ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဖြတ်သန်းသည့် လမ်းကြောင်းတွင် ကျရောက်သွားသည့် မြေယာလျော်ကြေးအား ဧပြီလ ၇ ရက်နေ့မှ စတင်ကာ ၁၀ ရက်အတွင်း ဖြေရှင်းပေးရန် ရခိုင်ပြည်နယ် အမ်းဒေသခံများက တောင်းဆိုထားကြောင်း သတင်း ရရှိသည်။
အဆိုပါ မြေယာလျော်ကြေးများ ရရှိရန်အတွက် နစ်နာသော အမ်းဒေသခံ တောင်သူများသည် ဧပြီလ ၇ ရက်နေ့က ၎င်းမြို့နှင် ၁၀ မိုင်ခန့်ကွာဝေးသည့် CNPC ရုံးရှိရာသို့ CNPC တရုတ်ကုမ္ပဏီနှင့် MOGE မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ကို အလိုမရှိ၊ ပိုက်လိုင်းကြောင်းပေါ်မှ ဒေသခံများ၏ နစ်နာကြေး အပြည့်အဝ ရရှိရေး စသည့် ကြွေးကြော်သံဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဆန္ဒပြပွဲ ပြီးသည့် အချိန်တွင် ဆန္ဒပြဒေသခံများက တာဝန်ရှိသူများက ၁၀ ရက်အတွင်း ဖြေရှင်းပေးရန် တောင်းဆိုထားခဲ့ပြီး တောင်းဆိုချက်အတိုင်း တုန့်ပြန် ဖြေရှင်းပေးခြင်း မရှိပါက ကျိန်စာတိုက်ပွဲကို အချိန်မြှင့် လုပ်ဆောင်သွားရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ဆန္ဒပြပွဲ ဦးဆောင်သူ အမ်းမြို့နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောသည်။
ဦးမျိုးလွင်က “ကျနော်တို့ CNPC ရုံးရှေ့ကို ချီတက်ပြီး ဆန္ဒပြတယ်။ ဒါပေမယ့် ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေက တစုံတရာ ညှိနိုင်းလာတာ မရှိဘူး။ အဲဒါနဲ့ ကျနော်တို့ ဆုံးဖြတ်ချက် တခုချခဲ့တယ်။ ၁၀ ရက်အတွင်း ဖြေရှင်းပေးပါ။ အဲဒီကာလအတွင်း မပေးဘူးဆိုရင် ကျိန်စာတိုက်ပွဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပိုက်လိုင်းစီမံကိန်းဖြတ်သန်းမှုကြောင့် အမ်းမြို့နယ်အတွင်းက ရခိုင်တိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများ လုပ်ကိုင်စားသောက်သော လယ်မြေများ၊ ဥယျဉ်ခြံမြေများ၊ ရွာပိုင် မြေများ ပါရှိသွားပြီး တရုတ်ကုမ္ပဏီနှင့် တာဝန်ရှိသူများက အစောပိုင်းတွင် မြေယာလျော်ကြေးများ ပေးအပ်မှု တချို့ရှိခဲ့သော်လည်း အမှန်တကယ် လုပ်ကိုင်စားသောက်သည့် ဒေသခံများမှာ လျော်ကြေး ရရှိခြင်း မရှိသလို မြေယာပိုင်ဆိုင်မှု အထောက်အထား မရှိဟုဆိုကာ မြေယာ အများစုကိုလည်း လျော်ကြေးပေး ဆောင်ခြင်း မရှိကြောင်းလည်း အမ်းဒေသခံများက ပြောသည်။
ယင်းသို့ အမ်းဒေသခံများ၏ ဆန္ဒပြပွဲကို မြို့နယ်ရဲတပ်ဖွဲ့ရုံးတွင် ခွင့်ပြုချက် ရယူပြီး ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် မတ်လ ၂၂ ရက်နေ့ကလည်း ယင်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၉ အုပ်စုမှ နစ်နာသည့် ပြည်သူများ စုပေါင်ပြီး မြို့ပေါ်လမ်းတလျောက်လှည့်လှည်ကာ မြေယာလျော်ကြေးကိစ္စအား ဖြေရှင်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။