ယခင်အစိုးရများမှကျင့်သုံးခဲ့သော ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ အပေါ် စည်းကမ်းသတ်မှတ်ချက်များ ကန့်သတ်ထားခြင်းကို အပြီးသတ်ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့မနက်ပိုင်းတွင် ကြေညာလိုက်သည်။
သမ္မတ ဦးဝင်းမြင့်အနေဖြင့် နိုင်ကျဉ်းများပြစ်မှုကြွေးများ ပယ်ဖျက်ပေးလိုက်သည့်ပြင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) စာရင်းဝင် နိုင်ငံရေး အကျဉ်းသား ၃၆ ဦးကိုလည်း ယနေ့ ရက်စွဲဖြင့်ပင် စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “အချိန်မရွေး ပြန်ဖမ်းလို့ရအောင် လုပ်ထားခဲ့တာ၊ ဘာလေးပဲဖြစ်ဖြစ် အရင်ပြစ်မှုကြွေးတွေနဲ့ ပေါင်းပြီးပြန်ချလို့ ရအောင်လုပ်ထားခဲ့တာ၊ အနှောင်အဖွဲ့ ထောင်ချောက်နဲ့ လွတ်ပေးခဲ့တာကို ပယ်ဖျက်ပေးတာ ကျေနပ်တယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ လက်ရှိ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တချိန်က နိုင်ငံရေး အကျဉ်းသား တဦးဖြစ်ခဲ့ပြီး ထောင်တွင်း အဓမ္မညှင်းပန်းနှိပ်စက်မှုများကို ခံခဲ့ရသူ ဖြစ်သည်။
သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ယနေ့ပြန်လည်လွတ်မြောက်လာသည့် နိုင်ကျဉ်းများထဲတွင် တပ်မတော်စစ်အစိုးရ လျှို့ဝှက်များ ထုတ်ဖော်ပြောကြားမှုကြောင့် သေဒဏ်ချခံထားရသည့် ဗိုလ်မှူး ဝင်းနိုင်ကျော်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA တပ်ဖွဲ့မှ ဗဟိုကော်မတီဝင် ကိုသံချောင်း (ခ) ခွန်ကျော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ပတ်သက်သူများ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့များထံက သိရသည်။
AAPP ၏ ယနေ့ ထုတ်ပြန်ချက်အရ လွတ်ငြိမ်းသက်သာခွင့်တွင် မပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးကျန်ရှိနေသေးပြီး အကျဉ်းထောင်တွင်းမှ အမှုရင်ဆိုင်နေရသူ ၇၄ ဦးနှင့် အကျဉ်းထောင်ပြင်ပမှ အမှုရင်ဆိုင်နေရသူ ၁၂၀ ဦးခန့် ရှိနေသေးကြောင်း သိရသည်။
လွတ်ငြိမ်းခွင့်ပြုရာတွင် အချို့သော နိုင်ကျဉ်းဟောင်းများ၏ မှတ်ပုံတင် နှင့် သက်မွေးကျောင်းဆိုင်ရာ လိုင်စင်များအား ပြန်လည် ထုတ်ယူခွင့် ရရေးနှင့် အလုပ်ခေါ်စာများတွင် နိုင်ငံရေးပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံရသူများ မပါဝင်စေရ ဆိုသည့် စကားစုအား ဖြုတ်ပေးရေးတို့ အတွက် ညွှန်ကြားချက် ထုတ်ပြန်ပေးရန်နှင့် လွတ်ငြိမ်း သက်သာခွင့်တွင် မပါဝင်ခဲ့သည့် နိုင်ကျဉ်းများနှင့် နိုင်ငံရေးဖြင့် အမှုရင်နေရဆဲသူများအား ပြန်လည်လွတ်ပေးနိုင်ရေး အတွက် စဉ်းစားပေးရန်လည်း AAPP က မေတ္တာရပ်ခံ တောင်းဆိုထားသည်။
နိုင်ကျဉ်းများ၏ ပြစ်မှုကြွေး စည်းကမ်းချက်များအား ပယ်ဖျက်ပေးမှုနှင့်ပတ်သက်၍ သမ္မတ၏ ကြေးညာချက်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ထောက်ခံကြိုဆိုခဲ့ကြပြီး ကျန်းရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသား များနှင့် နိုင်ငံရေးမှုဖြင့် အမှုရင်ဆိုင်နေရသူများအား အမြန်ဆုံးလွတ်ပေးစေလိုကြောင်းလည်း တောင်းဆိုခဲ့ကြသည်။
သမ္မတ၏ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ထဲတွင် အကျဉ်းသား/သူ ၈၄၉၀ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၅၁ ဦးပါဝင်ပြီး ၎င်းတို့ထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ အများဆုံး ပါဝင်ကြောင်း သိရသည်။
ယနေ့လွတ်ငြိမ်းခွင့်ရသူများတွင် အသက် ၈၀ နှစ်နှင့်အထက် ၂၇ ဦး၊ အသက် ၇၅ မှ ၈၀ အကြား ၂၉ ဦး၊ ကျန်းမာရေး မကောင်းသူ ၁၄ ဦး၊ လဝကအက် ၁၃(၁) နိုင်ငံခြားသား ၄၄ ဦး၊ မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျ ၁၄၆၂ ဦး၊ မူးယစ်ပုဒ်မ ၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ ၃၂၂၀ ဦး(ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်)၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ ၁၆၈၀ ဦး(ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်)၊ တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျ ၁၈၈၀ ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ကျ ၁၄၁ ဦး၊ AAPP စာရင်းဝင် နိုင်ကျဉ်း ၃၆ ဦး၊ နိုင်ငံသားအကျဉ်းသူ ၁ ဦးနှင့် ဗီယက်နမ်သူ ၈ ဦး၊ အကျဉ်းသား ၇ ဦးတို့ ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာကတဆင့် ထုတ်ပြန်ထားသည်။
ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ပြစ်မှုတစုံတရာအတွက် တဦးတယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တခုခု ထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထား နိုင်သည် (သို့မဟုတ်) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့မဟုတ်) အစိတ်အပိုင်း တစုံတရာကို လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်ကြောင်း ပြဌာန်းထားသည်။