တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNU/KNLA) တို့အကြား ပဋိပက္ခဖြစ်ပွားနေသည့် ဖာပွန်ခရိုင် လယ်မူပလောကျေးရွာမှ ရပ်ရွာခေါင်းဆောင်တဦးဖြစ်သူ စောအိုမူးဟာ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ သွားရောက်ပြီး အပြန်မှာ ပစ်ခတ်ခံရပြီးနောက် ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှု ကွန်ရက် (KESAN) အဖွဲ့က “ဆိုုင်ကယ်နဲ့ ပြန်ကြတာမှာ အစိုးရစစ်တပ်က ပစ်လို့ သူ့ဆိုုင်ကယ်လဲသွားတော့ သူ့သူငယ်ချင်း (နောက်က ထိုုင်သူ) လည်း ထွက်ပြေးခဲ့တယ်။ သူက ဆိုုင်ကယ်မောင်းတဲ့လူ။ မနေ့က သွားပြန်ကြည့်တော့ ဆိုင်ကယ်လဲ နေတဲ့အနား သူလည်း လဲနေတာ တွေ့ပေမယ့် စစ်သားတွေ ဝိုုင်းနေလို့ ရွာသွားတွေ သွားမကူရဲဘူး။ ဒီမနက်လည်း အဲဒီနေရာကိုု သွားကြည့်တော့ အဝေးကပဲ ကြည့်နေရတယ်။” ဧရာဝတီကို ပြောပါတယ်။
လယ်မူပလောဒေသဟာ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တပ်မတော်နဲ့ KNU/KNLA တပ်တွေအကြား လမ်းဟောင်း ပြန်ဖောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာက တပ်မတော် တပ်ရင်းတွေ ရွာထဲမှာ လာရောက် တပ်စွဲထားတယ်လို့ သိရပါတယ်။
အသက် ၄၂နှစ် ရှိပြီဖြစ်တဲ့ စောအိုမူးဟာ ကလေး ၇ဦး ဖခင်ဖြစ်ပြီး၊ ရပ်ရွာအရေးမှာလည်း တက်တက်ကြွကြွ ဆောင်ရွက် သူဖြစ်ပါတယ်။ နယ်ခံဖြစ်တဲ့အတွက် ဒေသကိုလည်း ကျွမ်းကျင်ပြီး သူသာ သက်ရှိထင်ရှား ရှိနေမယ်ဆိုရင် အိမ်ပြန်ရောက် နေမှာဖြစ်ပေမယ့်၊ ပျောက်ဆုံးနေတာ ၂ရက်ရှိပြီ ဖြစ်တဲ့အတွက် ဒေသခံတွေကတော့ သေဆုံးသွားပြီလို့ ယူဆနေကြ ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – ဖာပွန်ဒေသ ပဋိပက္ခ KNU နှင့် ညှိနှိုင်းရန် တပ်မတော်ဘက်က ရက်ရွှေ့ဆိုင်း