၂၀၁၈ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်မဏ္ဍပ် အပါအဝင် မဏ္ဍပ်များ ဆောက်လုပ်ရန် ခွင့်ပြုထား သော်လည်း ရေရှိမှု အခက်အခဲကြောင့် လျှောက်ထားသူ ဦးရေ နည်းပါးကြောင်း မဏ္ဍပ် ဆောက်လုပ်သည့် အဖွဲ့ များထံမှ သိရသည်။
ရန်ကုန်မြို့တွင်း မဏ္ဍပ်ဆောက်လုပ်သူ ကိုဇော်ဇော်က “တချို့နေရာတွေကျတော့ ရေ အဆင်မပြေဘူး။ သူတို့ချပေးတဲ့ နေရာ က ရေစို့မရှိတာပေါ့။ ဥပမာ ဟိုးအရင်နှစ်တုန်းကလို ကန်တော်ကြီးဇောင်းမှာ မဏ္ဍပ်ချပေးရင် ရေရှိတယ်။ ကမ္ဘာ အေးမှာ ချပေးရင် ကန်တော်ကြီးထဲက ရေစုပ်ယူရုံပဲ။ အခုက ပြည်လမ်းတလမ်းပဲ ပေးတာလေ။ အနီးဆုံးက အင်းလျားကန် က စုပ်ယူရုံပဲ တခြား နေရာတွေကျတော့ ရေကို စုပ်ယူဖို့ တော်တော်ခက်တယ်”ဟု ပြောသည်။
ယခုနှစ်အတွက် မဏ္ဍပ်ချထားပေးမှုမှာ အချိန်စော၍ ချထားပေးခြင်းကြောင့် အဆင်ပြေကြောင်း တချို့ မဏ္ဍပ် ဆောက်လုပ် ရေး အဖွဲ့များမှာ ရေအဆင်မပြေဖြစ်သဖြင့် လျှောက်ထားမှု နည်းသွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ် ၉၅ ခု ဆောက်လုပ်ခွင့်ပြု ပေးခဲ့သော်လည်း ပုဂ္ဂလိက မဏ္ဍပ်အကြီး ၁၉ ခု၊ မဏ္ဍပ်အလတ် ၁၂ ခု လျှောက်ထားလာခြင်း အတွက် ခွင့်ပြုပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန် ကျင်းပမည့် နေရာ ၃ ခု အပါအဝင် အစိုးရဌာန ဆိုင်ရာ များက မဏ္ဍပ် စုစုပေါင်း ၃၂ ခု ရှိသောကြောင့် ပုဂ္ဂလိကနှင့် အစိုးရ မဏ္ဍပ် စုစုပေါင်းမှာ ၆၆ ခု ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အင်ဂျင်နီယာဌာန (လမ်း/တံတား) မှသိရသည်။
သို့သော် ကမ္ဘာအေး ဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျား လမ်းကြား) တို့တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုဟု ဆိုသည်။
YCDC အင်ဂျင်နီယာ ဌာန(လမ်း/တံတား) မှ တာဝန်ရှိသူ တဦးက “ကျနော်တို့ လျာထားတာက မဏ္ဍပ် ၉၅ ခုလောက် ဆောက်လို့ ရတာဖြစ်တယ်။ ဆောက်တဲ့သူတွေက သတ်မှတ်ထားတဲ့ နေရာကို မလျှောက်ဘူး။ ဒါကြောင့် ပေးထားတဲ့ မဏ္ဍပ် ဆောက်တဲ့သူက နည်းတယ်။ ဒီနှစ်ကတော့ လမ်းလျှောက် သင်္ကြန်နဲ့ စတုဒိသာ ကျွေးမယ်ဆိုုပြီး အလှူရှင်တွေက လာ စာရင်းပေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လမ်းလျှောက် သင်္ကြန် ကျင်းပမည့် နေရာသည် မဟာဗန္ဓုလ ပန်းခြံ၊ ကန်တော်ကြီး မြေပဒေသာကျွန်းနှင့် ကန်တော်မင်္ဂလာ ပန်းခြံတို့ ဖြစ်ပြီး သခင်မြပန်းခြံ တို့တွင် စတုဒီသာ ကျွေးမွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောပြသည်။
“မနှစ်ကတော့ မဏ္ဍပ်အကြီးကို ပေ ၁၂၀ အထိပဲ ခွင့်ပြုတယ်။ ဒီနှစ်ကတော့ ပေ ၁၅၀ အထိ တိုးပြီး ခွင့်ပြုတယ်။ မဏ္ဍပ် အလတ်ကို မနှစ်ကဆိုရင် ပေ ၁၀၀ အထိခွင့်ပြုတယ်။ ဒီနှစ်ကတော့ ပေ ၁၁၀ အထိ ခွင့်ပြုတယ်။ မဏ္ဍပ်တွေ တည် ဆောက်မှု မပြီးလို့ ပြန်သိမ်းတာတော့ မရှိဘူး။ ဒီနှစ်မှာတော့ သင်္ကြန်မဏ္ဍပ် ဆောက်တာကို ဧပြီလ ၁၀ ရက် နောက်ဆုံးထား ဆောက်ရ မှာ ဖြစ်တယ်” ဟု လမ်း/တံတား တာဝန်ရှိသူ က ပြောသည်။
လက်ရှိတွင် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိပြီး မဏ္ဍပ်ကြံ့ခိုင်မှု အပိုင်းကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း/တံတား) မှ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြော သည်။
စီးပွားဖြစ် ဖျော်ဖြေရေး မဏ္ဍပ်များတွင် မဏ္ဍပ်ထိုင်ခြင်း၊ ရေကစားခြင်းများ ပြုလုပ်မည်ဆိုလျှင် လက်မှတ်ခ အနေနှင့် တဦး အနည်းဆုံး ကျပ် ၆သောင်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ရှိပြီး ရိုးရိုးမဏ္ဍပ်တွင် မဏ္ဍပ်ထိုင်ခြင်း၊ ရေကစားခြင်း ပြုလုပ် မည်ဆိုလျှင် လက်မှတ်ခအနေနှင့် တဦးလျှင် ၂ သောင်းကျပ်၊ ၃ သောင်းကျပ် ဈေးအသီးသီး ရှိနေကြောင်း ရန်ကုန်မြို့တွင်း မဏ္ဍပ် ဆောက်လုပ်သူများထံမှ သိရသည်။
“ကျနော်တို့ မဏ္ဍပ်ကတော့ ဆောက်လို့ ပြီးသွားပြီ။ ဒါပေမယ့် စင်ပါ်မှာ စောင်းဘောက်တွေ ဘာတွေ ဆင်ဖို့တော့ ကျန် သေး တယ်။ နောက်နှစ်သင်္ကြန် ဆိုရင် ရေလည်း အဆင်ပြေမယ့် အရင်နှစ်များ နည်းတူ ကမ္ဘာအေး၊ ကန်တော်ကြီး အနီး အနား တဝိုက်မှာ မဏ္ဍပ် ဆောက်လုပ်ခွင့် ပေးစေလိုတယ်။ အခု ပြည်လမ်းကျတော့ ခြံငှားရတယ်။ အဲဒီတော့ စရိတ်တွေက အများ ကြီး တက်သွားတယ်”ဟု ကိုဇော်ဇော်က ပြောကြားသည်။
ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများ အနေဖြင့် ဖျော်ဖြေရေး မဏ္ဍပ်နှင့်၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ဟူ၍ မဏ္ဍပ် အမျိုးအစား ခွဲခြား လျှောက်ထားရပြီး မီးပွိုင့် လမ်းဆုံမှ ပေ ၃၀၀ အကွာတွင် ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်တခု နှင့် တခုကြား ပေ ၂၀၀ အကွာ ရှိရမည်ဖြစ်၍ ရေကစားမဏ္ဍပ်များကို စည်းကမ်းချက် ၄၅ ချက်နှင့် အညီခွင့်ပြုပေးခြင်း ဖြစ် ကြောင်း တိုင်းအစိုးရရုံး ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင်း စီးပွားဖြစ် ဖျော်ဖြေရေးမဏ္ဍပ် လျှောက်ထားသူ ဦးကျော်ဝင်းက “နှစ်တိုင်း ကျနော်တို့က သင်္ကြန်နားကပ်မှ ဆောက်ရပါတယ်။ ဒီနှစ်လည်း စဆောက်နေပါပြီ။ ဒီနှစ်ကတခုပဲ စည်ပင်မြေပေါ်မှာ မဏ္ဍပ် မဆောက်ရဘူး ဆိုတော့ ပုဂ္ဂလိ ကပိုင် မြေငှားပြီးတော့ မဏ္ဍပ်ဆောက်ရတယ်။ ဒါတခုပဲ။ ကျန်တာတော့ အဆင်ပြေပါတယ်”ဟု ပြောသည်။
သင်္ကြန်ရေကစား မဏ္ဍပ်များကို နေ့စဉ် နံနက် ၈ နာရီမှ ၁၂ အထိ နှင့် ညနေ ၃ နာရီမှ ၆ အထိ ရေးကစားခွင့်ပြုမည် ဖြစ်ပြီး လုံခြုံရေး အတွက် ရဲဝန်ထမ်း ၇ ထောင်ကျော် ချထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း YCDC မှ တာဝန်ရှိသူ တဦး က ပြော သည်။
ဆောက်လုပ်ခွင့် ရရှိသူများ အနေဖြင့် မဏ္ဍပ်အကြီး (အလျားပေ ၁၂၀ မှ ၁၅၀ ပေ၊ အကျယ် ပေ ၄၀၊ အမြင့် ၈ +၁၂ ပေ) အတွက် အာမခံစပေါ်ငွေ ကျပ် သိန်း ၂ ရာ (၂၀၀၀၀၀၀၀)၊ မဏ္ဍပ်အလတ် (အလျားပေ ပေ ၅၀ မှ ပေ ၁၀၀၊ အကျယ် ပေ ၃၀၊ အမြင့် (၆+၁၂) ပေ) အတွက် အာမခံ စပေါ်ငွေကျပ် သိန်း ၁ ရာ (၁၀၀၀၀၀၀၀) ပေးသွင်းရမည် ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင် သာ ယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ် မဟာသင်္ကြန်တွင် ရန်ကုန်မြို့တွင်း၌ စီးပွားဖြစ် မဏ္ဍပ်များ ဆောက်လုပ်ခွင့်ကို ကန့်သတ်ခဲ့ပြီး မဏ္ဍပ်ကြီး ၁၇ ခု နှင့် မဏ္ဍပ်အလတ် ၅ ခု၊ မဏ္ဍပ် စုစုပေါင်း ၂၂ ခုတို့ကိုသာ ခွင့်ပြုပေးခဲ့ကြောင်းနှင့် ပြည်လမ်းတွင်အများဆုံး ချထား ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။