မန္တလေး မဟာသင်္ကြန်ကာလအတွင်း လည်ပတ်သူများ အဆင်ပြေစေရန်အတွက် ကျုံးပတ်လည်တွင် ရွေ့လျား သန့်စင်ခန်း (Mobile Toilet) များ နေရာချပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနမှ ဌာနမှူး ဦးမျိုးသန့် က ပြောသည်။
ဦးမျိုးသန့် က “လမ်းလျှောက် သင်္ကြန်မှာ Mobile Toilet တနေရာ သုံးလုံးနှုန်းနဲ့ ၃ နေရာ ချထားပေးထားတယ်။ နောက် ညပိုင်း တောသင်္ကြန်မှာလည်း Mobile Toilet ၄ လုံးချထားပေးပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေး သင်္ကြန်ကာလတွင် Mobile Toilet ချထားပေးသည့် အစီအစဉ်သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ပြောသည်။
ယခုနှစ် မန္တလေးမြို့တော် သင်္ကြန်တွင် ကျူံးဘေးပတ်ပတ်လည်၌ သင်္ကြန်မဏ္ဍပ် ၁၇ ခု ရှိပြီး ဌာနဆိုင်ရာ မဏ္ဍပ် ၄ ခု၊ ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ် ၁၃ ခု ရှိရာ Mobile Toilet ငှားရမ်းပေးထားမှု အနေဖြင့် ရိုးရိုး ၁၅ လုံးနှင့် ဘိုထိုင် ၉ လုံး စုစုပေါင်း ၁၉ လုံး ငှားပေးထားကြောင်း သိရသည်။
ဦးမျိုးသန့် က “မဏ္ဍပ်တွေ အနေနဲ့ Mobile Toilet တွေကို မဖြစ်မနေ ငှားကြရပါတယ်။ မဏ္ဍပ်လေလံ ချထားပေးကတည်းက Mobile Toilet တွေပါ ရှိရမယ်ဆိုတာကို စည်းကမ်း သတ်မှတ်ချက်တွေ ပါရှိပါတယ်” ဟု ရှင်းပြသည်။
အခမဲ့အသုံးပြုနိုင်ရန် ချထားပေးမည့် Mobile Toilet များကို လူစည်ကားရာ ကျုံးဘေး ၆၆ လမ်းနှင့် ၁၄ လမ်းဒေါင့်၊ ၂၆လမ်းနှင့် ၇၇ လမ်းဒေါင့်၊ ၂၆ လမ်းနှင့် ၆၉ လမ်းဒေါင့် နေရာများတွင် ချထားပေးမည်ဖြစ်သလို ညပိုင်း တောသင်္ကြန်အတွက် ၆၆ လမ်းနှင့် လမ်း ၂၀ နှင့် ၂၁ ကြားများ၌ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျုံးဘေး ပတ်လည်ရှိ မဏ္ဍပ်များအားလုံး Mobile Toilet များ မထားမနေရ စည်းကမ်း သတ်မှတ်ချက် ထုတ်ပြန် ပေးထားပြီး စည်ပင်သာယာရေး ကော်မတီမှလည်း Mobile Toilet များ ငှားရမ်းနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
Mobile Toilet ချထားပေးခြင်းမှာ သင်္ကြန်လည်ပတ်သည့် ပြည်သူများ အပေါ့၊ အလေး စွန့်ရန် စီစဉ်ပေးခြင်းဖြစ်ပြီး ထို Mobile Toilet များကို အသုံးချကာ မူးယစ်ဆေးဝါး သုံးစွဲမှု မဖြစ်စေရေး အတွက်လည်း လုံခြုံရေးပိုင်းအနေဖြင့် စနစ်တကျ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရဲတပ်ဖွဲ့မှ ရဲမှူး ချမ်းငြိမ်းအောင် က “Mobile Toilet အသုံးပြုပြီး မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ အခြားမလိုလားအပ်တဲ့ မှုခင်းတွေ မပြုလုပ်နိုင်အောင် လုံခြုံရေးပိုင်းကို တင်းတင်း ကြပ်ကြပ် လုပ်သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတူ လမ်းလျှောက် သင်္ကြန်လုံခြုံရေး အတွက်လည်း လမ်းလျှောက် သင်္ကြန်ရှိရာ လမ်းထိပ်တိုင်းတွင် စည်ပင်ရဲ၊ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲနှင့် စည်ပင်ဝန်ထမ်းအချို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲမှူး ချမ်းငြိမ်းအောင် က “ယာဉ်တွေ မဝင်နိုင်စေဖို့နဲ့ မူးယစ်ရမ်းကားမှုတွေ မရှိအောင်အတွက် အားလုံး ဝိုင်းဝန်းပြီး လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး အပိုင်းတွေကို ကြပ်ကြပ် မတ်မတ်နဲ့ စစ်ဆေးပေးသွားပါမယ်။ စည်ပင်ရဲတပ်ဖွဲ့ အနေနဲ့ အရာရှိ ၇ ဦး အခြား အဆင့် ၉၀ အသုံးပြုသွားပါမယ်” ဟု ပြောသည်။

မဏ္ဍပ်များ Mobile Toilet ငှားရမ်းခ အဖြစ် တရက်လျှင် တလုံး ကျပ် ၄ သောင်းနှုန်း မိလ္လာစုပ်ခ ၂၉၁၀၀ နှုန်းကောက်ခံထားပြီး နေ့စဉ် နံနက် ၅ နာရီအချိန်တွင် သန့်ရှင်းရေး လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။
ဦးမျိုးသန့် က “အိမ်သာကို အသုံးပြုပြီး မူးယစ်ဆေးဝါး သုံးစွဲတာတွေ မပြုလုပ်နိုင်အောင် အတွက် နေရာတခုမှာ ဌာနက ဝန်ထမ်း ၂ ဦးကို လုံခြုံရေး အနေနဲ့ချထား ပေးသွားပါမယ်။ ငှားရမ်းမှု အနေနဲ့က မဏ္ဍပ်တိုင်းလိုလို ငှားထားကြတယ်” ဟု ပြောသည်။
အခမဲ့အသုံးပြုနိုင်ရန် ချထားပေးမည့်Mobile Toilet များ၌ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှု ဌာနမှ တနေရာလျှင် ဝန်ထမ်း ၂ ဦးနှုန်း ချထားပေးပြီး သန့်ရှင်းရေး ပြုလုပ်ပေးသွားမည်ဖြစ်သလို သင်္ကြန်ပွဲတော် လုံခြုံရေးအတွက် လုံခြုံရေးအင်အား ၂၀၀၀ ကျော် အသုံးပြုသွားမည်ဟု သိရသည်။