သတင်း

မန္တလေးတိုင်းအတွင်း ဥပဒေမဲ့ ဆေးကုနေမှုများ အရေးယူရန် အဆို လွှတ်တော်တွင် ရှုံးနိမ့်

Want create site? Find Free WordPress Themes and plugins.

မန္တလေး တိုင်းဒေသကြီးအတွင်း ပိုမို များပြားလာသော ဥပဒေမဲ့ ဆေးကုသမှုများအား စစ်ဆေးကြပ်မတ် အရေးယူပေး ရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ အရေအတွက် ထက်ဝက်မကျော် ခြင်း ကြောင့် အဆို အတည်မပြုနိုင် ဖြစ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယအကြိမ်၊ နဝမ ပုံမှန်အစည်းအဝေး၌ အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာ ညီမင်းဟန် တင်သွင်းသည့် တရားဝင် ဆေးကုသမှု လိုင်စင်မရှိဘဲ ဆေးဝါးကုသခြင်း လုပ်ငန်း လုပ်ကိုင် နေကြသူများအား ထိထိ ရောက်ရောက် ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသဖြင့် တနေ့တခြား ပိုမို များပြား လာ သည်ကို စစ်ဆေးကြပ်မတ် အရေးယူပေးရန် အဆို ဧပြီ ၃ ရက်က ကျင်းပသည့် လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံ ဆန္ဒမဲ ၂၆ မဲ၊ ကန့်ကွက် ဆန္ဒမဲ ၂၇ မဲ၊ ကြားနေ ၈ မဲဖြင့် အဆို အတည်မဖြစ်ခဲ့ကြောင်း သိရသည်။

အထက်ပါ အဆိုကို ဒေါက်တာ ညီမင်းဟန်က ဧပြီ ၂ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ချမ်းမြသာစည် မြို့နယ်၊ အမရပူရ မြို့နယ်၊ အောင်မြေသာစံ မြို့နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးက ထောက်ခံ ဆွေးနွေးခဲ့ ကြသည်။

“ကျနော့်အနေနဲ့ ဒီအဆိုကို တင်ရတာကတော့ တကယ်ကို ပြည်သူလူထု နစ်နာနေတာကြောင့် ဖြစ်ပါတယ်။ နောက် တခုက အစိုးရအဖွဲ့ဝန်ကြီးချုပ်ရဲ့ သဘောထားနဲ့ တိုက်ဆိုင်လား၊ မတိုက်ဆိုင် လားတော့ မသိဘူး၊ ဖြေသွားတာမှာ ဆက်လက် လုပ်ကိုင်မယ်လို့ပဲ ဖြေသွားတယ်။ အဆိုကို မှတ်တမ်း အဖြစ်ပဲ ထားသင့်တယ်လို့လည်း မဖြေဘူး၊ အတည် ပြုပေး လိုက်ပါလို့လည်း မဖြေဘူး၊ ကန့်ကွက်တယ် လို့လည်း မဖြေဘူး။ ဒါကြောင့် မဲခွဲဆုံးဖြတ်ရတဲ့ အခြေအနေ ရောက်လာတယ်။ မဲခွဲလိုက်တော့ သိလာရတာ ပါပဲ။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အနေနဲ့ ဒီအဆိုအပေါ်မှာ တကယ်ကို ပြည်သူတွေ နစ်နာတယ်လို့ မခံယူလို့ဘဲ ဖြစ်ရင်ဖြစ်မှာပါ”ဟု အဆိုရှင် ဒေါက်တာ ညီမင်းဟန်က ပြော သည်။

မန္တလေးတိုင်း အတွင်း၌ တရားမဝင် ဆေးကုသနေမှုများကို အရေးယူမှု အားနည်းနေခြင်းကြောင့် ယခုအခါ အတင့်ရဲ လုပ်ကိုင်နေမှု ပိုမို များပြားလာပြီး ပြည်သူများ နစ်နာမှုရှိနေကြောင်းလည်း သိရသည်။

ဒေါက်တာညီမင်းဟန်က “အဆို အတည်မဖြစ်တာကတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ နောက်တခု ကျနော့် အနေနဲ့ ဒီအဆိုကို တင်တာက ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးလိုက်တာ၊ ဆေးကြောင့် ပိုလေးသွားပြီးတော့ ရဲ မပြောနဲ့ လွှတ်တော်ကတောင် အရေးယူဖို့ကို ကန့်ကွက်တယ် ဆိုတော့ သူတို့ ပိုပြီးတော့ ရမ်းကား ရဲတင်းလာကြမှာ ကိုပဲ စိုးရိမ်မိတယ်။ လွှတ်တော်ရဲ့ အဆုံးအဖြတ် ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ လိုက်နာရမှာ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

ဒေါက်တာ ညီမင်းဟန် တင်သွင်းသည့် အဆိုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “ကော်မတီတွေ ဖွဲ့စည်းပြီး လိုင်စင်မရှိဘဲ ဖွင့်လှစ်နေတဲ့ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း၊ ဆေး ကုသ ခွင့် လိုင်စင်မရှိဘဲ ကုသပေးနေသူတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေပြီး အပ်ပုန်းတွေကို အစိုးရက အရေးယူ ဆောင်ရွက်ခဲ့တယ်။ အခုလည်း ဆောင်ရွက်နေတာ ဖြစ်သလို နောင်လည်း ဆောင်ရွက်ဖို့ ပိုင်းဖြတ်ပြီးသား ဖြစ်တယ်”ဟု မန္တလေးတိုင်း လွှတ်တော်တွင် ဧပြီလ ၃ ရက်နေ့က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

တရားဝင် ဆေးကုသမှု လိုင်စင်မရှိဘဲ ဆေးဝါးကုသခြင်း လုပ်ငန်း လုပ်ကိုင်နေကြသူများအား ထိထိ ရောက်ရောက် ဖမ်းဆီး အရေးယူခြင်းများ လုပ်ဆောင်နိုင်ရန် အတွက် တိုင်းဒေသကြီးအဆင့် ကြီးကြပ် ကော်မတီများ ဖွဲ့စည်း ပေး ထားပြီး မန္တလေး တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး ကုသရေး ဦးစီးဌာန ဦးစီးမှူးက ဥက္ကဋ္ဌ တာဝန်ယူ၍ လုပ်ဆောင် လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင် ဆေးကုသခွင့် ဂေဟာများ၊ ဆေးရုံများ၊ ဆေးပေးခန်း များအား ကြီးကြပ်ဆောင်ရွက် နိုင်ရန်အတွက် ဝန်ကြီးချုပ်က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်၍ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၊ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးဘက်ပစ္စည်း ဆိုင်ရာ ကြီးကြပ် ကွပ်ကဲ ရေး ကော်မတီများကို ဖွဲ့စည်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အဆိုရှင်ကြီး ပြောသွားသလို သတင်းကြားတာနဲ့ ဖမ်းဆီး အရေးယူဖို့ပါ အစိုးရက ဆောင်ရွက်နေတယ် ဆိုတာနဲ့ မပြီး ပါဘူး။ တိုင်ဖို့၊ အကြောင်းကြားဖို့လည်း လိုအပ်ပါတယ်။ ဆေးကောင်စီတွေ ရှိတယ်၊ ဆရာဝန်တွေ ကိုယ်တိုင်က သိပြီ ဆိုရင် ပြောရမယ်၊ တိုင်ရမှာ ဖြစ်ပါတယ်။ တိုင်လို့မှ မလုပ်ဘူးဆိုရင် အစိုးရမှာ၊ သက်ဆိုင်ရာမှာ တာဝန်ရှိပါတယ်” ဟု လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုသွားသည်။

တရားမဝင် ဆေးကုသနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ၂၀၁၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁၁) အရ ပြည်ထောင်စု လွှတ်တော်ရုံးမှ ထုတ်ပြန်ကြေညာ ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ ပုဒ်မ (၅၄) ၌ ”မည်သူမျှ ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသခြင်း မပြုရ” ဟု ပါရှိပြီး ပုဒ်မ (၅၈) အရ ”ပုဒ်မ (၅၄) ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရ လျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၅ နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်” ဟု ပြဌာန်း ထားသည်။

ထို့အပြင် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေအခန်း (၁၅) ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ၏ ပုဒ်မ (၃၁) အရ မည်သူ မဆို ပုဂ္ဂလိက ဆေးရုံလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား အနည်း ဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၅ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ပုဒ်မ (၃၂) အရ မည်သူမဆို ပုဂ္ဂလိက သားဖွားခန်းလုပ်ငန်း (သို့) ပုဂ္ဂလိက ဆေးခန်းလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း စီရင် ခြင်းခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ပုဒ်မ (၃၃)အရ ”မည်သူမဆို ပုဂ္ဂလိက ဆေးရုံ လုပ်ငန်း၊ ပုဂ္ဂလိက သားဖွားခန်း လုပ်ငန်းနှင့် ပုဂ္ဂလိ က ဆေးခန်း လုပ်ငန်း တို့မှအပ အခြားပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း တရပ်ရပ်ကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ၃ လမှ အများဆုံး ၁ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပါရှိကြောင်း ပြဌာန်းချက်များ အရ သိရသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေ တင်တဲ့အရာတွေ အကုန်တင်ပေးနေပါတယ်။ လွှတ်တော်မှာမေးမှ မေးခွန်း မဟုတ် ပါ ဘူး။ အခန်းကိုလာပြီး ဒါလေးလုပ်ပေးပါ ဆိုလည်း သက်ဆိုင်ရာ ဝန်ကြီးတွေကိုပေးပြီး ဆောင်ရွက်ပေးနေတယ်။ အရင်အစိုးရတုန်း ကလည်း တရားမဝင် ဆေးကုတဲ့ အပ်ပုန်း Quack Doctor လို့သုံးတယ်၊ ကိုယ့်မှာမရှိတဲ့ အရည် အချင်း တွေကို ရှိဟန်ဆောင်ပြီးတော့ လိမ်လည်ပြီး ဆေးကုတဲ့ လူတွေ ဖြစ်တာကြောင့် ဒီအပ်ပုန်းတွေကို အစိုးရက လည်း အရေးယူ ဆောင်ရွက်ခဲ့တယ်” ဟု ဒေါက်တာ ဇော်မြင့်မောင်က ဆက်လက် ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်းကလည်း မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်မရှိဘဲ ဖွင့်လှစ်နေသော ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများနှင့် ဆေးကုသခွင့် လိုင်စင်မရှိဘဲ ကုသပေးနေသူများကို စုံစမ်းစစ်ဆေး၍ သတိပေးခြင်း၊ ခံဝန်ကတိ ရေး ထိုး ခိုင်းခြင်း၊ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ ပညာပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတွေအတွက် တကယ်လိုအပ်လို့၊ တကယ်နစ်နာနေလို့ လွှတ်တော်မှာ အဆိုတင်တာကို တမဲ တည်းနဲ့ ပယ်ချခံလိုက်ရတာတော့ မကောင်းဘူးပေါ့၊ လူတွေရဲ့ ကျန်းမာရေး ကဏ္ဍအတွက် တကယ် အရေးကြီး တဲ့ အဆိုလို့ မြင်ပါတယ်၊ ရမ်းကုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နေတာ မြင်နေကြားနေရတာပဲလေ။ ကန့်ကွက် နေသူတွေက ဘာကြောင့် ကန့်ကွက်ကြသလဲ ဆိုတာ သူတို့ပဲ သိလိမ့်မယ်။ ပြည်သူတွေ ရွေးချယ်ပေးခဲ့တဲ့ ကိုယ်စားလှယ်တွေ ဖြစ်တာကြောင့် ပြည်သူ့ အခက်အခဲတွေကိုတော့ ကြည့်ပေးကြပါလို့ပဲ ပြောချင်ပါတယ်”ဟု မဟာအောင် မြေမြို့နယ် အတွင်းမှ တိုင်းရင်းဆေးဆရာ ဦးထွန်းထွန်းဝင်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) အနေဖြင့် မြို့နယ် ၆ မြို့နယ်မှ ပြည်သူ လူထု ၄၆၁ ဦးအား စပ်ဆေးနှင့် ပတ်သက်သော အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ် အတွင်း ဆေးဆိုင်စုစုပေါင်း ၁၉၁ ဆိုင်အား စစ်ဆေးခဲ့သည့်အနက် အမျိုးသား ဆေးဝါးဥပဒေကို ဖောက်ဖျက် သော ဆိုင်အရေအတွက် ၅၃ ဆိုင်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးဆိုင် ၁ဝ ဆိုင်မှာ စပ်ဆေး ရောင်းချနေသည်ကို တွေ့ရှိ ခဲ့ကြောင်း၊ ၅၃ ဆိုင်အနက် ၂ ဆိုင်ကို အမျိုးသား ဆေးဝါး ဥပဒေဖြင့် တရားစွဲဆိုထားပြီး ၄၄ ဆိုင်ကို ဆေးဝါးရောင်း ချ ခွင့် ယာယီ ၃ လ ပိတ်သိမ်းခြင်း၊ ၇ ဆိုင်အား ၆ လ ပိတ်သိမ်းခြင်းဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading