တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နှင့် အစိုးရတို့ သင်္ကြန်အပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
PPST တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ ပါဝင်ကြသည်။
PPST က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၈ ခုနှစ်၊ ဧပြီ ၅ ရက်မှ ၆ ရက်ထိ ကျင်းပနေသော အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးရေးအဖွဲ့နှင့် လုံခြုံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးရေးအဖွဲ့တို့အား ဖွဲ့စည်းထားကြောင်း ဆိုသည်။
PPWT ညှိနှိုင်းရေးတာဝန်ခံ ဆလိုင်းထလာဟေးက “ လုံခြုံရေးကဏ္ဍနဲ့ နိုင်ငံရေး ကဏ္ဍကိုလည်း အစိုးရနဲ့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးနိုင်အောင် ညှိနှိုင်းထားတာ သဘောတူပြီးသား ဖြစ်တယ်။ ဒါပေမယ့် အခုက သင်္ကြန်ကာလ လည်း ဖြစ်တယ်ဆိုတော့ သင်္ကြန်ပြီးပြီချင်းပေါ့။ PPST အနေနဲ့ အလွတ်သဘော ဆွေးနွေးရေး အဖွဲ့ ၂ ဖွဲ့ကို ခွဲထားပါတယ်။ ပထမကတော့ နိုင်ငံရေးကဏ္ဍအလွတ်သဘော ဆွေးနွေးရေးအဖွဲ့၊ ဒုတိယကတော့ လုံခြုံရေး ကဏ္ဍ အလွတ်သဘော ဆွေးနွေးရေးအဖွဲ့၊ အဲဒီ အဖွဲ့တွေနဲ့ အစိုးရကတော့ ဘယ်လို ပုံစံမျိုး လာမလည်း မသိဘူး။ ဒါပေမယ့် အစိုးရ ကိုယ်စားလှယ်တွေနဲ့ သင်္ကြန်ပြီးတဲ့ နောက်ပိုင်း တွေ့ဖို့ အစီအစဉ်ရှိပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ထို့သို့ အစိုးရနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးရခြင်းအကြောင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် ကျင်းပစဉ်က လုံခြုံရေးကဏ္ဍတွင် အခက်အခဲများ ဖြစ်ပေါ်သလို နိုင်ငံရေးကဏ္ဍမှာလည်း ဆွေးနွေး၍ ခက်ခဲသော အချက်များ ရှိခဲ့ခြင်းကြောင့်ဟု ၎င်းက ဆိုသည်။
သင်္ကြန်အပြီး အစိုးရနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမည့် အချိန်တွင် နိုင်ငံရေး ကဏ္ဍ အလွတ်သဘော ဆွေးနွေးရေးအဖွဲ့နှင့် လုံခြုံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးရေးအဖွဲ့တို့ကို ထပ်မံ ဖွဲ့စည်းကာ ဆွေးနွေးသွားမည်ဟု PPST က ချမှတ်ခဲ့သော်လည်း အဆိုပါ တွေ့ဆုံမှုတွင် အစိုးရဘက်မှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အနေ ဖြင့် သို့မဟုတ် ငြိမ်းချမ်းရေးကော်မရှင်(PC)အနေဖြင့် တွေ့ဆုံမည်လား ဆိုခြင်းမှာ မသိရသေးပေ။
PPST တွင် KNU ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ နေပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကမူ ဒုအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။
၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်က NCA ကို လက်မှတ်ထိုးခဲ့သော မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ကိုလည်း PPST အဖွဲ့ဝင် အဖြစ် ပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသ ည်။
လက်ရှိ အချိန်သည် NCA လက်မှတ်ထိုးထားသော အဖွဲ့များတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိသည့် အခက်အခဲများ အပါအဝင် အပစ်မရပ်ရသေးသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေပြီး အပစ်ရပ် စာချုပ် လက်မှတ်ထိုးထားသော ရှမ်းပြည်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်မြောက်ပိုင်းတွင်ပါ ရင်ဆိုင်ထိတွေ့မှုများ ဖြစ်ပွားလာသော အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။