အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့် အာဏာ၊ အရှိန်အဝါ ရှိသူများ၏ ဝင်ရောက် စွက်ဖက်မှုများ၊ စွပ်စွဲခံရသူများဘက်မှ အကာအကွယ်ပေးမှုများ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြရန်နှင့် လုံးဝလက်မခံရန် သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားလိုက်ကြောင်း ယင်းကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောသည်။
နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဧပြီလ ၁၁ ရက်နေ့က ပြုလုပ်သည့် သမ္မတနှင့် အဂတိလိုက်စားမှု ကော်မရှင်တို့ကြား တွေ့ဆုံပွဲတွင် သမ္မတ ဦးဝင်းမြင့်က အထက်ပါ အတိုင်းညွှန်ကြားလိုက်ခြင်း ဖြစ်ပြီးယင်းတွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူးဦးစန်းဝင်း၊ အဖွဲ့ဝင်များ ဖြစ်သည့် ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွန့်၊ ဦးအောင်သန်းမြင့်၊ ဦးခင်မောင် မြင့်၊ ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊ ဦးဇော်ဝင်းနှင့် ဒေါ်လဲ့လဲ့သွင်တို့လည်း တက်ရောက်ကြသည်။
ကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် က“တိုင်ကြားခံရသူတွေနဲ့ပတ်သက် ပြီးတော့ သူတို့ကို အကာအကွယ် ပေးမယ့်သူတွေ ရှိနေကြတယ်။ အဲ့လိုရှိနေတဲ့အခါ ဒီအကာအကွယ် ပေးတဲ့သူတွေက ဒီကော်မရှင်ကို လာပြီးတော့ သူကတော့ ဘယ်သူနဲ့ ပတ်သက်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ လျှော့ပေါ့ပေးဖို့၊ အရေးယူ ဆောင်ရွက်မှုကို အကာအကွယ်ပေးတဲ့ သဘောမျိုးနဲ့ဒါမျိုးတွေ လာပြီးတော့ ခင်မင်ရင်းနှီးမှုပေါ့။ အဲ့ဒါကိုအကြောင်းပြုပြီးတော့ လုပ်တဲ့ကိစ္စမျိုးတွေ ဆိုလို့ရှိရင် လုံးဝခွင့်မလွတ်ဘူးဆိုတဲ့သဘော” ဟု သတင်းထောက်များကို ပြောသည်။
ကော်မရှင်အနေဖြင့် အာဏာရှိသူများ၏ တောင်းဆိုမှုကို လိုက်ပါဆောင်ရွက်ပေးရန် မလိုကြောင်းသမ္မတ၏ လမ်းညွှန်ချက်ကဲ့သို့ ၎င်းတာဝန် ထမ်းဆောင်စဉ်မှစ၍ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းကို မည်သည့်အဖွဲ့အစည်းက ဖိအားပေးလာသည် ဖြစ်စေ ယင်းတောင်းဆိုချက်များကို အလေးသာပေးရန် မလိုကြောင်း ပြောဆိုထားပြီး ဖြစ်သည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က လည်းပြောသည်။
ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့် ကျောသားရင်သားမခွဲခြားဘဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သမ္မတ၏ လမ်းညွှန်မှုခံယူရသဖြင့် အဖွဲ့ဝင်များမှာ စိတ်ဓာတ်တက်ကြွရကြောင်း၊ ကိုယ်စွမ်းညာဏ်စွမ်းရှိသမျှ အလုပ်လုပ်ပြီး ပြည်သူ့အတွက် အကျိုးပြုနိုင်ရန် မည်သည့်နည်းဖြင့်မဆို လုပ်ဆောင်မည်ဆိုသည့် စိတ်ဓါတ်ခွန်အားများ ရရှိခဲ့ကြောင်း ယင်းကော်မရှင် အဖွဲ့ဝင်က ပြောသည်။
ဒေါ်လဲ့လဲ့သွင်က “ကော်မရှင် အဖွဲ့အားလုံးရဲ့ စိတ်ထဲမှာ လုပ်မယ်လို့ ဒီနေ့အစည်အဝေးမှာ ဆုံးဖြတ်ထားပါတယ်။ ဒီနေ့လည်း ပြောပါတယ်။ ကျနော် (ဦးအောင်ကြည်) ဘဝစွန့်ပြီးတော့ ဒီအလုပ်ကို လုပ်တာပါ။ ဥက္ကဋ္ဌ ကြီးက အဲ့ဒါကိုပြောပါတယ်။ အဲ့ဒါကြောင့် ပြည်သူ့ဘက်က ဘယ်လိုပဲ ရပ်တည်ပေးရ၊ ရပ်တည်ပေးရ။ ကျနော်တို့မှာ ဘာတွေပဲ စွန့်လွတ်လိုက်ရ၊ စွန့်လွတ်လိုက်ရ၊ ဒီစွန့်လွှတ်ချက်ကို ကျေကျေနပ်နပ်နဲ့ လက်ခံတယ်။ အဲ့ဒါကြောင့် သမ္မတကြီး လမ်းညွှန်ချက်နဲ့လည်း မှန်သလို ကျမတို့ ဥက္ကဋ္ဌ ရဲ့လမ်းညွှန်ချက် နဲ့လည်း အတူတူပါပဲ” ဟု ပြောသည်။
အဂတိလိုက်စားမှုကို တိတိကျကျ တိုင်ကြားနိုင်သည့် အခြေအနေများ အထိရောက်လာအောင် သမ္မတ၏ ဆန္ဒနဲ့အညီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမှုအရေအတွက် အနည်းအများအလိုက် ကော်မရှင်ရုံးများ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဥပဒေကြမ်းများ ရေးဆွဲတင်ပြထားသလို သမ္မတ၏ လမ်းညွှန်ချက်နှင့် အညီ ကော်မရှင်ရုံးများကို တိုးချဲ့ဖွဲ့စည်းနိုင်ရန် မျှော်လင့်ထားကြောင်း ကော်မရှင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ညွှန့်ကလည်း ပြောသည်။
သမ္မတဦးဝင်းမြင့်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကေ်ာမရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအားခေါ်ယူတွေ့ဆုံမှုသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အဓိကကျသည့် ခြေလှမ်းတရပ် ဖြစ်ပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့်အဂတိလိုက်စားမှု၏ ဝန်ထုတ်ဝန်ပိုးကို ပြည်သူလူထုက ထမ်းပိုးထားရသည့် အနေအထားမျိုး ဖြစ်နေကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
ဒေါက်တာ ရန်မျိုးသိန်း က “ပြည်သူလူထုကို စည်းရုံးဖို့ လိုတယ်။ ပညာပေးဖို့ လိုတယ်။ ဆော်သြဖို့ လိုအပ်တယ်။ အဲဒီလိုနည်းလမ်းတွေနဲ့ ပြည်သူလူထုရဲ့ ပါဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် ပြုနိုင်မယ်ဆိုရင် ဒီလုပ်ငန်းတွေ ပိုအောင်မြင်လာနိုင်မယ်လို့ မြင်တယ်”ဟု ပြောသည်။
၎င်းကဆက်၍ “အောက်ခြေက ဝန်ထမ်းတွေကိုပဲ အရေးယူပြပြီး ငါးသေးသေးလေးတွေ ကြော်နေတာမျိုးထက် တကယ် အကြီးကြီးတွေ ဝန်ကြီးအဆင့်၊ ဒုဝန်ကြီးတွေ၊ အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေ၊ အာဏာရပါတီထဲက ခေါင်းဆောင်ပိုင်းတွေမှာ အဂတိလိုက်စားမှု ရှိ၊ မရှိကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေနဲ့ စောင့်ကြည့် စုံစမ်းဖော်ထုတ်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်”ဟု ပြောဆိုသည်။
လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် တိုင်စာ ၃ လ အတွင်း ၁၇၀၀ ကျော်လက်ခံရရှိခဲ့ပြီး ၎င်းတို့အထဲတွင် အများဆုံးတိုင်ကြားခံရသည့် ဝန်ကြီးဌာနမှာ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ကြောင်း၊ တိုင်စာစုစုပေါင်း ၁၇၈၁ စောင်ရှိပြီး ၎င်းအထဲတွင် ပြည်ထဲရေးဝန်ကြီးဌာနက စုစုပေါင်း တိုင်ကြားစာ ၅၀၀ ကျော်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေခြင်း ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။