ကချင်ပြည်နယ်၊ ဟူးကောင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်း၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ က ဧပြီလ ၁၀ ရက်မှ စ၍ တပ်မတော်ကို ပြောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများ ပြုလုပ်သွားမည် ဖြစ်ကြောင်း KIA ဘက်က ပြောဆိုသည်။
ထို့ကြောင့် ဟူးကောင်းခရိုင် နယ်မြေအတွင်းရှိ ရှဒူးဇွတ်ဂျာဝမ်၊ နမ်ဗျူ။ နန်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်း ၊ ဒဘာချောင်းဖျား ရွှေမှော်များနှင့် ပယင်းမှော်များ အတွင်း ဝင်ရောက်ကာ ခိုးတူးလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ နှင့် လက်လုပ်လက်စား မိဘပြည်သူများ မိမိရပ်ရွာသို့ အမြန်ဆုံး ထွက်ခွာသွားရန် ဧပြီ ၅ ရက်နေ့ ရက်စွဲဖြင့် KIA တပ်ရင်း ၁၄ က သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က “တပ်မတော်ဘက်က ထိုးထားတဲ့ စစ်ကြောင်းတွေ အကုန်လုံးက ပယင်းမှော်၊ ရွှေမှော်တွေဘက်မှာ ရှိနေတုန်း ဖြစ်ပါတယ်။ တပ်ရင်း ၁၄ က နည်းနည်း လှုပ်ရှားတာနဲ့ တိုက်ပွဲတွေက ပြန်ဖြစ်မှာ။ တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ ပြည်သူလူထုက ဒုက္ခတွေ့ မှာဖြစ်ပါတယ်။ အဲ့တာကြောင့် ပြည်သူလူထုတွေကို ထွက်ခွာဖို့ သတိပေးပြီး ထုတ်ပြန်ကြေငြာချက် လုပ်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
ယနေ့ ထုတ်ပြန်လိုက်သော KIA တပ်ရင်း ၁၄ ၏ ထုတ်ပြန်ကြေငြာချက်ထဲတွင် “သတိပေး ကြေငြာစာအား တွေ့မြင်သိရှိပြီးနောက် လိုက်နာခြင်းမရှိဘဲ ဆက်လက်ခိုးတူး လုပ်ကိုင်နေသော မိဘပြည်သူများသည် ဖြစ်ပေါ်လာသော ပြဿနာ အလုံးစုံနှင့် ပတ်သက်၍ မိမိ၏ ကံကြမ္မာနှင့် မိမိသာဖြစ်ကြောင်း အသိပေးကြေငြာလိုက်သည်” ဟု ပါရှိသည်။
ထို့ကြောင့် ယနေ့ထုတ်ပြန်လိုက်သော သတိပေးကြေငြာစာအား တွေ့မြင်သိရှိသော မိဘပြည်သူများအနေဖြင့် မိမိနှင့် သက်ဆိုင်သော ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းများကို ဆက်လက်အသိပေးရန် အမှတ် ၁၄ တပ်ရင်းမှူး၏ လက်မှတ်ဖြင့် ထုတ်ပြန် နှိုးဆော်ထားသည်။
တနိုင်းမြို့နယ်အတွင်း KIA က နိုင်ငံတော်၏ ခွင့်ပြုချက်မရဘဲ ပယင်းနှင့် ရွှေများကို စီးပွားရေး လုပ်ငန်းရှင်များဖြင့် တူးဖော် အခွန် ကောက်ယူမှုမှ နှစ်စဉ် ကျပ်သိန်းပေါင်း ၂၈,၀၀၀ ကျပ် ရရှိနေသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံးသည်ဟုဆိုကာ တပ်မတော်က ပယင်းနယ်မြေများကို သိမ်းယူရန်၊ မှော်များအနီးရှိ ရွာများမှ ဒေသခံများကိုလည်း ထွက်ခွာသွားရန် ရဟတ်ယာဉ်ပေါ်မှ စာကျဲချခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လ ပထမပတ်က စပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများကြောင့် မှော်လုပ်သားများ ထောင်ချီထွက်ပြေးခဲ့ရပြီး မှော်များအနီးရှိ ရွာများမှ ဒေသခံတထောင်ကျော်လည်း ထွက်ပြေးရကာ ယနေ့ထိ တနိုင်းမြို့ပေါ်ရှိ ဘာသာရေး ကျောင်းများတွင် စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် နေထိုင်နေကြရသည်။
တနိုင်းမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်၊ ဇွန်လ ပထမပတ်မှစ၍ ယနေ့ထိ စစ်ရေးတင်းမာနေပြီး ၂၀၁၈ ခုနှစ်၊ မတ်လ ဒုတိယပတ် က KIA ၏ တပ်ရင်း ၁၄ ဌာနချုပ် အခြေစိုက်သည့် နမ်ဗျူရွာအနီးရှိ နေရာကို စစ်ရေး အခြေအနေအရ ပြောင်းရွှေ့ခဲ့ရပြီး လက်ရှိတွင် တပ်ရင်းဌာနချုပ် ပြန်လည် အခြေစိုက်နိုင်ခြင်း မရှိဘဲလှုပ်ရှားတပ် အဖြစ်သာနေထိုင် နေရသည့် အခြေအနေဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
စစ်ရေးအခြေအနေများ ရှုပ်ထွေးနေသည့် ကာလအတွင်း တပ်မတော်ဘက်မှ အရပ်သားများကို ပယင်း နှင့် ရွှေမှော်များရှိရာ နေရာများကို ခေါ်ပြီး တူးဖော်ခွင့် ပေးနေကြောင်း၊ KIA ရရှိထားသည့် စာရင်းအရ ပယင်းနှင့် ရွှေ တူးဖော် နေသည့် လုပ်ငန်းရှင်နှင့် အလုပ်သမားဦးရေ ၁၀၀ ဝန်းကျင်ခန့် ရှိကြောင်း၊ တနိုင်းမြို့နယ်အတွင်းရှိ ပယင်းနှင့် ရွှေထွက်သည့် မှော် များအနက် အချို့နေရာများကို KIA က ဆက်လက် အုပ်ချုပ်ထားပြီး အချို့နေရာများကို တပ်မတော်က သိမ်းယူထားသည် ဟုလည်း ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူ က “ကိုယ့်နယ်မြေမှာ ကိုယ်က နယ်မြေရှင်းလင်းရေးတော့ ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်နယ်မြေမှာ ကိုယ်ပြန်လှုပ်ရှားတယ် ဆိုတဲ့ သဘောမျိုးပါ။ ပြောရမယ်ဆိုရင် တပ်ရင်း ၁၄ က အတည်တကျ နေထိုင်ဖို့ စစ်ရေးအရ အခြေအနေက မကောင်းတဲ့ အခါကျတော့ အခုလိုမျိုးလှုပ်ရှားတဲ့ ပုံစံနဲ့ ပြန်ပြောင်းတာ။ သဘောကတော့ စစ်မြေပြင်ဖြစ်သွားတာပေါ့” ဟု ပြောသည်။
ဒေသခံများနှင့် ပယင်းလုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ တနိုင်းဒေသအတွင်း ပယင်း၊ ရွှေအပြင် ကျောက်နီများလည်း ထွက်ပြီး ထိုကျောက်မျက်ရတနာ အများစုသည် တရုတ်နိုင်ငံဘက်သို့ ရောင်းချသည်ဟုသိရသည်။
ပယင်းလုပ်ငန်း လုပ်ကိုင်သူ ဦးဂျာလ က “ကျနော်တို့ အဲ့သတိပေးစာကို ဒီနေ့ လူမှုကွန်ရက်ကနေ တွေ့ပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ခိုးဝင်တူးနေလည်း ဆိုတာတော့ ကျနော်တို့ မသိဘူး။ အာဏာပိုင်တွေနဲ့ အဆင်ပြေတဲ့ သူတွေ ဖြစ်မှာပေါ့ဗျာ။ ကျနော်ကတော့ အရင်က KIA မှော်တွေမှာ အခွန်ပေးပြီးလုပ်ကိုင် ဖူးပါတယ်။ တိုက်ပွဲတွေ အခြေအနေတွေ ရှုပ်တော့ လုံးဝမလုပ်တော့ပါဘူး” ဟု ပြောသည်။
တနိုင်းမြို့နယ်အတွင်းမှ မြို့ပြင်သို့ ဝင်ထွက်သွားလာသူများကိုလည်း တပ်မတော်ဘက်မှ လုံခြုံရေးအရ စစ်ဆေးမှုများရှိပြီး မတ်လအတွင်းက မြစ်ကြီးနား- ဖားကန့်မြို့ဘက်မှ တနိုင်းမြို့ကိုလာမည့် သူများကို ဝင်ရောက်ခွင့် ပိတ်ပြီးလက်နက် ခဲယမ်း ပါ/မပါ စစ်ဆေးမှုများလည်း ပြုလုပ်ကြောင်း၊ မှော်အတွင်း အခြေအနေများကိုလည်း မသိရှိကြောင်း ဦးဂျာလ က ဆိုသည်။
ဧရာဝတီက တနိုင်းပဋိပက္ခအခြေအနေများကို မေးမြန်းရန် တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်သော်လည်း မရပါ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း တနိုင်းမြို့နယ်အတွင်း စစ်ရေးအခြေအနေများ၊ တိုက်ပွဲသတင်းများ သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း မတ်လ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် တနိုင်းမြို့နယ် အတွင်း KIA ဘက်မှ ထောင်ထားသည့် မိုင်းနင်းမိသဖြင့် တောင်ယာခုတ်ခြင်းနှင့် ဟင်းသီးဟင်းရွက်ခူးရန် သွားလာနေသည့် ဒေသခံ ၁ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရထားသည်ဟူသည့် သတင်းများထုတ်ပြန်ထားသည်။
KIAဘက်မှ ပြောဆိုချက်အရ တနိုင်းမြို့နယ်အပြင် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အတွင်းတွင်လည်း တပ်မတော်နှင့် KIA ၏ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တို့အကြား မတ်လ ၃၀ ရက်မှစ၍ တိုက်ပွဲ ဖြစ်ကာ စစ်ရေးတင်းမာနေပြီး၊ ဖားကန့်မြို့နယ်၊ ဆွမ်ပရာဘွမ် မြို့နယ်နှင့် ပူတာအိုမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေသည်ဟု သိရသည်။
တပ်မတော်နှင့် KIA တို့သည် ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စ၍ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ဘေးရှောင်ခဲ့ ရသည့် အရပ်သား တသိန်းကျော်မှာလည်း စစ်ဘေးရှောင်စခန်းများတွင် ယနေ့ထိခိုလှုံနေရဆဲ ဖြစ်သည်။
ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို စစ်ရှိန်လျော့ချနိုင်ရေးအတွက်ဟု ဆိုကာ တပ်မတော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ဖေဖော်ဝါရီလ ၁ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှုမရခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ တနိုင်းမြို့နယ် အတွင်း အခြေစိုက်သည့် KIA တပ်ရင်း ၁၄ ဌာနချုပ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် တပ်မဟာ (၄) ကိုရွှေ့ပြောင်းပေးရန်၊ KIA ၏ တပ်မဟာ (၅)၊ (၆)၊ (၇) နှင့် (၈) တို့ကိုလည်း တပ်မတော်က အသိမှတ်မပြုကြောင်း ပြောဆိုထားသည်။
KIA သည် အစိုးရ၊ တပ်မတော်တို့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) စာချုပ် ချုပ်ဆိုထားခြင်း မရှိဘဲ အစိုးရနှင့် အပစ်ရပ်စာချုပ် တခုချုပ်ဆိုပြီး နိုင်ငံရေးဆွေးနွေးနိုင်ရန် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်အခြေစိုက်သည့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၆ ဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားကာ ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံေ့ရး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) မှ တဆင့် တောင်းဆိုလျက် ရှိသည်။
ဆက်စပ် ဖတ်ရှုရန် – ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၁)
ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၂)
ကချင် တရားမဝင် ရွှေ နှင့် ပယင်း မှော် အရေး လွှတ်တော်တွင် အဆိုတင်