိပ်ကမ်းများ ဖြစ်လာသောကြောင့် ပင်လယ်ဝဘက်တွင် ဆိပ်ကမ်းသစ်များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ဦးဖြိုးမင်းသိန်း က “ရန်ကုန်ဟာ ဆိပ်ကမ်းမြို့အဖြစ်နဲ့ စီးပွားရေးအရဖွံ့ဖြိုးတိုးတက်တဲ့ မြို့ကြီးအဖြစ် ဆောင်ရွက်သွားဖို့ ကျနော်တို့ မျှော်မှန်းပါတယ်။ ဒီအတွက် ကုန်စည်တွေကို ရန်ကုန်ကို အခြေပြုပြီး မြန်မာနိုင်ငံအတွက်သာမဟုတ်ဘဲ၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းထိစပ်နေတဲ့ နိုင်ငံအားလုံးနဲ့ ကုန်သွယ်ရာမှာ ပင်လယ်ရေကြောင်း အသုံးချနိုင်ဖို့အတွက် ကျနော်တို့ မျှော်မှန်းပါတယ်”ဟု ပြောသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ဧပြီလ ၂ ရက်က ကျင်းပပြုလုပ်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးသော ၁၆ ကြိမ်မြောက် အခမ်းအနား၌ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်က “နိုင်ငံတကာမှာလည်း ဆယ်စုနှစ် ၂ စုလောက်ဆိုရင် ဆိပ်ကမ်းတွေက ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ ဘက်တွေကို ရွေ့လျားသွားတတ် ပါတယ်။ ကျနော်တို့ နိုင်ငံမှာတော့ အင်္ဂလိပ်ကိုလိုနီ လက်ထက်ကတည်းက ဆိပ်ကမ်းဟာ အခုချိန်ထိ ဆိပ်ကမ်းအဖြစ်နဲ့ ပေါ်ထွက်နေရတဲ့ အခြေနေဖြစ်ပါတယ်။ မြို့တွင်းမှာယာဉ်ကြောပိတ်ဆို့မှု များစွာရှိပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံကမ်းရိုးတန်း ဒေသတွင် ဆိပ်ကမ်းပေါင်း ၉ ခုခန့် ရှိပြီး ယင်းဆိပ်ကမ်းများအနက် ကုန်စည် ၉၀ ရာခိုင်နှုန်းခန့် စီးဆင်းနေသော ရန်ကုန်ဆိပ်ကမ်းမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးဖြစ်သည်။
ကုန်စည်စီးဆင်းမှုကို စနစ်တကျ တည်ဆောက်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအရ အကျိုးအမြတ်များစွာ ရရှိနိုကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
“စင်ကာပူနိုင်ငံဆိုရင် ကုန်ထုတ်လုပ်နိုင်မှု အများကြီးမရှိပါဘူး။ ဒါပေမယ့် ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျတဲ့ တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက် အကူပြုပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ရန်ကုန်မြို့ဟာလည်း ဒါတွေကို ဆောင်ရွက်ဖို့အတွက် ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ကျွမ်းကျင်သော နိုင်ငံတကာ ပညာရှင်များနှင့် လေ့လာပြီး ဆောင်ရွက်သွားမည် ဖြစ်ပြီးမကြာခင် စတင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရသည်။
ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်အတွက်လည်း ၂၀၁၈ ခုနှစ် မေလ ၉ ရက်တွင် Yangon Investment Forum ကျင်းပ ဆောင်ရွက်သွားနိုင်ရန် ပြင်ဆင်နေကြောင်းတိုင်းအစိုးရအဖွဲ့ကဆိုသည်။