သတင်း

မကွေးတိုင်း လစ်လပ်ဝန်ကြီးနှစ်ဦး အစားထိုးခန့်အပ်

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း လစ်လပ်ဝန်ကြီး နှစ်နေရာအတွက် ဦးမြင့်ဆွေနှင့် ဦးဝင်းမော်ဌေး ဆိုသူ တို့ကို ခန့်အပ်ရန် ယနေ့ ပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

တိုင်းလွှတ်တော်မှ အတည်ပြုလိုက်သည့် ခရိုင်ပညာရေးမှူး (ငြိမ်း) ဦးမြင့်ဆွေသည် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး အဖြစ်လည်းကောင်း၊ အင်ဂျင်နီယာ တဦးဖြစ်သူ ဦးဝင်းမော်ဌေးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က “လွှတ်တော်မှာ ကျမ်းကျိန်ပြီးရင် တာဝန်ထမ်းဆောင်တော့မှာပါ၊ ပြန်ဆိုင်းငံ့ လိုက်တဲ့ တယောက်နဲ့ ပတ်သက်လို့က ပါတီစည်းကမ်း ထိန်းသိမ်းရေး ဘက်က တင်ပြတာတွေ ရှိလာတယ်၊ ဒါတွေကို စိစစ်ပြီး ဆိုင်းငံ့ခဲ့ရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဝန်ကြီးချုပ် အနေဖြင့် မူလအဆိုပြုထားသူ နှစ်ဦးထဲမှ ဦးမြင့်ဆွေ တဦးကိုသာ ဧပြီ ၅ ရက်နေ့က တိုင်းလွှတ်တော် အစည်းအဝေးတွင် အတည်ပြုစေခဲ့ပြီး ကျန်တဦးအား ပြန်လည်စိစစ်ရန် ဆိုင်းငံ့ခဲ့ကာ ယနေ့ကျင်းပသည့် လွှတ်တော် အစည်း အဝေးတွင်မှ ဆိုင်းငံ့ခဲ့သူနေရာ၌ ဦးဝင်းမော်ဌေးအား အစားထိုး၍ အဆိုပြုတင်ပြကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တောင်တွင်းကြီးမြို့နယ်၊ မဲဆန္ဒအမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းထွန်း က “ အခုအတည်ပြုလိုက်တဲ့ ဝန်ကြီးလောင်း နှစ်ဦးအပေါ် သေချာတောင် မမြင်ဖူးသေးတော့ သိပ်တော့ ပြောစရာ မရှိသေးဘူး၊ နောက်ပိုင်းတော့ လုပ်ဆောင်ချက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဘယ်လိုအခြေအနေရှိမလဲ စောင့်ကြည့်ရမှာပဲ” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက လစ်လပ်ခဲ့သည့် ဝန်ကြီးနှစ်နေရာအတွက် အစားထိုးခန့်အပ် ရန် ဝန်ကြီးချုပ်မှ ပထမဆုံးအကြိမ် လူပုဂ္ဂိုလ်နှစ်ဦးအား အဆိုပြုတင်ပြခဲ့ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်အချို့မှ ကန့်ကွက် ဆွေးနွေးရန် တင်ပြမှုများရှိခဲ့သဖြင့် အဆိုပြုထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

မကွေးတိုင်းအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည့် တိုင်းတတိုင်း ဖြစ်သော်လည်း လစ်လပ်ဝန်ကြီး နှစ်နေရာ ခန့်အပ်ရန် ၃ လနီးပါး ကြာမြှင့်ခဲ့ပြီး စုစုပေါင်း အဆိုပြုခံရသူ ၅ ဦး ရှိခဲ့သည့်အနက် အကြောင်း အမျိုးမျိုးကြောင့် ၃ ဦး ပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဟောင်း နှစ်ဦးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့် နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့၏ နှုတ်ထွက်စာ တင်ပြခဲ့မှု အပေါ် နိုင်ငံတော် သမ္မတရုံုးမှ ဇန်နဝါရီ ၁၀ ရက်နေ့တွင် အတည်ပြုကာ နှုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် – လစ်လပ်ဝန်ကြီးနေရာအတွက် ပါတီဝင်မဟုတ်သူနှစ်ဦးကို မကွေးဝန်ကြီးချုပ် အဆိုပြု

Did you find apk for android? You can find new Free Android Games and apps.
Loading