ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မုံးကိုးဒေသတိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို သတင်းပေး ပြုလုပ်ပြီး ထောက်ပံ့ပေးသည်ဟု ဆိုကာ တပ်မတော်မှ တရားဆွဲဆိုပြီး ထောင်ကျနေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဘာသာရေးု ၂ ဦး ယနေ့မနက် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်။
ဘာသာရေး ဆရာ ၂ ဦးဖြစ်သည့် ဦးဒွယ်ဒေါ့နောင်လတ် နှင့် ဦးလန်ဂျော်ဂမ်ဆိုင်း တို့သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က လားရှိုး အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ် များချမှတ်ခံရခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦး၏ ရှေ့နေ ဦးဘရန်ဒီး က “အခုလွတ်လာပါပြီ။ ကျနော် ခေါ်လာပါတယ်။ သူတို့ ကျန်းမာရေးလည်း ကောင်းပါတယ်။ အရမ်းကောင်းပါတယ်” ဟု ပြောသည်။
ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့များ၏ မုံးကိုးတိုက်ပွဲအပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အတွက် အထောက်အပံ့များနှင့် သတင်းပေး ပြုလုပ်သည်ဟု ဆိုကာ တပ်မတော်က ဖမ်းဆီးပြီးတရားဆွဲဆိုခဲ့ ခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးကို နေအိမ်များမှ လျှို့ဝှက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး တလကျော်ကြာမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ထို့နောက် လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင်ပြီး လားရှိုးတရားရုံးတွင် တရားဆွဲဆိုခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇/၁)၊ တပ်မတော်ကို အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၀) ၊ ပို့ကုန်/သွင်းကုန် ဆိုင်ရာပုဒ်မ (၈) တို့ဖြင့် ဦးဒွယ်ဒေါ့နောင်လတ်ကို ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ချခဲ့ပြီး ဦးလန်ဂျော်ဂမ်ဆိုင်းကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇/၁)၊ ပို့ကုန်/သွင်းကုန် ဆိုင်ရာပုဒ်မ (၈) တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ ၃လ ချမှတ်ခံခဲ့ ရခြင်း ဖြစ်သည်။
KIA ကို သတင်းပေးပြုလုပ်သည်ဟု တပ်မတော်မှ စွတ်စွဲခဲ့သော ၎င်းတို့ နှစ်ဦးသည် မုံးကိုးတိုက်ပွဲကာလအတွင်း သတင်း လာရောက်ယူသည့် သတင်းထောက်များနှင့် လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူများကို တိုက်ပွဲတွင်း ဒေသခံများ ကြုံတွေ့နေသည့် အခြေအနေများကို လိုက်လံပြသကူညီပေးခဲ့သူများ ဖြစ်သည်။
ယနေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် တနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၈၅၄၁ ဦး လွှတ်ပေးခဲ့ပြီး ထိုထဲမှ ၅၁ ဦးမှာ နိုင်ငံခြားသားများဖြစ်ကာ ၃၆ ဦးမှာ နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြပြီး အခြားသူများမှာ တပ်မတော် အက်ဥပဒေဖြင့် ပြစ်ဒဏ်ကျနေသူများ၊ မူးယစ်ဆေးဝါးပုဒ်မနှင့် ပြစ်ဒဏ်ကျနေသူများ၊ အသက်ရွယ်ကြီးပြီး ကျန်းမာရေး မကောင်းသူများ ဖြစ်သည်။
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းနှင့် ပတ်သတ်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမိန့်စာ ၂စောင် ထုတ်ပြန်ခဲ့ပြီး ထိုထဲတွင် မြန်မာနှစ်သစ်ကူး အခါသမယ ဖြစ်ခြင်းနှင့် လူသားခြင်း စာနာထောက်ထားမှုကို အလေးထားခြင်းကြောင့် ဥပဒေနှင့် အညီလွတ်ငြိမ်းသက်သာခွင့် ပေးကြောင်း ဖော်ပြထားသည်။
ဆက်စပ် ဖတ်ရှုရန် – မုံးကိုးမြို့ ကချင် ဘာသာရေး ဆရာ ၂ ဦးကို ထောင်ဒဏ်များ ချမှတ်
ထောင်နံရံတွေကြား ရောက်သွားတဲ့ မုံးကိုးဒုက္ခ ပြည်သူကို အသိပေးချင်သူ ၂ ဦး