သမ္မတ ဦးဝင်းမြင့်က လာမည့်နှစ်သစ်၌ အစိုးရအနေဖြင့် အမှုထမ်းလစာ တိုးမြှင့်ပေးရေး၊ အငြိမ်းစား ဝန်ထမ်းများအား နေအိမ်တိုက်ခန်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးရေး၊ အဂတိလိုက်စားမှုများ တိုက်ဖျက်ရေး၊ ယိမ်းယိုင်နေသည့် တရား စီရင်ရေးကို တည့်မတ်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု များကို မြှင့်တင်ကာကွယ်ရေးများ လုပ်ဆောင်မည်ဟု ယနေ့ တိုင်းပြည်ကို ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်းတွင်ဆိုသည်။
အမှုထမ်း လစာကို ၂၀ရာခိုင်နှုန်း၊ အရာထမ်းလစာကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရန် စီစဉ်ထားပြီး၊ အမှုထမ်းတဦး၏ အနည်း ဆုံး လစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ် အထိ၊ အရာထမ်းတဦး၏ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမှာဖြစ်ကြောင်း၊ အစိုးရသစ်၂နှစ်သက်တမ်းအတွင်း ဝန်ထမ်းအိမ်ရာ ၄၆၂၇ ခန်း တည်ဆောက်ထားပြီး၊ ကျန် ၃နှစ်အတွင်း အခန်းပေါင်း ၇ထောင်ကို တည်ဆောက်ကာ လစဉ်အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး၊ ထို့အတွက် ဝန်ထမ်းများကလည်း နိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူမှုဖြင့် ပူးပေါင်း ဆောင် ရွက်ကြ ရန် အထူးသတိပြုစေလိုကြောင်း ပါရှိသည်။
လျှပ်စစ်မီးကိုလည်း လာမည့် ၃နှစ်အတွင်း မဂ္ဂါဝပ် ၃၀၀၀ ထပ်မံတိုးမြှင့်၍ ထုတ်လုပ်မည်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး အတွက်လည်း တနိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကို ၃ လအတွင်း နိုင်ငံခြားပညာရှင်များနှင့် အသေးစိတ်စစ်ဆေးပေးမည်၊ အန္တရာယ် ရှိနိုင်တဲ့ ကြိုးတံတားများကို ၆ လအတွင်း ဦးစားပေးအစီအစဉ်ဖြင့် ပြင်ဆင်ပေးမည်ဟုဆိုသည်။
အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ငွေထုတ်ချေးရာ၌ မြန်ဆန်လွယ်ကူစေရန် လုပ်ငန်းများ၏ ယုံကြည် စိတ်ချ ရမှု သတင်းအချက်အလက်စုဆောင်းသည့် အဖွဲ့အစည်း (Credit Bureau) ထူထောင်နိုင်ရေး ခွင့်ပြုချက်ကို တလအတွင်း ခွင့်ပြုပေးမည်၊ ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်ရန် ပြည်ထောင်စု တရားသူကြီးချုပ်၊ တရားလွှတ်တော် ချုပ်၊ တရားသူကြီးများ နှင့်တွေ့ဆုံ၍ တရားရုံးအသီးသီးအား တရားသူကြီး အဆင့်ဆင့်က တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ကြီးကြပ်ကွပ်ကဲ ရန် ညှိနှိုင်းဆောင်ရွက်ပြီးကြောင်းလည်း ပါရှိသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ဝန်ထမ်းများ ရပိုင်ခွင့်နှင့် တာဝန်ကို ဘက်ညီအောင် ပြန်လည် သုံးသပ်မည်ဖြစ်ပြီး၊ လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများ၏ ပါဝင်ပတ်သက် စွက်ဖက်မှုများကို တိကျခိုင်လုံသည့် အချက်အလက်အထောက် အထားများနှင့် တိုင်ကြားရန်၊ မူးယစ်ဆေးဝါးနှိမ် နင်းရေးနှင့် ပတ်သက်၍ ပိုင်ရှင်မဲ့ ဖြစ်သွားခြင်း၊ ကွင်းဆက်ပျောက် သွားခြင်းများကို တင်းကျပ်စွာ ကိုင်တွယ်မည်ဖြစ်ကြောင်းဆိုသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများကို မြှင့်တင်ကာကွယ်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ CBO တွေ၊ CSO တွေ၊ မီဒီယာ၊ ပြည်သူတွေနဲ့ပူးပေါင်းပြီး အရှိန်အဟုန်နဲ့ မြှင့်တင်ဖော်ဆောင်မှာ ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်တဦး၏ဥပဒေအရ အခြေခံရပိုင်ခွင့် များ၊ နိုင်ငံသားများ၏ မူလအခြေခံ အခွင့်အရေးများ၊ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို စစ်ကြောရေးစခန်း၊ ရဲစခန်း အချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ ရဲဘက်စခန်း စသည့်နေရာဒေသမရွေး လူ့အခွင့်အရေးကော်မရှင်က ကာကွယ် ပေးနိုင်ရန်၊ နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေး မဆုံးရှုံးကြရအောင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ ပြောကြားပြီး ဖြစ်ကြောင်းလည်း ပါရှိသည်။
သို့သော် သမ္မတ၏ မိန့်ခွန်းတွင် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍မူ ထည့်သွင်းပြောဆိုခြင်းမရှိပေ။
ယနေ့ကျရောက်သည့် နှစ်ဆန်း ၁ရက်နေ့တွင် သမ္မတ၏ အမိန့်ဖြင့် နိုင်ငံသား အကျဉ်းသား ၈၄၉၀ ဦးကို လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်သကဲ့သို့၊ နိုင်ငံခြားသား အကျဉ်းသား ၅၁ ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပေးကာ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း ထုတ်ပြန်သည်။