တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပတ်ဂွန်ဟေးအား အဂတိလိုက်စားမှုဖြင့် တရားရုံးက ယနေ့ ထောင်ဒဏ် ၂၄နှစ် ချမှတ်လိုက်သည်။
ယခုကဲ့သို့ ထောင်ဒဏ် စီရင်ချက်ချရန်အတွက် သမ္မတဟောင်း ပတ်ဂွန်ဟေးကို ၁၀လထက်မနည်း စစ်ဆေး ကြားနာခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှု အပါအဝင် ရာဇဝတ်မှုဆိုင်ရာ စွဲချက်မျိုးစုံဖြင့် ပြစ်မှုထင်ရှား ကြောင်း စစ်ဆေးတွေ့ရှိ၍ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သည်။
ထိုသို့ ထောင်ဒဏ်ချမှတ်ခံရသည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဟူသည့် ဂုဏ်သိက္ခာ မှာလည်း အများပြည်သူ၏ ဒေါသအမျက်နှင့် လှောင်ပြောင်ကဲ့ရဲ့မှု အောက်တွင် ပြားပြားဝပ်ခဲ့ရပြီဟု သတင်းများက ရေးသားသည်။
တရားသူကြီး ကင်စီယွန်းက စီရင်ချက်တွင် “လာဘ်ပေး လာဘ်ယူမှု ပမာဏမှာ ကိုရီးယား ဝမ်ငွေ ၂၃ဘီလျှံ (အမေရိ ကန်ဒေါ်လာ ၂၁.၇သန်း)ကို သူမ၏ လျှိုဝှက်လူယုံ မိတ်ဆွေဖြစ်သည့် ချိုင်စွန်စဲ နှင့်အတူ ငွေများ ပူးပေါင်းတောင်ခံခြင်း၊ လက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သူမ၏ မိတ်ဆွေဖြစ် သူ ချိုင်စွန်စဲ၏ ထွက်ချက်ကို ကိုးကား၍ ထည့်သွင်းပြောသည်။
“ယင်းစွဲချက်အရ ထောင်ဒဏ် ၂၄ နှစ်နှင့်ဒဏ်ကြေး ဝမ်ငွေ ၁၈ ဘီလီယံပေးဆောင်ရန် ကျွနု်ပ်အမိန့်ချ မှတ်လိုက်သည်” ဟု ပါရှိသည်။
အသက် ၆၆ အရွယ်ရှိ သမ္မတဟောင်း ပတ်ဂွန်ဟေးသည် အမှုရင်ဆိုင်နေစဉ်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသဖြင့် တရားခွင်တွင် ကြိမ်ဖန်များစွာ ဆန္ဒပြခဲ့သည်။ သောကြာနေ့က ရုပ်သံလိုင်းမှ တိုက်ရိုက်လွှင့်ပေးသည့် တရားစီရင်နေစဉ် အတွင်း သူမသည် ရုံးတော်တွင် ရှိမနေဘဲ ရှားရှားပါးပါး ရွှေ့ပြောင်းချုပ်နှောင်ထားခြင်းခံထားရသည်။
သမ္မတ ပတ်ဂွန်ဟေးသည် တောင်ကိုရီးယား အာဏာရှင် ပတ်ချုံဟီး၏ သမီးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ သမ္မတအဖြစ် ရွေး ကောက်ခံခဲ့ရပြီးနောက် ယခုနှစ်မတ်လအတွင်း အဂတိလိုက်စားမှုနှင့် အာဏာ အလွဲသုံးမှု စွပ်စွဲချက်တွေ ပေါ်ထွက်လာပြီး သန်းနှင့်ချီသည့် လူထုဆန္ဒပြပွဲများ ဖြစ်လာ၍ သမ္မတ ရာထူးက နှုတ်ထွက်ရရုံသာမက ဖမ်ဆီးခြင်းခံခဲ့ရသည်။
သမ္မတဟောင်း ပတ်ဂွန်ဟေး၏ လူယုံမိတ်ဆွေ ချိုင်စွန်စဲသည် ငယ်သူငယ်ချင်းဖြစ်ပြီး၊ ပတ်ဂွန်ဟေး အနေဖြင့် ချိုင်စွန်စဲကို သမ္မတအဆင့်အတန်းအရ နိုင်ငံတော်က ပေးထားသည့် လုံခြုံရေးများကို အတားအဆီးမရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုခြင်း၊ မိန့်ခွန်းတည်းဖြတ်မှု၊ အဆင့်မြင့်အရာရှိကြီးများ ချိန်းဆိုမှု စသည့်နိုင်ငံတော်အရေးကိစ္စများတွင် ချောင်က အခွင့်မရှိဘဲ စွက်ဖက်ခြင်းစသည့် ပြစ်ချက်များရှိခဲ့သည်။
ထိုသို့ မျက်နှာသာပေးမှု အပေါ် ချိုင်စွန်စဲက အမြတ်ထုတ်ခဲ့သည့်အတွက် အဂတိလိုက်စားခြင်း အရှုပ်တော်ပုံဖြစ်လာခြင်း ဖြစ်သည်။
ချိုင်စွန်စဲသည်လည်း ပတ်ဂွန်ဟေးနည်းတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထောင်ဒဏ်နှစ် ၂၀ စီရင်ခြင်းခံခဲ့ရပြီဖြစ်သည်။