သတင်း

စောကလိုပါး သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော် သတင်းထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် ဖာပွန်ခရိုင် လယ်မူပလော ကျေးရွာမှ ရပ်ရွာခေါင်းဆောင် တဦးဖြစ်သူ စောကလိုပါး (ခ) စောအိုမှူး သေဆုံးမှုနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

တပ်မတော်၏ ထုတ်ပြန်ချက်အရ စောကလိုပါးမှာ မိုင်းထောင်ရန်လာ၍ မသင်္ကာသဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ် သည်ဟုဆိုသည်။

တပ်မတော် သတင်းထုတ်ပြန်ချက်တွင် “နှောင့်ယှက်ပစ်ခတ်ရန်နှင့် မိုင်းထောင်ရန် ကားလမ်းပေါ်သို့ ဝင်ရောက်လာသည့် မသင်္ကာဖွယ် အရပ်ဝတ်နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခေါ်ယူသော်လည်း ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တဦးအား ဗုံးသီးများ၊ ပစ္စည်းအချို့နှင့် အတူအသေ ဖမ်းဆီးရရှိခဲ့ကာ သိမ်းဆည်းရရှိခဲ့သော ကင်မရာ၊ သက်သေခံ ကတ်ပြားများနှင့် တိုက်ဆိုင် စစ်ဆေးချက် များအရ ဦးစောကလိုပါး ဖြစ်ကြောင်းသိရှိရသည်” ဟု ရေးသားထားသည်။

စောကလိုပါး၏ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် ရွှေ့ပြောင်းလုပ်သား ကတ်၊ ဖုန်း၊ ကင်မရာ၊ ဓါတ်ခဲ၊ ကင်မရာ မန်မိုရီကဒ်များ၊ RPG ၄ လုံးနှင့် ပို့ကျည်များ ရရှိထားသည့် ဓါတ်ပုံများကိုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စောကလိုပါး သည် ကရင်စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီရန် ဖွဲ့စည်းထားသည့် ဖာပွန်ခရိုင် ဒေသအရေးပေါ် ကူညီရေး အဖွဲ့ (MEAT) အဖွဲ့ဝင် တဦးဖြစ်ပြီး ကရင်သဘာဝ ပတ်ဝန်းကျင်နဲ့ သစ်တော၊ မိရိုးဖလာ လယ်ယာမြေများ ထိန်းသိမ်း ကာကွယ်ရေး အတွက်လည်း တတ်ကြွလှုပ်ရှားသူ တဦးဖြစ်ကြောင်း သိရသည်။

စောကလိုပါးသည် ဧပြီလ ၅ ရက်နေ့က စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ပြုလုပ်သည့် အစည်းအဝေး တခုမှ အပြန် လမ်းတွင် လယ်မူပလော ကျေးရွာအနီး လုံခြုံရေး တာဝန်ကျနေသည့် KNLA စစ်သား စောဆဲဘလုဒိုကို တင်ခေါ်လာခြင်း ဖြစ်သည်ဟု MEAT မှ ပြောရေးဆိုခွင့်ရှိသူ စောစိုးဒိုက ပြောသည်။

ဦးစောစိုးဒို က “တပ်မတော်ဘက်ကတော့ ပြောချင်သလို ပြောမှာပဲ။ စောအိုမူးက စစ်သားမဟုတ်ဘူး။ တကယ့် ရွာသားစစ်စစ်ပါ။ ဒုက္ခသည် ကူညီရေး အစည်းအဝေးကနေ အပြန်မှာ သူ့ဆိုင်ကယ်နောက်မှာ ကရင်စစ်သား တယောက်ကို တင်လာတယ်။ ပြန်လာတုန်း အပစ်ခံရတယ်။ တပ်မတော်က ပြတဲ့ ပစ္စည်းတွေက သူ့ပစ္စည်းတွေ မဟုတ်ဘူး” ဟု ပြောသည်။

စောအိုမူး ၏ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်းကို ပြန်လိုချင်ကြောင်း အလောင်းမရလျင် အရိုး၊ ဆံပင်၊ အဝတ်စ တခုခု ရလိုပြီး ကရင်ရိုးရာ ဓလေ့အရ အသုဘစီစဉ် လိုကြောင်းပြောသည်။

တပ်မတော်က KNU/KNLA တပ်မဟာ (၅) နယ်မြေ ဖြစ်သည့် ဖာပွန်ဒေသအတွင်း ဝင်ရောက် လမ်းဖောက် လုပ်သည့် ကိစ္စဖြင့် မတ်လ ပထမပတ်မှစ၍ တပ်မတော်နှင့် KNLA တု့ိအကြား တိုက်ပွဲများ ဖြစ်ပြီးယနေ့ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ် အတွင်း တပ်မတော်နှင့် KNLA တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီနေသည့် ရပ်ရွာခေါင်းဆောင် စောကလိုပါး ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် တပ်မတော်က ပစ်ခတ် လိုက်သဖြင့် သေဆုံးထားသည့် ဖြစ်ရပ်အပေါ် ဒေသခံများကလည်း တပ်မတော်ကို ရှုတ်ချ ပြောဆိုမှုများ ရှိနေသည်။

စောစိုးဒိုက “NCA ထိုးတော့ KNU ကို မတရားအသင်းကနေ ထုတ်ပယ်လိုက်တယ်။ အဲ့တော့ KNU နဲ့ ဒေသခံ ကိုယ့်နယ်မြေထဲမှာ ကိုယ် လွတ်လွတ် လပ်လပ် သွားလာနေတာဘာမှ တရားမဝင်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် တပ်မတော်က ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်သည်ကို KNLA ဘက်မှ တပ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးအတွက် အသုံးပြုရန် ဖောက်လုပ်သည်ဟူသည့် စိုးရိမ်စိတ်ဖြင့် တပ်မတော် စစ်ကြောင်းများကို မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ ပြုလုပ် ခြင်းကြောင့် တပ်မတော်ဘက်မှ စစ်သည်များမိုင်း ၃ ကြိမ် နင်းမိပြီး ၂၆ ကြိမ် ပစ်ခတ် ခံခဲ့ရကြောင်း၊ မိုင်းရှင်းလင်းရေး လုပ်ရာတွင်လည်း မိုင်း ၂၁ လုံး ရရှိထားကြောင်း၊ တပ်မတော်ဘက်မှ စစ်သည်များ ထိခိုက် ကျ ဆုံးမှုများရှိကြောင်း ရေးသားထားသည်။

စောကလိုပါး ပစ်သတ်ခံရခြင်းနှင့် ပတ်သတ်၍ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှု ကွန်ရက် (KESAN) ကလည်း “စောအိုမူးသို့ အရိုအသေပေးဂုဏ်ပြုလွှာ”ဟူသည့် စာတစောင် ထုတ်ပြန်ထားပြီး ထိုထဲတွင် စောအိုမူးသည် ဌာနေ ကရင် တိုင်းရင်းသားများ အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြေယာ အရေးတို့အတွက် တတ်ကြွလှုပ်ရှားနေသူ ဖြစ်ပြီး KESAN နှင့်လည်း လက်တွဲလုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ၎င်း သေဆုံးမှုသည် ဖာပွန်နေ ကရင်တိုင်းရင်းသားများ အတွက် ယူကျုံးမရဖြစ်ရကြောင်း ရေးသားထားသည်။

ဖာပွန်ခရိုင်အတွင်း စစ်ရေးတင်းမာနေမှုများ၊ တိုက်ပွဲများကြောင့် ကျေးရွာ ၁၆ ရွာမှ ဒေသခံ၂၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ထိုကျေးရွာ ၁၆ ရွာမှ အကြီး အကဲများက ဒေသအတွင်းဝင်နေသည့် တပ်မတော်၊ တပ်ဖွဲ့များကို ပြန်လည် ဆုတ်ခွာပေးရန် တောင်းဆိုထားပြီး တပ်များဆုတ်ခွာရေး အတွက် ဒေသခံများဘက်မှ ရပ်တည် ပေးပါဟုလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ မတ်လ ၂၇ ရက်ကစာပို့ထားသည်။

ဖာပွန်ပဋိပက္ခ ဖြေရှင်းရန် တပ်မတော်နှင့် တွေ့ဆုံရန်အတွက် KNLA ဘက်မှ သွားသော်လည်းပဋိပက္ခ ဖြစ်ပွားသည့် KNLA တပ်မဟာ (၅) ၊ တပ်မဟာမှူး မပါလာဟုဆိုကာ တပ်မတော်ဘက်မှ ရွှေ့ဆိုင်းထားပြီး ထပ်မံတွေ့ဆုံရန် ယနေ့ထိ ညှိနှိုင်းနိုင်ခြင်း မရှိသေးကြောင်းကိုလည်း KNU မှ ပြောရေးဆိုခွင့်ရှိသူများက ဧရာဝတီကိုပြောဆိုထားသည်။

တပ်မတော် သတင်းထုတ်ပြန်ချက်တွင် တပ်မတော်က ခေးပူ- လယ်မူပလော လမ်းကြောင်း ပြုပြင်ဖောက်လုပ်နေသည်ကို တဖက်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မှ စိုးရိမ်စိတ်ကြီးမားပြီး မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းလုပ်နေကြောင်း၊ ထို့ကြောင့် လမ်းဖောက်သည့် ဒိုဇာ ၁ ကြိမ် မိုင်းထောင် ခံရပြီးရိက္ခာပို့ယာဉ်တန်း ၁ ကြိမ် မိုင်းထောင် ခံရကာ စစ်သည်များ ၁၁ ကြိမ် မိုင်းနင်းမိကြောင်း၊ စစ်သည်အချို့ ကျဆုံးဒဏ်ရာရကြောင်း၊ ၄၇ ကြိမ် မိုင်းရှင်းလင်းရေး လုပ်ရာမိုင်း ၆၄ လုံး ရကြောင်း ရေးသားထားသည်။

မိုင်းထောင် ပစ်ခတ်ခြင်းများကိုလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ဒေသန္တရ အဆင့် (JMC-S) တွင် တပ်မတော်ဘက်မှ ၅ ကြိမ် ကန့်ကွက်ဆွေးနွေးပြီး ပြည်ထောင်စုအဆင့် (JMC-U) တွင် ၂ ကြိမ် ကန့်ကွက် ဆွေးနွေးခဲ့ကြောင်း၊ ဖာပွန်ပဋိပက္ခ ဖြေရှင်းရန် ရက်ရွှေ့ဆိုင်းရသည်မှာလည်း စိုးရိမ်စိတ်ကြီးမားနေသည့် နယ်မြေခံခေါင်းဆောင် (တပ်မဟာ(၅) တပ်မဟာမှူး) နှင့် တိုက်ရိုက်ဆွေးနွေး နိုင်ရန် ပြန်လည်ချိန်းဆိုခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဖာပွန်ခရိုင်အတွင်း လမ်းကိစ္စ ဆောင်ရွက် ခြင်းကို ဆက်လက်ဆောာင်ရွက်သွားမည်ဖြစ်ပြီး တဖက်တွင်လည်း စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ်နှင့် ယုံကြည်မှု လျော့နည်းမှု မဖြစ်စေရန်ဆွေးနွေး ဆောင်ရွက် သွားမည်ဟုလည်း တပ်မတော်ဘက်က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading