လွန်ခဲ့သည့် ၅ နှစ်က ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ အင်ခါဂါးကျေးရွာအတွင်း တိုက်ပွဲများ ဖြစ်ပွားစဉ် စစ်ဘေးရှောင်ခဲ့ရသည့် ဒေသခံ ဦးရေ ၄၀ ခန့်ကို စားနပ်ရိက္ခာ ထောက်ပံ့ခဲ့သည့် သင်းအုပ်ဆရာဟောင်း ဦးမင်ဆိုင်းအား မတရားအသင်းမှ ရိက္ခာကို ယူပြီးထောက်ပံ့သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တပ်မတော်က ယနေ့တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။
ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းလွင်က “ တပ်မတော် အမှတ် တပ်ရင်း ၄၆ က တရားလို လုပ်ပြီး အမှုဖွင့်တာပါ။ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ပါ။ ဒီနေ့ ရုံးထုတ် ရမန်ယူပါတယ်။ ဒါပါပဲ”ဟု ပြောသည်။
မချမ်းဘောမြို့ရဲစခန်းမှ ပြောဆိုချက်အရ ဦးမင်ဆိုင်းကို ၁၇(၁)ဖြင့် တရားစွဲဆိုရသည်မှာ ပူတာအိုခရိုင် အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဆက်စပ်နေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
ဒုရဲမှူးထွန်းလွင်က “ သူက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းပေးဆောင်ရွက်တာ ဖြစ်တယ်လို့ တိုင်တန်းထားတာပါ”ဟု ပြောသည်။
မိသားစုဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပြောဆိုချက်အရ တပ်မတော်က ဦးမင်ဆိုင်းကို တရားစွဲဆို ရသည်မှာ ၂၀၁၃ ခုနှစ်က မချမ်းဘော့မြိုနယ်နှင့် ၄ မိုင်ခန့် ရေလမ်းခရီးကွာဝေးသည့် အင်ခါဂါးကျေးရွာတွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားရာ ပြေးလာကြသည့် ဒေသခံ ဦးရေ ၄၀ ခန့်ကို ဦးမင်ဆိုင်းက စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ကြောင်း၊ ထိုထောက်ပံ့ခဲ့သည့် ရိက္ခာများမှာ KIA ထံမှ ရသည့် ရိက္ခာများ ဖြစ်သည်ဟု တပ်မတော်က ပြောဆိုကြောင်း သိရသည်။
ဦးမင်ဆိုင်းကို ဧပြီလ ၅ ရက်၊ မနက်ပိုင်းက တပ်ရင်း ၄၆ မှ တပ်မတော်သား နှစ်ဦးက အရပ်ဝတ်ဖြင့် ပူတာအိုမြို့ရှိ နေအိမ်သို့ လာရောက်မေးမြန်းကြောင်း၊ ဦးမင်ဆိုင်းနှင့် တွေ့ရာ ရဲများ ဖမ်းဆီးဖို့ လာနေပြီဖြစ်သဖြင့် အပြစ်လုပ်ထားပါက ပြေးရန် ပြောဆိုရာ ဦးမင်ဆိုင်းက အပြစ်မလုပ်ထားပါဟု ဆိုပြီး အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
ပူတာအိုရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး မချမ်းဘော့မြို့ရဲစခန်းသို့ လွှဲပြောင်းကာ တပ်မတော်၏ တပ်ရင်း ၄၆ က အမှုဖွင့်ကာ ဧပြီလ ၆ ရက်မနက်ပိုင်းတွင် တရားရုံးထုတ်၊ ရမန်ယူပြီး ပူတာအိုအကျဉ်းထောင်သို့ ပို့လိုက်ပြီ ဟု သိရသည်။
တရားစွဲဆိုခံရပြီး လက်ရှိတွင် ပူတာအိုအကျဉ်းထောင်ထဲ ရောက်ရှိနေသည့် ဦးမင်ဆိုင်းသည် အင်ခါဂါးကျေးရွာ သား တဦးဖြစ်ပြီး အင်ခါဂါးကျေးရွာအတွင်း တိုက်ပွဲများ ဖြစ်ပွားသည့် ၂၀၁၃ ခုနှစ်က ၎င်းသည် ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်( KBC)မှ တရားဟောသည့် ဘာသာရေးဆရာတဦးလည်း ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ သြဂုတ်လအတွင်း တိုက်ပွဲများ ဖြစ်ပွားရာ ဦးမင်ဆိုင်းနှင့် ဒေသခံများသည် တောတွင်းသို့ ဘေးလွတ်ရာ ပြေးကြရာ ဒေသအာဏာပိုင်များက KIA နှင့် ပူးပေါင်းသည်ဟု စွပ်စွဲသည်လည်း ရှိခဲ့ပြီး ဦးမင်ဆိုင်းက စစ်ဘေးရှောင်များကို စားနပ်ရိက္ခာ ဆန်နှင့် ပဲများ ထောက်ပံ့ပေးခဲ့သည်။
ဦးမင်ဆိုင်း၏ ဇနီးဖြစ်သူ ဒေါ်ဆိုင်းမွန်းက “စားနပ်ရိက္ခာပို့တဲ့ ကိစ္စက ကျမအသိဆုံးပါ။ သူ့မိဘ၊ မောင်နှမ၊ ရွာသားတွေအားလုံး အဲဒီမှာ ရှိနေတယ်။ သူက အဲဒီတုန်းက အင်ခါဂါးက တရားဟောဆရာပါ။ သူ့အသင်းသား တွေ ရွာသားတွေ ဒုက္ခရောက်နေလို့ ကျမတောင် အိတ်စိုက်ပြီး ရိက္ခာတွေ ပို့ခဲ့ရတာပါ။ အဲဒီအကြွေးကို ကျမ ၅လလောက် ဆပ်ခဲ့ရတာ။ KIAကနေ ဘာအကူအညီထောက်ပံ့တာမှ မယူခဲ့ဘူး” ဟု ပြောသည်။
ဒေါ်ဆိုင်းမွန်းသည် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမ တဦးဖြစ်ပြီး ၎င်းအနေဖြင့် အစိုးရ ဝန်ထမ်း ဖြစ်သဖြင့် အမျိုးသား ဖြစ်သူကို KIA နှင့် ပတ်သက်ခြင်းမရှိကြောင်း၊ KIA နှင့် ပတ်သက်ရန်လည်း လက်ခံမည့်သူ မဟုတ်ကြောင်း ငြင်းဆိုသည်။
ဦးမင်ဆိုင်း၏ ဇာတိရွာ ဖြစ်သည့် အင်ခါဂါးကျေးရွာအတွင်း ၂၀၁၅ ခုနှစ်က ဒေသခံများ ပူတာအိုမြို့သို့ ထွက်ပြေးလာပြီး ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်ရှိ KBC ခြံဝင်းအတွင်း စစ်ဘေးရှောင် ဒုက္ခသည် များအဖြစ် ယနေ့ထိ ခိုလှုံနေရဆဲ ဖြစ်ပြီး လက်ရှိတွင် ရွာမှာ ပျက်စီးသွားပြီဖြစ်သည်။
အင်ခါဂါးကျေးရွာဒေသခံများကို ဧရာဝတီက မေးမြန်းကြည့်ရာ ၂၀၁၃ ခုနှစ်တွင် တပ်မတော်က ဒေသခံ ရွာသား ၈ဦးကို ၄ ရက်ကြာ ဖမ်းဆီးပြီး ဖမ်းထားစဉ် တလျောက်လုံး မျက်လုံးများကို ပိတ်စနီဖြင့် ပတ်ကာ ပိတ်ထား သည်ဟု ပြောသည်။
ထို့ပြင် စိတ်မနှံ့သူ တဦးအပါအဝင် အခြားရွာသား ၂ ဦး၊ စုစုပေါင်း ၃ ဦးကိုလည်း ဖမ်းဆီးပြီး KIA နှင့် ပတ်သက်သည်ဟု ဆိုကာ တပ်မတော်သား များက သတ်ထားသည်ဟု အင်ခါဂါးကျေးရွာဒေသခံများက ပြောသည်။
ဒေသခံတဦးက “အဲဒီတုန်းက သင်းအုပ်ဆရာတွေကိုလည်း အကုန်ဖမ်းပြီး ရိုက်ပြီး စစ်တာ။ သင်းအုပ်ဆရာ တယောက်ဆို သူတို့ရိုက်ထားလို့ အခုထိ လမ်းမလျှောက်နိုင်တော့ဘူး။ အခု သူရှိပါတယ်။ ခုထိ သူလမ်းမလျှောက်နိုင်ပဲ ရှိနေသေးတယ်”ဟု ပြောသည်။
ထိုစဉ်က ဦးမင်ဆိုင်းသည်လည်း KIA နှင့် ဆက်စပ်သူဟု သတင်းပြန့်နေသဖြင့် အခြားမြို့ရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
ဒေါ်ဆိုင်းမွန်းက “စစ်ဖြစ်တုန်းက ဘာသာရေးနဲ့ သင်းအုပ်ဆရာတွေက ရွာသားတွေကို ကာကွယ်တယ်။ နေထိုင်ဖို့ လုပ်ပေးတယ်။ဘယ်အကူအညီမှ မယူပဲ ကူညီခဲ့ကြတာကို အသက် ၆၀ ကျော် သင်းအုပ်ဆရာကို သွေးထွက်သံယို နှိပ်စက်လို့ အခုလမ်းတောင် မလျှောက်ရဘူး။ ကျမ အမျိုးသားသာ အဲဒီချိန်တုန်းက မပြေးခဲ့ရင် အသတ်ခံရမှာ” ဟု ပြောသည်။
၂၀၁၆ ခုနှစ်အတွင်းကလည်း ပူတာအိုခရိုင်အတွင်း ဘာသာရေးဆရာများနှင့် သင်းအုပ်ဆရာများက KIA ကို စစ်သားစုဆောင်းပေးနေသည်ဟုဆိုကာ ဒေသအာဏာပိုင်များက ပြောဆိုသဖြင့် ဘာသာရေးဆရာအချို့ တိမ်းရှောင်ခဲ့ရဖူးသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ပူတာအိုနယ်မြေထဲမှာ KIA တွေ မစည်းရုံးနိုင်အောင် မဝင်အောင် ပြည်သူ လူထုကို ကြောက်အောင် အခုလို သင်းအုပ်ဆရာတွေ ရွာက လူကြီးတွေကို ဖမ်းတာနေမှာလို့ ကျနော် မြင်ပါတယ်။ ကျနော်တို့က ဘာသာရေးအသင်းအဖွဲ့တွေကို လူစု ခိုင်းတာ ကူညီခိုင်းတာ မရှိပါဘူး”ဟု ပြောသည်။
ဦးမင်ဆိုင်းသည် ၂၀၁၅ ခုနှစ်တွင် ဘာသာရေးဆရာတာဝန်ကို မယူတော့ဘဲ လယ်ယာမြေနှင့် ပတ်သက်ပြီး ပြည်သူလူထု ကို ဥပဒေရေးရာ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ သင်ကြားပေးပြီး စစ်တမ်းများ ကောက်ယူသည့် Nam Shani အမည်ရှိ အရပ်ဖက်အဖွဲ့အစည်းတခုကို ဦးဆောင်ဖွဲ့စည်းထားသည်။ သူသည် ပူတာအိုခရိုင်အတွင်း လယ်ယာမြေသိမ်းဆည်းခံထားရသူများ လယ်ယာမြေပြန်လည် ရရှိရေး တွင်လည်း အကူအညီပေးနေသူ တဦးဖြစ်သည်။
ဦးမင်ဆိုင်း၏ မိသားစုဝင်များက တရားစွဲဆိုခံရခြင်းသည် တရားမျှတမှု မရှိသဖြင့် ဦးမင်ဆိုင်းကို ပြန်လွှတ်ပေးစေ လိုသည်ဟု ပြောဆိုကြသည်။