ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြကြိုးတံတား ပျက်ကျရာတွင် ပါဝင်သွားခဲ့သည့် ၆ ဘီးကုန်ကားအား ကယ်ဆယ်ရေး တာဝန်ရှိသူများက ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းတွင် ဆယ်ယူနိုင်ခဲ့သော်လည်း ကားအတွင်း၌ စပါယ်ယာ ဖြစ်သူ ဝင်းလိုက်အောင် (ခ) ဂျူဂျူး၏ ရုပ်အလောင်းကို မတွေ့ရှိဘဲ ပျောက်ဆုံးနေသည်ဟု ဆိုသည်။
မြောင်းမြခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးအေးလွင် က “အလောင်းကိုတော့ ကားထဲမှာ မတွေ့ရဘူး။ ရှာနေတုန်းပဲ။ ရေစီးနဲ့ မျောသွားတဲ့သဘောမှာ ရှိတယ်။ ရဲတပ်ဖွဲ့ကတော့ အလောင်းတွေ့ခဲ့ရင် အကြောင်းကြားပေးဖို့ မြစ်ကမ်းဘေးတလျှောက်က ရွာတွေအကုန်လုံးကို သတင်းဖြန့်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ယာဉ်မောင်း သန့်ဇော်ထိုက် (ခ) မဲကြီးနှင့် ယာဉ်နောက်လိုက် ဝင်းထိုက်အောင် (ခ) ဂျူဂျူတို့ စီးနင်းလိုက်ပါလာသည့် ၆ ဘီး ကုန်တင်ယာဉ်မှာ မြောင်းမြတံတားပေါ် ဖြတ်သန်းနေစဉ် ကြိုးတံတား ပြတ်ကျသည့် အတွက် ကုန်ကားမြစ်ထဲပြုတ်ကျသွားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးစလုံး သေဆုံးခဲ့သည်။
သေဆုံးသူ ယာဉ်မောင်း သန့်ဇော်ထိုက် (ခ) မဲကြီး ရုပ်အလောင်းကိုဧပြီလ ၂ ရက်နေ့ညနေပိုင်းက ဆယ်ယူရရှိခဲ့ပြီး သေဆုံးသူတို့၏ ကျန်ရစ်သူမိသားစုများအား ဆောက်လုပ်ရေးဝန်ကြီးဌာနက မိသားစု တစ်စုလျှင် ကျပ်သိန်း ၂၀ စီ၊ ဧရာဝတီတိုင်း အစိုးရက ကျပ် ၃ သိန်းစီ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာနမှ ကျပ် ၃ သိန်းစီဖြင့် စုစုပေါင်း ကျပ် ၂၆ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြကြိုးတံတား ပျက်ကျသည့်အတွက် မြောင်းမြ၊ လပွတ္တာမြို့များမှာ ကုန်းတွင်း ထွက်ပေါက် ပိတ်ဆို့သွားပြီး အဆိုပါ မြို့နယ် ၂ ခုနှင့် အခြားဒေသများအကြား ကုန်စည် စီးဆင်းမှုများ ပြတ်တောက် သွားခဲ့သည်။ မြောင်းမြနှင့် လပွတ္တာသို့ သွားရောက်မည့် ကုန်ကားများမှာလည်း မြောင်းမြမြို့ တဖက်ခြမ်းရှိ ကွယ်လွယ်ကျေးရွာတွင် ရပ်တန့်နေသည်ကို တွေ့ရသည်။
မြောင်းမြမြို့ခံ ဦးကျော်ဝင်း က “မြောင်းမြဘက်ကို ကားတွေကူးဖို့ အတွက် သဲပုံဆိပ်ဆိုတဲ့ ကူးတို့ဆိပ်ဟောင်းကို ပြင်နေတယ်။ ကားကူးဖို့ ဇက်အကြီး ၁ စီးတော့ ရောက်လာပြီ။ အိမ်စီးကားတွေတော့ ကူးလို့ရပြီ။ ကုန်ကားကြီးတွေတော့ ကူးလို့မရသေးဘူး။ မြောင်းမြနဲ့ လပွတ္တာသွားမယ့် ကုန်ကားတွေက ကွယ်လွယ်ရွာဘက်မှာ အကုန်ရပ်ထားရတုန်းပဲ” ဟု ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်း အစိုးရက ကူးတို့ဇက်အကြီး ၁ စီး၊ အလလတ်စား ၂ စီးဖြင့် ခရီးသွားလာသူများအား မြောင်းမြမြစ်ကို အခမဲ့ဖြတ်ကူးပေးနေပြီး မြောင်းမြမြို့နယ် မော်တော်ယာဉ် ပြေးဆွဲမှုကြီးကြပ်ရေး ကော်မတီမှလည်း မော်တော်များဖြင့် ခရီးသည်များကို ဖြတ်ကူးပို့ဆောင်ပေးနေကြောင်း သိရသည်။
သူရိယအလင်းဂျာနယ်မှ မြောင်းမြမြို့ခံသတင်းထောက် ကိုဘိုဘိုက “မြောင်းမြဘက်၊ လပွတ္တာဘက်က ခရီးသည်တွေက မြစ်ကိုကူးတို့နဲ့ ဖြတ်ကူး၊ အဝေးပြေးကားတွေက ကွယ်လွယ်ရွာဘက်က စောင့်ပြီး ရန်ကုန်၊ ပုသိမ်နဲ့ တခြားမြို့တွေကို ပြေးဆွဲနေတယ်။ သွားလာရေးကတော့ အရင်လို ဘယ်အဆင်ပြေမလဲ၊ နှောင့်နှေး ကုန်တာပေါ့။ ပြီးတော့ ကျန်းမာရေးအရ ရန်ကုန်ကိုလွဲှမယ့် လူနာတွေလည်း သွားလာရေး ခက်ကုန်တာပေါ့” ဟု ပြောသည်။
မြောင်းမြကြိုးတံတားပျက်ကျမှုကြောင့် ကုန်းတွင်းထွက်ပေါက် ပိတ်ဆို့နေသည့် လပွတ္တာမြို့မှ ကားများမှာ
လပွတ္တာနှင့် မြောင်းမြကြား ရှိသိလ္လာ ၈ အိမ်တန်းရွာလမ်းခွဲမှ ငပုတောမြို့သို့ မောင်းနှင်၍ ငပုတောမှတဆင့် ပုသိမ်မြို့ကို ဖြတ်ကျော်ပြီး ရန်ကုန်သို့ သွားရောက်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
မြောင်းမြမြစ်ကူး ကြိုးတံတားကို ၁၉၉၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်းကာလတွင် အရေးပေါ်အခြေ အနေများအရ တံတားခံနိုင်ဝန် အားထက်ပိုသည့် ကယ်ဆယ်ရေးယာဉ်တန်းများ ဖြတ်သန်းမှုကြောင့် မြောင်းမြကြိုးတံတား၏ ကြံ့ခိုင်မှုလျော့ကျခဲ့ပြီး တံတားခံနိုင်ဝန်ကိုလည်း တန် ၂၀ အထိ လျော့ချ အသုံးပြုခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင် ကြိုးတံတား၏ မြောင်းမြမြို့ဘက်ခြမ်းရှိဆိုင်းကြိုးများ ပြတ်ထွက်ခဲ့ရာ ဆောက်လုပ်ရေးဌာန က တည်ဆောက်ရေး အဖွဲ့ – ၁ က တံတားဖြတ်သန်းခွင့်ပိတ်၍ ချက်ခြင်းပြင်ဆင်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် တံတားပျက်မကျမီရက် ယခုနှစ် မတ်လ ၁၁ ရက် နေ့ကလည်း ကြိုးတံတား၏ မြောင်းမြဘက် (ယခုတံတားပျက်ကျသည့် ဘက်) ခြမ်းအား ည ၁၀ နာရီမှ နံနက် ၇ နာရီအထိအ ချိန် ၉ နာရီကြာ ဖြတ်သန်းမှု ပိတ်ပင်၍ ပစ္စည်းအသစ် အစားထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပစ္စည်းအသစ်များ အစားထိုးတပ်ဆင်ခဲ့သည့် ကြိုးတံတား၏ မြောင်းမြဘက်ခြမ်းမှာ ဧပြီလ ၁ ရက်နံနက် ၁ နာရီ ၄၅ မိနစ်က ဆိုင်းကြိုးများပြတ်ထွက်၍ အသုံးပြုခဲ့သည့် နှစ်ပေါင်း ၂၂ နှစ်တင်းတင်း ပြည့်ချိန်တွင် တံတားအစင်းလိုက် ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – မြောင်းမြ ကြိုးတံတား ခေတ်မမီ၍ ကျိုးကျခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာန ရှင်းလင်း
မြောင်းမြကြိုးတံတား ပြတ်ကျမှု၊ ကုန်ကားတစီးနှင့် လူနှစ်ဦး ရေထဲပါသွား
မြောင်းမြကြိုးတံတားက ပေးတဲ့ သင်ခန်းစာ
မြစ်ထဲပြုတ်ကျခဲ့တဲ့ ၆ ဘီးကား ရှာတွေ့ပြီ