သတင်း

ရသေ့တောင်တွင် နယ်ထိန်း တဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူးတာဝန် ထမ်းဆောင်နေသော နယ်ထိန်း ရဲအုပ် သိန်းရွှေမှာ သတင်းအရ မူးယစ်ဆေးဝါး ဖမ်းဆီးရန် သွားရောက်စဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က ရဲအုပ် သိန်းရွှေသည် မူးယစ်ဆေးဝါး သတင်း ရရှိသဖြင့်  စခန်းမှ ရဲဒုတပ်ကြပ် ဝင်းတင်နှင့် သတင်းရဲတပ်ဖွဲ့မှ  ရဲအုပ် စိုးနိုင်ထွန်းတို့အား ခေါ်ဆောင်ပြီး  ၎င်းမြို့နယ်အတွင်း ခရုချောင်းကျေးရွာနှင့် ရေခေါင်းချောင်း ကျေးရွာအကြား ပုစွန်တာများ လုပ်ကိုင်သည့်  တဲ  ၁ လုံးတွင် မူးယစ်ဆေးဝါး ရှိနေသည်ဆို၍ သွားရောက်စဉ် အမည်မသိ လက်နက် ကိုင်များက ပစ်ခတ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း  ရဲတပ်ဖွဲ့ဝင်များထံ  သိရသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးက ရဲအရာရှိ တစ်ဦး က “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ သူက  နယ်ထိန်း ခေါင်းဆောင်ပါ။ လောလောဆယ်တော့ ခေတ္တစခန်းမှူး တာဝန်ထမ်းဆောင်နေသူပါ။ မူးယစ်ဆေးဝါးသတင်းအရ  သွားရောက်တဲ့ အခါ ပစ်ခတ်ခံရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသွားသည့် ရဲအုပ် သိန်းရွေသည် ရသေ့တောင် ဇာတိဖြစ်ပြီး ဖမ်းဆီး တရားစွဲခံနေရသော ဒေါက်တာ အေးမောင်နှင့် ဝေဟင်အောင် တို့၏ အမှုတွင် အဓိက တရားလိုပြ သက်သေ တယောက်ဖြစ်ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကတော့  ၎င်း ရဲအုပ်သိန်းရွေနှင့်အဖွဲ့သည်  မူယစ်ဆေးဝါး သယ်ဆောင်သူများ ၎င်းမြို့နယ် အတွင်းက ကျောက်တန်းကျေးရွာသို့ ရောက်ရှိနေကြောင်း သတင်းပေးများ၏ သတင်းပေးချက်အရ ယမန့်နေ့ မွန်းလွဲပိုင်း က ရသေ့တောင်မြို့မှ အငှားကား တစ်စီးဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။

ယင်းရဲတပ်ဖွဲ့သည် ကျောက်တန်းကျေးရွာသို့ ရောက်ရှိစဉ် မူးယစ်ဆေးဝါး သယ်ဆောင်သည့်သူမှာ ကျောက်တန်းကျေးရွာ ကျော်လွန်သွားပြီ ဖြစ်ပြီး  ခရုချောင်းနှင့် ရေခေါင်းချောင်းကျေးရွာအကြားမှ တဲ ၁ လုံးတွင်  ရှိနေသည် ဆိုသဖြင့် ထပ်မံ လိုက်သွားရာ ကားလမ်းမှနေ ကိုက် ၂၀၀ ခန့်အကွာတွင် တည်ရှိသော တဲ ၁ လုံးရှိရာ သို့  ကားရပ်ပြီး ဆင်ကြည့်ရာ အမည်မသိ လက်နက် ကိုင်များမှ ပစ်ခတ်ခဲ့သည့်အတွက်  ရဲအုပ် သိန်းရွေအား ထိမှန်သွားခဲ့ခြင်း ဖြစ်ကြောင်း  ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့်  သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် စိုးနိုင်ထွန်းမှာ နောက်ပြန်ဆုတ်ခဲ့ပြီး ဖြစ်စဉ်အား ကျောက်တန်း ရဲစခန်းသို့ ဖုန်းဆက် သတင်း ပို့ခဲ့ကြောင်း  ရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာသို့ ရသေ့တောင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူး ပိုင်စိုးခိုင် ဦးစီးအဖွဲ့၊ ရသေ့တောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးနိုင်ဦး ဦးစီးအဖွဲ့နှင့် ကျော်တန်းရဲကင်းစခန်းမှ ဒုရဲမှူး သန်းဇော်လေး ဦးစီး အဖွဲ့ စသည့် ပူးပေါင်းအဖွဲ့တို့ သွားရောက် စစ်ဆေးနေကြောင်း သိရသည်။

၎င်း ရသေ့တောင်မြို့မ ခေတ္တစခန်းမှူး ရဲအုပ်သိန်းရွေ ပစ်ခတ်ခံရ၍ သေဆုံးသွားမှုအပါအဝင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးထံ  ဧရာဝတီသတင်းဌာနမှ  ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားမှု မရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading