သတင်း

ပိုးလမ်းမ ကြောင့် နိုင်ငံငယ်များ အကြွေးမပိစေဖို့ တရုတ်ကို IMF သတိပေး

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံသည် ၎င်း၏ ရည်မှန်းချက် ကြီးမားလှသော ကုန်သွယ်ရေး အခြေခံ အဆောက်အအုံစီမံကိန်းမှ တဆင့် အခြား နိုင်ငံများကို ကြွေးမြီပြဿနာဖြင့် ချည်နှောင်နေကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ ခရစ်စတင်း လာဂတ်က သတိပေးလိုက်သည်။

ပြီးခဲ့သည့် ရက်က ဘေ့ဂျင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတခုတွင် သမ္မတ ရှီကျင့်ဖျင်၏ အာရှ၊ အာဖရိကနှင့် ဥရောပမှ နိုင်ငံများစွာကို ချိတ်ဆက် ပေးမည့် ပိုးလမ်းမစီမံကိန်း ကို IMF အကြီးအကဲက ဝေဖန်လိုက်ခြင်းဖြစ်သည်။

ယင်း ပိုးလမ်းမစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၁ ထရီလျှံ ကုန်ကျမည်ဖြစ်ပြီး၊ ထိုစီမံကိန်းကို တရုတ်၏ ချေးငွေဖြင့် တရုတ်အစိုးရပိုင်လုပ်ငန်းများက တည်ဆောက်မည်ဖြစ်ရာ နိုင်ငံပေါင်းများစွာ အမေရိကန်ဒေါ်လာ ဘီလျှံပေါင်းများစွာ အကြွေးတင်ကြမည်ဖြစ်သည်။

“ဒီလုပ်ငန်းတွေဟာ အကြွေးတွေ ပြဿနာရှိတဲ့ အတိုင်းအတာအထိ များလာပြီး ချေးငွေဝန်ဆောင်ခ တက်လာလို့ အခြား အသုံးစရိတ်ကို ထိခိုက်မယ်။ ငွေပြန်လည် ပေးချေနိုင်မှု အခက်အခဲတွေဖြစ် လာနိုင်တယ်” ဟု ခရစ်စတင်း လာဂတ်က တရုတ်နှင့် ပြည်ပနိုင်ငံများမှ အရာရှိများကို ပြောသည်။

“အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကြွေးမြီ မြင့်မားနေပြီးသား နိုင်ငံတွေမှာ ဆိုရင် ဘာဏ္ဍာရေး ပြဌာန်းချက်တွေကို ဂရု တစိုက် စီမံခန့် ခွဲဖို့ အရမ်းကို အရေးတကြီးလိုလာမယ်” ဟုလည်း သူဆက်လက်ပြောကြားသည်။

တောင်အာရှရှိ သီရိလင်္ကာနိုင်ငံသည် တရုတ်၏ အကြွေးအမြီများ အကြီးအကျယ်ပိနေကာ ထိုကြွေးမြီများကို စီမံရန် သေနင်္ဂဗျူဟာ ကျပြီး စည်ကားလှသော ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို တရုတ်သို့ နှစ်ရှည်လွှဲပြောင်းပေးအပ် လိုက်ရသည်။

အလားတူ အခြေအနေကို ရင်ဆိုင်နေရသော နိုင်ငံများအနေဖြင့် ထိုကဲ့သို့သော ပြဿနာများကို ရှောင်ရှားနိုင်ရန် ပိုမို ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ကြရန် ခရစ်စတင်းလာဂတ်က တိုက်တွန်းပြီး၊ “ဒါ အလှူအိမ်မဟုတ်ဘူး။ လူတိုင်းပေးဆပ် ကြရမှာ”ဟုပြောပြီး ကြီးမားသော စီမံကိန်းကြီးများသည် အရာရှိများ အဂတိလိုက်စားမှုကို ဖြစ်စေနိုင်ကြောင်း ထောက်ပြ သည်။ု

“စီမံကိန်းတိုင်းမှာ မအောင်မမြင် ဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ငွေကြေးအလွဲသုံးစားမှုတွေဖြစ်စေ နိုင်တယ်။ တချို့နေရာ တွေမှာ ဆိုရင် ဇီးသီးဗန်းမှောက်တယ်လို့တောင်ခေါ်ကြတယ်” ဟု ရပ်ဝန်း တခုလမ်းတခု စီမံချက်ကိုအကောင်အထည်ဖေါ် နေကြသော အရာရှိများကို ၎င်းက ပြောသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ ခရစ်စတင်း လာဂတ်၏ မိန့်ခွန်းသည် ရပ်ဝန်းတခု၊ လမ်းတခု စီမံ ချက်ကို ချီးကျူးဂုဏ်ပြုနေကြသည့် အန္တရာယ် ကျရောက်နိုင်ခြေများကို ဝန်ခံလိုခြင်းမရှိသော သူများအတွက်မူ မကျေနပ်မှု များ ဖြစ်လာနိုင်သည်။

တရုတ်ကမူ ရပ်ဝန်းတခု လမ်းတခု စီမံကိန်းမှာ ရှေးဟောင်း ပိုးလမ်းမကြီးကို ပြန်လည်အသက် သွင်းခြင်းသာ ဖြစ်ကြောင်း မကြာခဏ အကြောင်းပြ ပြောဆိုတတ်သည်။

တရုတ်နိုင်ငံ ဗဟိုဘဏ်အကြီးအကဲ Yi Gangကလည်း တရုတ်ဘဏ်များသည် ရပ်ဝန်းတခု၊ လမ်းတခု စီမံကိန်းနိုင်ငံများ သို့ စရိတ်နည်းသော ချေးငွေများ ထုတ်ပေးရာတွင် အောင်မြင်သည်ဟု IMF အကြီးအကဲ ခရစ်စတင်းလာဂတ် မိန့်ခွန်းမ ပြောမီ ကြိုတင် အကြောင်းပြ ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ထိုဘဏ်များသည် အစိုးရ၏ အထောက်အပံ့ကို မှီခိုခြင်းမရှိကြောင်းနှင့် စီးပွားရေးအတွက် သက်သက်ချေးငွေ ထုတ်ပေး ခြင်းလည်း မဟုတ်ကြောင်း Yi Gang ကဆိုသည်။

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းတွင် ကျင်းပနေသည့် Boao Forum for Asia ညီလာခံတွင် တရုတ်သမ္မတ ရှီ က ရပ်ဝန်းတခုလမ်းတခုစီမံကိန်းကို ဝေဖန်သူများအားပြန်လည်ထိုးနှက်ခဲ့သည်။

ရပ်ဝန်းတခု၊ လမ်းတခုစီမံကိန်းသည် ဒုတိယ ကမ္ဘာစစ်အပြီး ဥရောပနိုင်ငံများ ပြန်လည်ထူထောင် ရာတွင် အမေရိကန်မှ မိမိဘက်ပါအောင် ပေးအပ်ခဲ့သည့် မာရှယ်စီမံကိန်းကဲ့သို့ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ လျို့ဝှက်စီမံကိန်းလည်း မဟုတ်ကြောင်း၊ နေရောင်အောက်မှာ ပွင့်ပွင့်လင်းလင်း လုပ်တဲ့စီမံကိန်းဖြစ်ကြောင်း တရုတ်ဆင်ဟွာသတင်းက ဖော်ပြ သည်။

မြန်မာနိုင်ငံတွင် တရုတ်က ချေးငွေအများအပြား ထုတ်ချေးနေသည့်အပြင် ၎င်း၏ အကျိုးစီးပွား များဖြစ်သည့် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ် ကမ်း၊ မြန်မာပြည်ကို ဖြတ်သန်းသွားသည့် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် လက်ပံတောင်း ကြေးနီစီမံကိန်း စသည်တို့ကို မြန်မာနိုင်ငံတွင် လုပ်ကိုင်လျှက်ရှိပြီး၊ One Belt One Road ခေါ် ရပ်ဝန်းတခု လမ်းတခု စီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအကြား လုပ်ဆောင်နေသည့် မဲခေါင်- လန်ချန်း စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading