ရခိုင်ပြည်နယ် အတွင်း မြို့နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ထိပ်ပိုင်း ရဲအရာရှိ ၁၆ ဦးကို တိုင်းနှင့် ပြည်နယ် အသီးသီးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် အမိန့်ထုတ်ထားကြောင်း သတင်း ရရှိသည်။
ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့် ထုတ်ပြန်ခံထားရသူ ထိပ်ပိုင်း ရဲအရာရှိအားလုံးသည် ရခိုင်တိုင်းရင်းသားများ ဖြစ်ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မစခန်းမှူး တာဝန်ကို ထမ်းဆောင်နေကြသူများ ဖြစ်ကာ မတ်လ ၂၁ ရက်နေ့ ရက် စွဲ ဖြင့် အမိန့်စာ ထုတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
“အခု ပြောင်းဖို့ အမိန့်ထုတ်ခံရတာ အားလုံး ကျနော်တို့ ရခိုင် တိုင်းရင်းသားတွေပါ။ တယောက်မှ မကျန်တော့ဘူး။ စာထဲမှာတော့ အကြောင်းပြချက် မပါဘူး။ ဒါပေမယ့် အားလုံး သိတဲ့အတိုင်းပဲလေ၊ မယုံကြည်တဲ့ သဘောပဲ။ စခန်း တခုမှာ မြို့နယ်မှူးနဲ့ စခန်းမှူး မရှိဘဲ ထားလို့မရဘူး။ သူတို့မှာ အစားထိုးဖို့ အဆင်သင့် လုပ်ထားလို့ အားလုံးကို ပြောင်း လိုက်တာပေါ့” ဟု အမည်မဖော်လိုသည့် ရဲအရာရှိ တဦးက ပြောသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ကမူ ရဲတပ်ဖွဲ့ဝင်များသည် ပြောင်းရွှေ့နေကျအတိုင်း ပုံမှန် အပြောင်း အရွှေ့ မျိုးသာ ဖြစ်ကြောင်း၊ တချို့သော မြို့နယ်မှူးများသည် တာဝန် ထမ်းဆောင်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ ဦးစီးဌာန၏ လုပ်ထုံး လုပ်နည်း အတိုင်းသာ ပြောင်းရွှေ့စေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ပုံမှန်အားဖြင့် ရဲတပ်ဖွဲ့ ဦးစီးဌာနချုပ်ကနေ လုပ်ငန်း လုပ်ထုံးလုပ်နည်း အရ နှစ်ကြိမ် ပြောင်းရွှေ့တာ လုပ်ပါတယ်။ ဆယ်တန်း စာမေးပွဲ အပြီးရယ်၊ ဒီဇင်ဘာလ ထဲမှာရယ်။ အဲဒါ Calendar အရ သွားတာပါဗျ။ ရခိုင်မှာ တာဝန် ထမ်း ဆောင်တာက ရခိုင်တွေပဲ များပါတယ်။ တခြား တိုင်းရင်းသား မရှိသလောက် ပါဘဲ။ အဲဒါကြောင့် သွားပြီး တိုက်ဆိုင် သွားတာပါ။ လူမျိုးရေးနဲ့တော့ မဆိုင်ပါဘူး” ဟုလည်း ရဲမှူးကြီး အောင်မြတ်မိုး က ဆက်ပြောသည်။
ယင်းသို့ ရခိုင်တိုင်းရင်းသား ရဲအရာရှိများကို တိုင်းနှင့်ပြည်နယ် အသီးသီးသို့ ပြောင်းရွှေ့ပေးလိုက်ခြင်းနှင့်ပတ်သက်ပြီး ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်နေကြောင်း၊ လက်ရှိ ဖြစ်ပျက်နေသော ရခိုင် အရေးအခင်းများနှင့် ဆက်စပ်ပြီး အထက် လူကြီးများက ယုံကြည်မှု နည်းပါး ခြင်းကြောင့် ပြောင်းရွှေ့ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ နောက်ထပ် ရဲအုပ်၊ ဒုရဲအုပ်၊ ရဲ တပ်သားများကိုပါ ထပ်ပြောင်းရန် အထက်လူကြီးများက စီစဉ်နေကြကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်း တွင် ပြောဆို နေကြသည်။
ရခိုင်ပြည်နယ် အတွင်းမှ နေ၍ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရမည့် ထိပ်ပိုင်း ရဲအရာရှိများသည် စစ်တွေ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ရမ်းဗြဲ စသည့် မြို့နယ်များတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့မ စခန်းမှူးများအဖြစ် တာဝန် များ ကို ထမ်းဆောင် နေသူများ ဖြစ်ပြီး ၎င်းတို့သည် တိုင်းနှင့်ပြည်နယ် အသီသီးနှင့် သစ်တောရဲ၊ ရေနံရဲ စသည့် ရဲတပ်ဖွဲ့များသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ကြရတော့မည် ဖြစ်ကြောင်း သိရသည်။