သတင်း

ထောက်ကြန့် ယာဉ်တိုက်မှုတွင် ၆ ဦးသေ၍ ၁၇ ဦးဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှောင် လမ်းထိပ်တွင် ယနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင် ပါလာသူများထဲမှ ၆ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထောက်ကြန့် မီးသတ်တပ်ဖွဲ့ စခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က ထောက်ကြန့်မြို့၊ ဧကရာဇ်ရပ်ကွက်၊ ၁၉ လမ်းမပေါ် မြို့ရှောင်လမ်းထိပ်တွင် ထောက်ကြန့်မှ ပဲခူးသို့ မောင်းနှင်လာသော ဟိုင်းလက်အဖြူရောင် ခရီးသည်တင်ယာဉ်သည် တိုက်ရော့ပြုတ်၍ ပဲခူးမှ ထောက်ကြန့်သို့ မောင်းနှင်လာသော မီနီဘတ်စ်ခရီးသည်တင်ယာဉ်ကို ဝင်တိုက်ရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အခင်းဖြစ်နေရာတွင်ပင် အမျိုးသား ၄ ဦးသေဆုံးသွားခဲ့ပြီး ခရီးသည် ၁၇ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ထောက်ကြန့် မီးသတ်တပ်ဖွဲ့ စခန်းမှ မီးသတ်တပ်ကြပ်ကြီး ဦးအောင်ဇော်စိုးက ဧရာဝတီကိုပြောသည်။

ဦးအောင်ဇော်စိုး က “အားလုံးပေါင်းသေဆုံးသူ ၆ ယောက်ဖြစ်သွားတယ်။ လူနာကတော့ ၁၇ ဦး။ ကယ်ဆယ်ရေးအဖွဲ့နဲ့ အင်းစိန် ဆေးရုံကို ပို့ဆောင်ပြီး ၈ နာရီ ၅၁ မိနစ်မှာ ကယ်ဆယ်ရေးလုပ်ငန်း ပြီးစီးသွားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်၏လူမှု ကူညီရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် အင်းစိန် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံရောက်သည့်အချိန်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အမျိုးသား ၁ ဦးထပ်မံ သေဆုံးသွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အင်းစိန်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးအနက် ၂ ဦးမှာ အနည်းငယ် စိုးရိမ်ရကြောင်း၊ သေဆုံးသူ ၆ ဦးအနက် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်သည် မီနီဘတ်စ်ပေါ်မှ ဖြစ်ပြီး ကျန်သူအားလုံးမှာ ဟိုင်းလတ်ယာဉ်ပေါ်မှ ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟိုင်းလက်ယာဉ် ကျပ်သိန်း ၂၀ နှင့် မီနီဘတ်စ်ယာဉ် ကျပ် ၅ သိန်းစုစုပေါင်း ၂၅ သိန်း ဖြစ်ကြောင်း မီးသတ်တပ်ကြပ်ကြီး ဦးအောင်ဇော်စိုးက ပြောသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဟိုင်းလက်ယာဉ်မောင်း (စုံစမ်းဆဲ) ကို ပ-၂၅/၂၀၁၈ လူသေမှု၊ အများပြည်သူဆိုင်ရာလမ်းတွင် အရမ်းမောင်းခြင်း သို့မဟုတ် အရမ်းစီးခြင်း၊ ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးရန် ပျက်ကွက်ခြင်း၊ အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မများ ဖြစ်သော ပုဒ်မ၃၀၄(က)၊ ၂၇၉/၂၀၂/ ၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading