အမေရိကန်နဲ့ သူ့ရဲ့ နောက်လိုက် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ ဆီးရီးယားအပေါ် လေကြောင်းတိုက်ခိုက်မှု အပြီးမှာ ရုရှားအနေနဲ့ အာဆတ်အစိုးရကို S-300 အမျိုးအစား လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံတွေကို ထောက်ပံပေးသွားဖို့ ရှိနေတယ်လို့ ရုရှား ဗိုလ်ချုပ်ကြီး Sergey Rudskoy ပြောကြောင်း ရုရှားသတင်းတွေက ဆိုပါတယ်။
“လွန်ခဲ့တဲ့နှစ်တွေကတည်းက S-300 လေကြောင်းရန် ကာကွယ်ရေးစနစ် ထောက်ပံဖို့ လုပ်ခဲ့ပေမယ့်၊ အနောက်နိုင်ငံတွေ ကန့်ကွက်လို့ ရပ်ခဲ့တယ်၊ အခုတော့ ပြန်လည်ပေးဖို့ စဉ်းစားရတော့မယ်”လို့ သူက ပြောပါတယ်။
အမေရိကန်နဲ့ အပေါင်းအပါတွေဟာ ယနေ့နံနက်ပိုင်းမှာ မြို့တော် ဒမတ်စကက်က စစ်စခန်းတွေနဲ့ လူနေအဆောက်အဦး တွေကို ခရုဇ်ဒုံးပျံ ၁၀၃စင်းနဲ့ ပစ်ခတ်ရာမှာ ဆီးရီးယား ဒုံးပျံကာကွယ်ရေးစနစ် က ၇၁ စင်းကို ကြားဖြတ်ဟန့်တားနိုင် ခဲ့ပါတယ်။
အခုအခါမှာ ဆီးရီးယားအစိုးရဟာ ဆိုဗီယက်လုပ် S-125 (နေတိုးအခေါ် SA-3 Goa)၊ S-200 (SA-5 Gammon)၊ 2K12 Kub (SA-6 Gainful) မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ချထားပြီး၊ ဒီလက်နက် တွေဟာ စစ်အေးခေတ်က ဆိုဗီယက်ထုတ်တွေ ဖြစ်ပါတယ်။
ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်မှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံတွေဖြစ်တဲ့ S-500ဟာ မျိုးဆက်သစ်ဖြစ်ပြီး တိုက်ချင်းပစ် ဒုံးပျံတွေနဲ့ ခရုဇ် ဒုံးပျံတွေ၊ တိုက်လေယာဉ်ပျံတွေကို ပစ်ချနိုင် တယ်လို့ သိရပြီး၊ S-400 Triumf (နေတိုးအခေါ် SA-21 Growler)ကိုတော့ တရုတ်နဲ့ တူရကီကို ရောင်းချဖို့ ပြုလုပ်ထားသလို၊ ဆီးရီးယားမှာရှိတဲ့ ရုရှားအခြေစိုက် စစ်စခန်းတွေမှာလည်း ဖြန့်ချထားပါတယ်။
ယခုဆီးရီးယားအစိုးရကို ထောက်ပံဖို့ စဉ်စားနေတဲ့ S-300(နေတိုးအခေါ် SA-10 Grumble)ကိုတော့ ဆိုဗီယက်ခေတ်မှာ တည်ဆောက်ပေမယ့် နောက်ပိုင်း ရုရှားက ပြန်လည်မွမ်းမံထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဆီးရီးယား အစိုးရရဲ့ Douma မြို့သိမ်းတိုက်ပွဲမှာ ဓာတုလက်နက်များ သုံးတယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က စွပ်စွဲကာ ယနေ့ နံနက်စောစောက လေကြောင်း တိုက်ခိုက်မှု စတင်ပြုလုပ်ခြင်းဖြစ်ပြီး၊ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ၂၀၀၃ခုနှစ်ကလည်း အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ အီရတ်နိုင်ငံကိုလည်း သေစေနိုင်တဲ့ ဓာတုလက်နက်အမြောက်အများ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်သိမ်းပိုက်ခဲ့ဖူးပါတယ်။
ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်လို့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မှန်ကန်မှုရှိမရှိ OPCW လို့ခေါ်တဲ့ ဓာတုလက်နက်များ တားဆီးရေး အချက်အလက်ရှာဖွေရေးအဖွဲ့က ဝင်ရောက်စစ်ဆေးဖို့ ပြုလုပ်နေစဉ်မှာပဲ အမေရိကန်နဲ့ သူ့ရဲ့ နောက်လိုက်တွေဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့က လေကြောင်းမှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က အမေရိကန်နဲ့ ဦးဆောင်တပ် ဗြိတိန်၊ ပြင်သစ်တို့ရဲ့ ဆီးရီးယားအစိုးရအပေါ်တိုက် ခိုက်မှုဟာ အောင်မြင်ကြောင်း ကြေညာခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် –ဆီးရီးယားကို အမေရိကန် စတင်တိုက်ပြီ
အမေရိကန်တို့ ဒုံးပျံများ ရုရှားလေကြောင်းရန် ကာကွယ်ရေးဇုန်ကို ဝင်ရောက်ခြင်းမရှိ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ သမ္မတ ပူတင်ပြော