သတင်း

မန္တလေး သင်္ကြန်ကာလအတွင်း ဆေးကုသမှုခံယူရသူ ၆၈၃ ဦးနှင့် သေဆုံးသူ ၈ ဦးရှိ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့တော် မဟာသင်္ကြန် ကာလအတွင်း၌ အထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့သော ဆေးဝါးကုသမှု ခံယူလူနာပေါင်း ၆၈၃ ဦးနှင့် သေဆုံးပြီးရောက်လာသူ ၈ ဦးရှိခဲ့သော်လည်း ယခင်နှစ်ထက် လျော့ကျခဲ့ကြောင်း သိရသည်။

မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ ဦးမင်းလွင် က “ဆေးရုံကြီးကို ဧပြီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့ ထိ ၆၈၃ ဦး ရှိခဲ့တယ်။ ယာဉ်မတော်တဆ ဖြစ်တာတွေက အများဆုံးပဲ။ ဒါပေမယ့် မနှစ်က ထက်စာရင် ဆေးရုံ တက်သူ ၂၇၀ လောက်နဲ့ သေဆုံးသူက ထက်ဝက်နီးပါလျော့ပါတယ်” ဟု ပြောသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း၌ ဆေးဝါးကုသမှုခံယူသည့် လူနာပေါင်း ၆၈၃ တွင် ကျား ၅၉၁ ဦး မ ၉၂ ဦးအနက် အတွင်းလူနာ အဖြစ် ကျား ၁၆၇ ဦး မ ၂၅ စုစုပေါင်း ၁၉၂ ဦး ပြင်ပလူနာ ကျား ၄၂၄ ဦး မ ၆၇ ဦး စုစုပေါင်း ၄၉၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

သင်္ကြန်တွင်း မန္တလေး ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာများ(ဓာတ်ပုံ – ဇော်ဇော်/ ဧရာဝတီ)

မန္တလေးခရိုင် ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးတဦးက “သေဆုံးသူထဲမှာ သင်္ကြန်လည်ပတ်ရင်း အိပ်နေရာက အမျိုးသားတဦး သေဆုံးတာ။ နောက် အမျိုးသမီး တဦးကြိုးဆွဲချသေဆုံးတာ အပါဝင် ယာဉ်တိုက်မှုဖြစ်တာကြောင့် ဖြစ်တာများတယ်။ ခိုက်ရန်ဖြစ်ပွားတာတွေက လူငယ်အချင်းချင်း မူးပြီးဖြစ်ကြတာတွေများတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်နှစ်သင်္ကြန်ကာလက မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက် ကုသမှုခံယူသူ ၈၁၃ ဦးရှိခဲ့ပြီး သေဆုံး ၁၇ ဦးရှိခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရသိရသည်။

ဦးမင်းလွင်က “ဆေးရုံတက် သေဆုံးက ယခင်နှစ်ထက်လျော့နည်းပါတယ်။ သေဆုံးသူတွေထဲမှာ ပိုင်ရှင်မဲ့တွေလည်းပါတယ်။ ယဉ်နဲ့ ပက်သက်တဲ့ RTA အမှုတွေ အများဆုံးရောက်ပြီး ဒုတိယက ခိုက်ရန်ဖြစ်ပွားတာတွေပါ။ အခြားဒဏ်ရာရရှိမှုတွေလည်း ရောက်ရှိတယ်။ အက်ဆီဒင့်ဖြစ်ပြီး ရောက်ရှိလာတဲ့ လူနာတွေကို သက်ဆိုင်ရာမိသားစုတွေသိအောင်လည်း ဆက်သွယ် ပေးတာမျိုးတွေ လုပ်ပေးခဲ့တယ်”ဟု ပြောသည်။

 

မန္တလေး ဆေးရုံကြီး အနေဖြင့် သင်္ကြန်ကာလအတွက် လူအင်အားဖြည့်သည့် အနေဖြင့် ဆရာဝန်၊ ဆရာမများ၊ အလုပ်သမား ကျွမ်းကျင်များကို ပုံမှန်အချိန်ထက် ပို၍ ချပေးထားကြောင်း၊ အဖြစ်များပြီး လိုအပ်လေ့ရှိသော လူနာများအတွက် ဆေးဝါး စုဆောင်းခြင်းများကို ကြိုတင်ပြင်ဆင်ခဲ့သလို ရောဂါရှာဖွေရေး စက်ကိရိယာ၊ အသုံး အဆောင်များကိုလည်း ၂ ဆခန့် ဖြည့်တင်း ထားသကဲ့သို့ ရောက်ရှိလာသော လူနာများကိုလည်း သက်ဆိုင်ရာ ရုံးများထဲသို့ အချိန်မီပို့ဆောင်၍ ကုသပေးနိုင်ရန် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။

သင်္ကြန်တွင်း မန္တလေး ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာများ(ဓာတ်ပုံ – ဇော်ဇော်/ ဧရာဝတီ)

သင်္ကြန်ကာလအတွက် ကြိုတင်ပြင်ဆင်မှုများကို တလခန့် ကြိုတင်ပြုလုပ်ခဲ့ပြီး အရေးပေါ်လူနာများအတွက် အောက်ဆီဂျင် အလုံအလောက်ရရှိရန် ဆောင်ရွက်ပေးခဲ့သလို လူနာတင်ယဉ်များကိုလည်း အရံသင့်ထားဆောင်ရွက်ပေးခဲ့ကြောင်း ထို့အတူ မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းများကလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရသည်။

မန္တလေးသင်္ကြန်ကာလအတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အင်အား ၁၀၀၊ ဦးဝမ်းဦးဆောင်သည့် 121 အဖွဲ့က ၄၀ ဦး၊ မဏိစလ အသင်းက ၄၀ ဦး အပါအဝင် လူနာတင်ယာဉ် ၁၇ စီးနှင့် မတော်တဆ ဖြစ်စဉ်များ ဖြစ်ပွားရာနေရာများသို့ လူနာများ လိုက်ကောက်ပေးခဲ့ကြောင်း ထိုသို့ ဝိုင်းဝန် ကူညီဆောင်ရွက်ပေးသဖြင့် အခက်အခဲများ နည်းခဲ့သည်ဟု ဦးမင်းလွင်ဦး က ဆိုသည်။

မန္တလေးမြို့ခံ 121 အဖွဲ့ဦးဆောင်သူ ဦးဝမ်းကလည်း “ကျနော်တို့က သင်္ကြန်အချိန်မှ မဟုတ်ပါဘူး။ အခြားအချိန်တွေမှာလည်း တကယ်လိုအပ်မှု ရှိနေတဲ့သူတွေကို တတ်နိုင်တာမှန်သမျှ ကူညီပေးနေတာပါ။ အခုလိုသင်္ကြန်အချိန်မှာ တကယ်လိုအပ်တဲ့ ဆေးရုံကြီးကို လာပြီးကူညီပေးတာပါ။ မနှစ်ကလည်း အခုလို လာပြီးကူညီပေးခဲ့ပါတယ်” ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading