ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ ဂိတ်မှတဆင့် သောင်းနှင့်ချီ၍ ပြန်လာနေကြကြောင်း မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) က ပြောသည်။
ထိုင်းအစိုးရက သင်္ကြန် ကာလ ပြန်ကြမည့် မြန်မာအပါအဝင် ၎င်းတို့နိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော လာအို၊ ကမ္ဘောဒီယား ရွှေ့ပြောင်း အလုပ်သမား များကို ဧပြီလ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ တရားဝင် ဝင်ထွက်ခွင့် တံဆိပ်တုံး ထုခ ကင်းလွတ်ခွင့်ပြုပြီးနောက် ပြန်လာနေကြခြင်းဖြစ်သည်။
JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး က “မနေ့ကထက် ၂ ဆခွဲ၊ ၃ ဆလောက်များတယ်။ ပြန်လာကြတာ ကြိတ်ကြိတ်တိုးပဲ။ မနေ့က ၅ ထောင်လောက် ပြန်လာကြတယ်။ ဒီနေ့ကတော့ ၁ သောင်းခွဲလောက်ရှိတယ်။ ဒါတောင် ဒီမနက်ပိုင်းမှာပဲရှိသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သင်္ကြန်ကာလ ပြန်လာကြသည့် မြန်မာအလုပ်သမားများမှာ ဘန်ကောက်၊ ချင်းမိုင် အပါအဝင် ထိုင်းနိုင်ငံ တဝန်းရှိ စားသောက်ဆိုင်၊ အထည်ချုပ်စက်ရုံ၊ ဈေးဆိုင်၊ ဆောက်လုပ်ရေး အပါအဝင် လုပ်ငန်းအသီးသီးတွင် အလုပ်လုပ်ကိုင် နေကြသူများဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရက သင်္ကြန်ကာလ ပြန်ကြမည့် ထိုင်းနိုင်ငံအတွင်းရှိရွှေ့ပြောင်း အလုပ်သမားများကို ဧပြီလ ၅ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တရားဝင် ဝင်ထွက်ခွင့် တံဆိပ်တုံး ထုခ ကင်းလွတ်ခွင့် ပြုရန် ယခုနှစ် မတ်လ ၂၇ ရက်နေ့က တရားဝင်ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားပေါ်မှတဆင့် တရားဝင် အထွက်တုံး ထု၍ ပြန်ကြသူများရှိသကဲ့သို့ မဲဆောက်မြို့နှင့် မြဝတီမြို့အကြားရှိ သောင်ရင်းမြစ်ဆိပ်များရှိ ဇီးတော၊ မိုးကုတ်၊ ထောင်းဒီး၊ သရက်ပင်၊ ကျောက်ဖျာ စသည့်ဂိတ်များ အပါအဝင် စုစုပေါင်း ကူးတို့ဂိတ် ၎င်းခုမှ တရားမဝင်ပြန်နေသူများလည်း တံတားပေါ်မှ တရားဝင် ပြန်သည့် ဦးရေနှင့် ဆတူနီးပါး ရှိကြောင်း ဦးမိုးကြိုးက ဆိုသည်။
ကူးတို့ဂိတ်များကို အသုံးပြု၍ ပြန်ကြသူများထဲတွင် အများစုမှာ တရားဝင် စာအုပ်စာတမ်းများဖြင့် ပြန်လာကြသူများ ဖြစ်ကြောင်း ထိုသို့ တရားဝင် အဝင်အထွက်တုံးများ မထုဘဲ ကူးတို့ဂိတ်များမှတဆင့် ပြန်ကြသဖြင့် ပြန်လာသည့် အခါတွင် တရားမဝင် အလုပ်သမားများ ဖြစ်သွားမည်ကို အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် အလုပ်သမား သံအရာရှိများက စိုးရိမ်နေကြသည်။
သင်္ကြန်ပြန်မည့် အလုပ်သမားများအနေဖြင့် ထိုင်းအစိုးရက တရားဝင်ခွင့်ပြုထားသည့် ရက်အတွင်း ပြန်လာကြရန်နှင့် တရားမဝင် ဂိတ်များပြန်ခြင်းများ မပြုလုပ်ရန် သတင်းထုတ်ပြန်၍ သတိပေးထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မဲဆောက် အခြေစိုက် အလုပ်သမား သံအရာရှိ ဦးအောင်ခင်မြင့် က ပြောသည်။
ဦးအောင်ခင်မြင့် က “တံတားပေါ်က ဖြတ်ရမယ့်ဟာကို မဖြတ်ဘဲနဲ့ အောက်ကနေ လှေနဲ့ကူးသွားတယ်။ ပြီးရင် ပြန်ဝင်လာတယ်။ ဝင်လာပြီးတော့ ပြန်တက်တဲ့အခါ လမ်းမှာ စစ်ဆေးတဲ့အခါမှာ အဝင်အထွက်တုံးတွေ မပါလာဘူးဆိုရင် ပေးမတက်တော့ဘူးပေါ့။ ဒါကြောင့် တံတားပေါ်ကနေပြီးတော့ဘဲဖြတ်ဖို့ အောက်လမ်းကနေမကူးဖို့ ပြောထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုကဲ့သို့ ကူးတို့ဂိတ်များကို အသုံးပြု၍ ပြန်သူများထဲ၌ တရားဝင်ချစ်ကြည်ရေး တံတားတွင် တန်းစီမစောင့်နိုင်၍ အလွယ်လမ်းမှ ပြန်သူများ ရှိသလို နှစ်နိုင်ငံ အစိုးရ၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို မရရှိခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောသည်။
ဦးမိုးကြိုး က “မဲဆောက်အထိ ပြန်လာနိုင်တယ်ဆိုကတည်းက အထောက်အားအပြည့်အစုံရှိလို့ ပြန်လာနိုင်တာဖြစ်တယ်။ အထောက် အထားရှိရဲ့သားနဲ့မှ အောက်ဂိတ်တွေက ပြန်သွားတယ်ဆိုတာ အလွယ်လုပ်လွန်းတယ်။ ပြန်လာတဲ့အခါ တရားမဝင် အလုပ်သမားတွေ ဖြစ်သွားမှာစိုးရိမ်တယ်။ အထူးသဖြင့် ပြည်နှင်ဒဏ် ၅ နှစ် ထိမှာ ကြောက်တယ်” ဟု ပြောသည်။
အိမ်ပြန်ရန် ပြင်ဆင်နေကြသည့် ထိုင်းနိုင်ငံတဝန်းရှိ မြန်မာအလုပ်သမားများ အနေဖြင့် ပတ်စ်ပို့ စာအုပ်ကြီး သို့မဟုတ် Certificate of Identity (CI) စာအုပ်နှင့် အတူ အလုပ်လုပ်ကိုင်ခွင့် (Work Permit)၊ သက်တမ်းရှိသော ဗီဇာတို့ကို တပါတည်း ယူဆောင်လာကြရန် အလုပ်သမား သံအရာရှိ ဦးအောင်ခင်မြင့်က သတိပေးသည်။
အဆိုပါ အထောက်အထား စာရွက်စာတမ်းများ တပါတည်း ယူဆောင်လာခြင်းမရှိပါက ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရနိုင်သလို ထိုင်းအစိုးရက တရားဝင် ခွင့်ပြုထားသည့် ရက်အတွင်း ပြန်လာကြရန် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်မှ ပြောပြချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်းကျော် ရှိပြီး တရားဝင် အထောက်အထားဖြင့် နေထိုင်သူများမှာ ၁.၇ သန်းရှိသည်ဟုဆိုသည်။ မြန်မာ အလုပ်သမားများ အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကတော့ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား စုစုပေါင်း ၃ သန်းကျော်ရှိသည်ဟု ဆိုသည်။