အမေရိကန်လေတပ်မှ F-16 တိုက်လေယာဉ်တစီးဟာ ပလာစ်ဗီးဂက်စ် မြို့အပြင်ရှိ Nellis လေတပ်စခန်း အပြင်ဘက်မှာ ပုံမှန်လေ့ကျင် ပျံသန်းနေစဉ် ပျက်ကျသွားတယ်လို့ ဆိုပါတယ်။
Nellis လေတပ်စခန်းဟာ အမေရိကန်လေတပ်ရဲ့ စစ်ဆင်ရေးဌာနချုပ်ဖြစ်သလို ကမ္ဘာမှာလည်း အကြီးဆုံး တိုက်လေယာဉ်များ လေ့ကျင့်ရေး ဗဟိုတခုဖြစ်ပါတယ်။
မနေ့ ဗုဒ္ဓဟူး နံနက် ၁၀နာရီခွဲက ဖြစ်ပွားခြင်းဖြစ်ပြီး F-16 တိုက်လေယာဉ်မှူးရဲ့ အခြေအနေကိုတော့ သေသေချာချာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး၊ ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းကလည်း F – 16 တိုုက်လေယာဉ်တစီးဟာ မေရီလန်းပြည်နယ် အင်ဒရူးလေတပ်စခန်းအပြင်မှာ ပျက်ကျခဲ့ပါသေးတယ်၊ အဲဒီတုန်းကတော့ လေယာဉ်မှူးဟာ လေထီးနဲ့ ခုန်ဆင်းကာ လွတ်မြောက်သွားခဲ့ပါတယ်။
F-16 တိုက်လေယာဉ်တစင်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၂သန်းရှိပြီး၊ ဒါဟာ ဒီတပတ်အတွင်း အမေရိကန်စစ် ဘက်သုံးလေယာဉ်များ ပျက်ကျတာ တတိယအကြိမ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း လူ ၄ဦးပါဝင်တဲ့ ရေတပ်မှ CH – 53E ရဟတ်ယာဉ်ဟာ ကယ်လီဖိုးနီးယာမှာ ပျက်ကျခဲ့ပါသေး သလို၊ အာဖရိကတိုက်ဂျီဘူတီမှာလည်း အမေရိကန်မရိန်းတပ်မှ ဟယ်ရီယာဂျက်လေယာဉ်တစီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်