ဆီးရီးယားကို တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က အတည်ပြုပေးလိုက်ပြီးနောက်မှာ မြို့တော် ဒမတ်စကက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီဖြစ်ကြောင်း၊ ပေါက်ကွဲမှုများကို ကြားနေရကြောင်း သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ်အတွင်း ဆီးရီးယားအစိုးရမှ Douma မြို့သိမ်းတိုက်ပွဲမှာ ဓာတုလက်နက်အသုံးပြုခဲ့ တယ်လို့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က စွပ်စွဲကာ အရေးယူဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က “အမေရိကန်တပ်တွေကို ဆီးရီးယား အာဏာရှင် ဘာရှာ အယ် အာဆတ် ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ကျွနုပ်အမိန်ပေးလိုက်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပြီးနောက်မှာ အခုလို တိုက်ခိုက်မှု စတင်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တပ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက် အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စစ်ရေးအရ အရေးယူမယ် လို့ ပြောဆိုနေတဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ရုရှားအကြား တင်းမာမှုတွေ ဖြစ်ပေါ်နေပြီး၊ အမေရိကန်ကသာ ဒုံးကျည်တွေနဲ့ ပစ်မယ်ဆိုရင် ရုရှားကလည်း ပစ်ချဖို့ အသင့်လို့ ဆိုထားပါတယ်။
အမေရိကန်ရဲ့ ယခုလေကြောင်းတိုက်ခိုက်မှုဟာ မြို့တော် ဒမတ်စကက်နဲ့ အနီးတဝိုက်မျာ ပြုလုပ်တာဖြစ် ကြောင်း ဆီးရီးယား အစိုးရရဲ့ သတင်းဌာနကလည်း ထုတ်ပြန်ပါတယ်။
ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဟုမ်းစ်မြို့ အနောက်ဖက် ၁၅မိုင်အကွာက ဆီးရီးယားအစိုးရ ဓာတုလက်နက်တွေရှိတယ်လို့ သတင်းရတဲ့ တပ်စခန်းတွေကို ဒုံးပျံတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အမေရိကန်ကလည်း တိုမာဟော့ခ် ခရုဇ် ဒုံးပျံတွေကို သုံးပြီး ဆီးရီးယားထဲက ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ တယ်လို့ ဆိုပေမယ့်၊ တိုက်ခိုက်မှုမှာ စစ်လေယာဉ်တွေပါဝင်တယ် မပါဝင်ဘူးဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်းမရှိပါဘူး။
ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးတွေကတော့ ဒုံးပျံ ၁၃စင်းကို ဒမတ်စကက်တောင်ပိုင်းမှာ ပစ်ချလိုက် တယ်လို့ SANA သတင်းကဆိုပါတယ်။
ရုရှားအစိုးရတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး