သတင်း

ခွင့်ပြုပေထက်ပိုဆောက်သည့် မန္တလေးရှိ မဏ္ဍပ် ၅ ခု ဒဏ်ရိုက်ခံရ

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ် မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ်ကြီးများကို ချထားပေးခဲ့ရာ ခွင့်ပြုပေးသည့်ပေထက် ပို၍ဆောက်လုပ်သော မဏ္ဍပ်များကို ဒဏ်ရိုက်အရေးယူထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါမဏ္ဍပ် ၅ ခုသည် စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်ပေးသည့် မျက်နှာဖွင့် ပေ ၁၀၀၊ ရှေ့နောက်အကျယ် ပေ ၃၀ ခွင့်ပြုပေးခြင်းထက် ပိုမိုဆောက်လုပ်ထားသည့်အတွက် ကျပ် သိန်း ၂၀၀ ကျော် ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

“မဏ္ဍပ်ကြီးတခုကို ပေ ၁၀၀၊ ပေ ၃၀ အကျယ်အဝန်းနဲ့ ခွင့်ပြုထားတာမှာ မဏ္ဍပ် ၅ ခုလောက်က ပေ ၁၀၀ ထက်ကျော်လွန် ဆောက်လုပ်ထားတာကို စစ်ဆေးတွေ့ရှိရတယ်။ ဒါကြောင့် သတ်မှတ်ချက်ထက် ပိုဆောက်တာတွေကို အရေးယူထားတယ်။ မဏ္ဍပ် ၅ ခုကို ဒဏ်ကြေး ကောက်ခံခဲ့တာ သိန်း ၂၀၀ ကျော်ရပါတယ်။ ပေပိုဆောက်လို့ပါ။ အမြင့်သတ်မှတ်ချက်မထားပဲ ခွင့်ပြုပေမယ့် အမြင်မတော်အောင် သုံးထပ်ဆောက်ထားတဲ့ မဏ္ဍပ်ကိုလည်း တထပ် ပြန်လျှော့ခိုင်းထားတယ်။ နောက်နှစ်ကျရင်တော့ အထပ်မြင့်အတွက်ပါ စည်းကမ်းချက်တွေ ထည့်ရတော့မှာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။

မဏ္ဍပ်များတည်ဆောက်မှုကို ယခင်နှစ်များက ဧပြီ ၉ ရက် နောက်ဆုံး အပြီးဆောက်လုပ်ရန် သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ကျုံးပတ်လည် ပလက်ဖောင်းများ ပြင်ဆင်နေသည့်အတွက် အဆိုပါသတ်မှတ်ချက်ကို ဖြေလျော့ပေးခဲ့ကြောင်း၊ မန္တလေးမြို့တော်ဝန်နှင့် ကော်မတီဝင်များက ဧပြီလ ၈ ရက်နေ့က လိုက်လံစစ်ဆေးရာမှ သတ်မှတ်ချက်ထက် ကျော်လွန်ဆောက်လုပ်သည့် ကြံ့နှစ်ကောင်မဏ္ဍပ်အား ငွေကျပ် သိန်း ၁၀၀ ၊ 9 Plus မဏ္ဍပ်အား ငွေကျပ်သိန်း ၄၀ ၊ The RAVE မဏ္ဍပ်အား ငွေကျပ် သိန်း ၄၀ ၊ G 6 မဏ္ဍပ်အား ငွေကျပ်သိန်း ၄၀ ၊ Meritime ရေကစားမဏ္ဍာပ်အား ငွေကျပ် သိန်း ၂၀ ဒဏ်ရိုက် အရေးယူထားခြင်း ဖြစ်သည်။

မန္တလေး စည်ပင်သာယာရေး ကော်မတီက ကျုံးပတ်လည်တွင် မဏ္ဍပ်ကြီးများကို ပေ ၁၀၀ × ၂၅ ပေအထိသာ ခွင့်ပြုပေးခဲ့ပြီး ကျုံးအရှေ့ဘက် ၆၆ လမ်း (၁၂ လမ်းမှ ၁၉ လမ်း) အထိ မဏ္ဍပ်ကြီး ၅ နေရာ၊ ကျုံးအနောက်ဘက် လမ်း ၈၀ (၁၉ လမ်းမှ ၂၆ လမ်း) အထိ မဏ္ဍပ်ကြီး ၆ နေရာနှင့် ပေ၃၀×၁၂ပေ မဏ္ဍပ်အသေး ၂လုံး ခွင့်ပြုပေးထားခြင်းဖြစ်သည်။

ယခုနှစ် မန္တလေးမြို့တော် သင်္ကြန်တွင် ကျူံးဘေးပတ်လည်၌ သင်္ကြန်မဏ္ဍပ် ၁၇ ခု ရှိပြီး ဌာနဆိုင်ရာမဏ္ဍပ် ၄ ခု၊ ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ် ၁၃ ခု ရှိပြီး အဆိုပါ သင်္ကြန်မဏ္ဍပ်များမှ အခွန်ငွေ ကျပ်သိန်း ပေါင်း ၁,၅၀၀ ခန့် ရရှိထားကြောင်း သိရသည်။

ကျုံးပတ်လည်ရှိ မဏ္ဍပ်များအား ကြားရက်များနှင့် သင်္ကြန်ကာလများတွင်လည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သလို သတ်မှတ်စည်းကမ်း ဖောက်ဖျက်မှုများကို စစ်ဆေးတွေ့ရှိပါက အရေးယူခြင်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။

ယခုနှစ်မန္တလေးသင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်အပြင် အောင်မြေသာစံမြို့နယ် ကျုံးရှေ့ ၆၆ လမ်း၊ ၁၉ လမ်း နှင့် ၂၄ လမ်းကြားတွင် ညပိုင်း၌ တောသင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ကြောင်း၊ တောသင်္ကြန်ညဈေးသည် နိုင်ငံခြားခရီးသွားများအတွက် စွဲဆောင်မှုတခု ဖြစ်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာမှု မြန်မာ့ရိုးရာ အစားအစာများရောင်းချခြင်း၊ မြန်မာ့ရိုးရာရုပ်သေးပွဲ၊ ရှေးယခင်ကဲ့သို့ ပိတ်ကားရုပ်ရှင်ပြသခြင်းစသည့် တောဓလေ့ရိုးရာများ ပါဝင်မည်ဟု သိရသည်။

ထို့အပြင် ၆၂လမ်းပေါ်ရှိ မနော်ရမံကွင်း၌လည်း လူငယ်သင်္ကြန်ကိုပါ ထည့်သွင်းပြုလုပ်သွားမည် ဖြစ်သလို ကျူံးပတ်လည်၌ မိသားစုတနိုင်တပိုင် ရေပတ်ကစားနိုင်ရန်အတွက်လည်း ငွေကုန်ကြေးကျသက်သာပြီး ပျော်ရွှင်စွာ ရေကစားနိုင်ရန်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading