ထူထောင်စလုပ်ငန်းသစ်တခုဖြစ်သော Orion Span သည် ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ကမ္ဘာမြေပြင် အထက် မိုင် ၂၀၀ တွင် အာကာသ ဇိမ်ခံဟိုတယ် တခုဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ခရီးသွားများ အတွက် ခရီးစဉ်သစ်တခုပေါ်ပေါက် လာမည်တော့ ဖြစ်ကြောင်း National Geographic ကဆိုသည်။
စီးပွားရေးဆိုင်ရာ အာကာသစခန်းကို ၂၀၂၂ ခုနှစ်မှာ စတင်ကာ ဧည့်သည်များကို လက်ခံမည်ဖြစ်ရာ ထိုဟိုတယ်တွင် သီးသန့် ၂ ယောက်ခန်းများ၊ အာကာသခရီးစဉ်တွင် အများဆုံးဖြစ်သော ပြူတင်း ပေါက်များ၊ အလေးချိန်ကင်းမဲ့ခြင်းနှင့် စစ်မှန်သော အာကာသယာဉ်မှူး အတွေ့အကြုံများ ပါဝင်မည် ဖြစ်သည်။
Aurora အမည်ရှိ ထိုအာကာသစခန်းတွင် ၁၂ ရက်ကြာ နေထိုင်မည့် ခရီးစဉ်အတွက် စရိတ်မှာ အမေရိကန်ဒေါ်လာ ၉.၅ သန်းမှ စတင်မည်ဖြစ်ပြီး ပြန်လည်ထုတ်ယူနိုင်သော စရံငွေ ဒေါ်လာ ၈ သောင်းကို ထိုကုမ္ပဏီ၏ အင်တာနက် စာမျက်နှာမှ စတင် လက်ခံနေပြီဟု သိရသည်။
သွားရောက်လည်ပတ်မည့်သူများအနေဖြင့် အွန်လိုင်းနှင့် လူကိုယ်တိုင် တက်ရောက်ရမည့် သင်တန်း များအပါအဝင် ၃ လ သင်တန်းတက်ရောက်ရမည်ဖြစ်သည်။
“သင်ဟာ ထူးခြားတဲ့ ဘဝကို ဖြတ်သန်းဖို့ မွေးဖွားလာတယ်လို့ ယုံကြည်လိုက်ပါ။ သင့်ဘဝကို ပြောင်း လဲသွားစေမယ့် Aurora အာကာသစခန်း စွန့်စားခရီးကို လိုက်ခဲ့ပါ။ မြေဆွဲအား ကင်းမဲ့ခြင်းရဲ့ စိတ်လှုပ်ရှားစရာတွေကို ခံစားလိုက်ပါ။ ကမ္ဘာ့ မြောက်စွန်းစွန်းကနေ ထွက်နေတဲ့ တောက်ပအလင်း တွေကို ခံစားရင်း အာကာသမှာ စားစရာစိုက်ပျိုးလိုက်ပါ။ ကမ္ဘာ့အစစ် မှန်ဆုံး အာကာသယာဉ်မှူး အတွေ့အကြုံကို ခံစားနိုင်ဖို့ကျနော်တို့ရဲ့ အာကာသစခန်းကို ကြွလှမ်းခဲ့ပါ” ဟု Orion Span ၏ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည်။
“ပိုမိုရိုးရှင်အောင်လို့ အလိုအလျှောက်စနစ်တွေ ပိုမိုအသုံးပြုနိုင်အောင် လုပ်ထားပြီး ဗိသုကာပုံစံနဲ့ ပတ်သက်တဲ့ တီထွင် ဆန်းသစ်မှုတွေရှိတယ်။ ဒါကြောင့် အာကာသယာဉ် ပြင်ပလှုပ်ရှားမှုတွေ၊ အာကာသထဲမှာ လမ်းလျှောက်တာတွေ လုပ်ဖို့ မလိုဘူး” ဟု Orion Span ၏ အမှုဆောင်အရာရှိချုပ် ဖရန့်ဘန်ဂျာကပြောသည်။
“ကျနော်တို့ရဲ့ ကုမ္ပဏီကို စတင်တည်ထောင်တဲ့ ရည်မှန်းချက်က ရိုးရှင်းမှုတွေကို ခွင့်ပြုနိုင်တဲ့ တီထွင် ဆန်းသစ်မှုတွေ ပြုလုပ်ဖို့ပဲ။ ရိုးရှင်းမှုတွေ လုပ်နိုင်အောင်ကြိုးစားရင်း ကုန်ကျစရိတ်တွေ အများကြီး ကုန်ခဲ့တယ်” ဟုလည်းသူပြောသည်။
Aurora အာကာသစခန်းကို Orion Span ကတာဝန်ယူတည်ဆောက်နေပြီး ထိုတည်ဆောက်သူများ သည် နိုင်ငံတကာ အာကာသစခန်းတည်ဆောက်ရာတွင် ကူညီခဲ့သူများဖြစ်သည်ဟုသူပြောသည်။
Aurora အာကာသစခန်းသည် ကိုယ်ပိုင် ဂျက်လေယာဉ်အရွယ်မျှရှိပြီး ၄၃.၅ ပေရှည်ကာ ၁၄.၁ ပေကျယ်သည်။ စခန်းအတွင်း ဖိအားပေးထားသော ထုထည်မှာ ၅၆၅၀ စတုရန်း ပေရှိသည်။
ထိုစခန်းတွင် ဧည့်သည် ၄ ဦးနှင့် ဝန်ထမ်း ၂ ဦးနေထိုင်မည်ဖြစ်ပြီး ဝန်ထမ်းများမှာ အာကာသယာဉ်မှူး ဟောင်း များဖြစ်နိုင် သည်ဟုလည်းဆိုသည်။
စီမံကိန်အောင်မြင်ပါက ဟိုတယ်ကို တိုးချဲ့သွားမည်ဖြစ်ပြီး သွားရောက် လည်ပတ်လိုသူ များပြားလာ ပါက နောက်ဆက်တွဲ စခန်းများကို ချိတ်ဆက်သွားမည်ဖြစ်သည်။
“ကျနော်တို့ရဲ့ ရေရှည်ရည်မှန်းချက်က အဲဒီအစိတ်အပိုင်းက နေရာတွေကိုရောင်းချဖို့ပဲ။ ကျနော်တို့က အာကာသကွန်ဒို တွေလို့ခေါ်တာ။ နေချင်လည်းရတယ်။ ပြန်ငှားချင်လဲရတယ်။ ဒါအနာဂတ် ရည်မှန်း ချက်ပဲ။ ကမ္ဘာ့ပတ် လမ်းနိမ့်မှာ လူသား တွေ ရေရှည်နေထိုင်နိုင်တဲ့နေရာ ထူထောင်ဖို့ပဲ” ဟု သူရှင်းပြသည်။