သတင်း

လုံခြုံရေးကောင်စီကို လာခွင့်ပြု၊ အချိန်နှင့်နေရာ သတ်မှတ်မည်

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို လအတန်ကြာပိတ်ဆိုခဲ့ပြီးနောက် မြန်မာအစိုးရသည် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံသို့ လာရောက်ရန် ခွင့်ပြုလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ လာရောက်ခြင်းကို အစိုးရက သဘောတူလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဧပြီလ ၆ ရက်နေ့တွင် ဧရာဝတီသတင်းဌာနသို့အ တည်ပြုပြောကြားသည်။ သို့သော်အရေးပါသောအသေးစိတ်များဖြစ်သည့် မည်သည့်အချိန်တွင် မည်သည့်နေရာသို့ သွားမည်ကို မစီစဉ်ရသေးကြောင်းနှင့် ကုလသမဂ္ဂရှိ မြန်မာသံအမတ်သည် ထိုအသေးစိတ်များ ညှိနှိုင်းရန် တာဝန်ယူမည်ဖြစ်ကြောင်း သူက ပြောသည်။

“သူတို့ ဒီကိုလာဖို့ ပြီးခဲ့တဲ့လက အဆိုပြုခဲ့တယ်။ ကျနော်တို့ သဘောတူလိုက်တယ်” ဟု ဦးမြင့်သူက ပြောသည်။

ထိုခရီးစဉ်တွင် အိမ်နီးချင်းနိုင်ငံများ၊ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်များနှင့် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ စင်္ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် သိရသည်။

လုံခြုံရေးစခန်း အများအပြားကို စစ်သွေးကြွ တိုက်ခိုက်မှုကြောင့် နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများ စတင်ချိန်မှစပြီး ကုလသမဂ္ဂသည် မြန်မာနိုင်ငံသို့ လာရောက်ခွင့်တောင်းသည်။ ထိုစစ်ဆင်ရေးများအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များက မီးရှို့၊ သတ်ဖြတ်၊ အဓမ္မပြုကျင့်သည်ဟူသော သတင်းများထွက်ပေါ်လာပြီး မွတ်စလင် ၇၀၀၀၀၀ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ ထိုဖြစ်ရပ်ကို ကုလသမဂ္ဂက လူမျိုးစုသုတ်သင်ခြင်းဟု စွပ်စွဲပြီး တပ်မတော်က ထိုစွပ်စွဲချက်ကို ငြင်းသည်။

ထိုစွပ်စွဲထားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ အဖွဲ့တဖွဲ့စေလွှတ်လိုသည်။ ထိုဒေသသည် မလုံခြုံကြောင်းပြောပြီး မြန်မာနိုင်ငံက အကြိမ်ကြိမ်ငြင်းခဲ့သည်။

ယခုအခါ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကုလသမဂ္ဂ၏ တောင်းဆိုမှုကို အစိုးရက ဖြည့်ဆည်းပေးမည်ဟု ဆိုသည်။

“ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ သူတို့ကို လက်ခံပြီး သူတို့ခရီးစဉ်ကို ကူညီမယ်။ သူတို့ခရီးစဉ်ကို အကောင်းဆုံးကူညီဖို့ ကြိုးစားမယ်။ သူတို့ရဲ့တောင်းဆိုမှုကို အခြေခံပြီးတော့ ဘယ်တော့လာမလဲ၊ ဘယ်သူနဲ့တွေ့မလဲ ညှိမယ်” ဟု ဦးမြင့်သူက ပြောသည်။

ထိုကိုယ်စားလှယ်များသည် ဒုက္ခသည် အများစုရှိရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်သည်။

လူကယ်ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သော မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကလည်း ဒုက္ခသည်များနှင့် တွေ့ဆုံပြီး လတ်တလော အစိုးရလုပ်ဆောင်နေသော ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်များအား ရှင်းပြနိုင်မည်ဟု မျှော်လင့်နေကြပုံရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading