ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ချုပ်ဆိုနိုင်ရန်အတွက် မြန်မာ့ ရိုးရာ အတာသင်္ကြန်ကာလ အပြီးတွင် နှစ်ဘက် တွေ့ဆုံညှိနှိုင်းကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နှစ်ဘက် တွေ့ဆုံညှိနှိုင်းပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ဧပြီ ၂၃ ရက်မှ ၂၅ ရက်အကြား ၂ ရက်တာ ကျင်းပသွားရန် သဘောတူထားကြောင်း KNPP ၏ လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ဧရာဝတီသို့ ပြောသည်။
ခူညေးရယ် က “အဓိက Bilateral သဘောတူညီချက်ထဲက အကောင်အထည်ဖော်မှု မရှိတဲ့ ဟာတွေရယ်၊ အားနည်းတဲ့ ဟာတွေရယ်၊ ပြန်ဆွေးနွေးမယ်လို့ သဘောတူထားပါတယ်။ သူတို့ ပြောလာတာကတော့ NCA ထိုးဖို့ ညှိနှိုင်းမယ့် အစီအစဉ် တခုတော့ ပါလာမယ် ပြောတယ်။ ဆိုတော့ ညှိနှိုင်းမှုတွေ ပြေလည်မယ်ဆိုရင်တော့ အဲဒီအစီအစဉ်လည်း ဆက်ဆွေးနွေးမယ် ထင်တယ်” ဟု ပြောသည်။
တရားဝင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဧပြီ ၆ ရက်က ၂ ဖက် ကိုယ်စားလှယ်များအလွတ် သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
KNPP နှင့် PC အကြား တွေ့ဆုံမှုတွင် KNPP ဘက်မှ Bilateral (နှစ်ဦးနှစ်ဘက်ပါဝင်သော) သဘောတူညီချက်ထဲမှ အကောင် အထည် မဖော်နိုင်သေးသည့် အချက်များကို တင်ပြ ဆွေးနွေး၍ အဆင်ပြေမှသာ NCA ထိုးရေးကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟုဆိုသည်။
ငြိမ်းချမ်းရေးကော်မရှင် (PC) မှ အတွင်းရေးမှူး ဦးခင်ဇော်ဦး ကတော့ နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းရန် ဧပြီလ ၂၄-၂၅ ရက်နေ့ကို ချိန်းဆိုထားကြောင်း ထိုဆွေးနွေးပွဲတွင် NCA ရေးထိုးနိုင်ရေးကို ဦးတည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
ဦးခင်ဇော်ဦး က “Bilateral လုပ်ခဲ့တာက တဖွဲ့ချင်းစီပဲရှိတယ်။ အဲဒီမှာ EAO တွေက တဖွဲ့ချင်း လုပ်ထားတာ ဖြစ်တော့ အားလုံးပါဝင် မလာနိုင်ဘူးတဲ့။ ဒါကြောင့် တနိုင်ငံလုံး NCA ကိုလုပ်ခဲ့ကြတယ်။ NCA မှာ SOP (လုပ်ထုံးလုပ်နည်း)၊ ToR (လုပ်ငန်းလမ်းညွန်) တွေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲလည်းပါတယ်။ မူဘောင်တွေ ပါတယ်။ Bilateral မှာအဲဒါတွေ မပါဘူး။ ဒါကြောင့် NCA လမ်းကြောင်းက ပိုကောင်းတယ်ဆိုပြီးတော့ NCA လုပ်လာကြတာ။ NCA မှာအကုန်ပါတယ်။ ဒီတော့ နေပြည်တော် ရောက်နေမှတော့ ပြည်လောက်တော့ ပြန်မသွားချင်တော့ဘူး” ဟု ပြောသည်။
ဆွေးနွေးမည့် အချက်များထဲတွင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ၂ ဖက် ညှိနှိုင်းဆောင်ရွက်ရန်၊ EITI ၏ လုပ်ငန်းစဉ်များ အတိုင်း ဖော်ဆောင်ရန်၊ နိုင်ငံတကာ ကူညီထောက်ပံ့ရေး၊ ဆက်သွယ်ရေးတာဝန်ခံများ ထားရှိရေး၊ တပ် လှုပ်ရှားမှုများ အပြန်အလှန် အကြောင်းကြားရေး စသည့် အချက်များပါဝင်ကြောင်း KNPP ဘက်ကပြောသည်။
ဦးသိန်းစိန် အစိုးရလက်ထက်က နှစ်ဘက်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ကြားခံ ဆက်သွယ်ရေး တာဝန်ခံများ ထားရှိသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ထိုကဏ္ဍ ပျောက်နေ၍ ဆက်သွယ်ရန် အခက်အခဲဖြစ်ကြောင်း KNPP ကပြောသည်။
ခူညေးရယ်က “အခု ဒီအစိုးရသစ် ပေါ်လာပြီးနောက်မှာ ကျနော်တို့ ကဏ္ဍတွေ ပျောက်သွားတာပေါ့နော်။ တချို့ ကိစ္စတွေမှာ ကျတော့ ပြည်ထောင်စု ဝန်ကြီးကို ကျနော်တို့ ဆက်သွယ်ဖို့ အခက်အခဲဖြစ်လာတော့ ကျနော်တို့ ဘယ်သူ့ကို ထားပေးမလဲ ဆိုတဲ့ဟာမျိုး ပြန်မေးမယ်။ နောက် ၂ ဖက် တပ်သွားလာမှု အဲဒီကိစ္စတွေပေါ့” ဟု ပြောသည်။
KNPP နှင့် PC အကြားတရားဝင် တွေ့ဆုံဆွေးနွေးပွဲ၌ ဘာသာရေး ခေါင်းဆောင်များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဒေသခံ တပ်မတော် အရာရှိများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြို့မိ မြို့ဖများ၊ ဒေသခံ ရပ်မိရပ်ဖများနှင့် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များထဲမှ ကိုယ်စားလှယ် ၂ ယောက် သို့မဟုတ် ၃ ယောက်တို့ ပါဝင်ရေး KNPP ဘက်က အဆိုပြုထားကြောင်း သိရသည်။
KNPP သည် ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် သမ္မတဦးသိန်းစိန် အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ရာမှ ယခု အစိုးရသစ်၏ သမ္မတ ဦးဝင်းမြင့် လက်ထက်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစိုက်မတ်မတ် ဆောင်ရွက် လာခဲ့ပြီး NCA ထိုးနိုင်ရေး ကြိုးပမ်းနေသောအဖွဲ့ဖြစ်သည်။
KNPP သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင် တဖွဲ့ဖြစ်သည်။