သတင်း

တိုက်ပွဲတွင်း ပိတ်မိနေသော ရွာသား ၂၀၀၀ ကျော်ကို ကယ်ထုတ်ပေးရန် ကချင်အမျိုးသမီးကွန်ရက် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ အောင်လောဒ့်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေခြင်း ကြောင့် တိုက်ပွဲကြား ပိတ်မိနေသော ဒေသခံရွာသား ၂၀၀၀ ကျော်ကို ကယ်ထုတ်ပေးရန် ကချင်ပြည်နယ်အစိုး ရ အဖွဲ့ထံ ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်က တောင်းဆိုလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လောဒ့်ကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၁ ရက်မှ ၁၇ ရက်ထိ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားနေရာ ဒေသခံ ၂၀၀၀ ကျော်သည် တောထဲသို့ တိမ်းရှောင်နေ ကြရပြီး တိုက်ပွဲကြား ပိတ်မိနေသည်ဟု ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်၏ ဧပြီ ၁၇ ရက်က ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်မှ ဒေါ်ဆွတ်ဆိုင်းထွယ်က “ ဝန်ကြီးချုပ်က အနေအထားက သူတို့ လုပ်ပေးဖို့ တာဝန်ရှိပေမယ့်လည်း အခုချိန်မှာ ပြည်သူတွေ လွတ်မြောက်လာဖို့က အစိုးရကချည်းပဲ ဆုံးဖြတ်လို့ မရဘူး။ တပ်ပိုင်းဆိုင်ရာကို မေးရမယ့် အပိုင်းတွေလည်း ရှိသေးတယ်ဆိုပြီးတော့ ကျမတို့ကို ပြောလာတယ်။ ပြည်သူလူထုက ရိက္ခာတွေ အားလုံး ပျက်နေပြီ။ အစိုးရဘက်ကတော့ အခုထိ တိကျတဲ့ ဆုံးဖြတ်ချက်ကို မချမှတ်နိုင်သေးဘူး။ တပ်ကို မလွှမ်းမိုးနိုင်သေးဘူး”ဟု ပြောသည်။

လက်ရှိတွင် အောင်လောဒ့်ကျေးရွာမှ ဒေသခံ ၂၀၀၀ ကျော်သည် ကျေးရွာနှင့် ၄ မိုင်ကျော်ရှိ တောထဲသို့ တိမ်း ရှောင်နေကြရပြီး စားနပ် ရိက္ခာများ ပြတ်လပ်နေသကဲ့သို့ ဒဏ်ရာ ရရှိသူများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အတွက် ဆေးဝါး အကူအညီများလည်း လိုအပ်နေကြောင်း ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်က ထံမှ သိရသည်။

ဧပြီ ၁၁ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အောင်လောဒ့်ကျေးရွာမှ ဦးအင်ပေါ့ပ်ယော်၏ ခြေထောက်နှင့် ဦးခေါင်း ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူ မောင်အင်ပေါ့ပ်နော်မှာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ကချင်ပြည်နယ် အမျိုး သမီးများ ကွန်ရက်၏ ဧပြီ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပိတ်မိ နေသူများ ကယ်ထုတ်နိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG)၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၇ ရက် တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း တိကျ သေချာသည့် အဖြေရလဒ်မထွက်ခဲ့ကြောင်း ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်ထံမှ သိရသည်။

ဒေါ်ဆွတ်ဆိုင်းထွယ်က “ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့က ဒီနေ့ မဖြစ်နိုင်ဘူး။ မနက်ဖြန်လည်း အခြေအနေက မဟန်သေးဘူး။ အခြေအနေက မသေချာသေးဘူး။ ဒါက အစိုးရဘက်က ပြောတဲ့ တုန့်ပြန်မှုပေါ့ ” ဟု ပြောသည်။

လက်ရှိ တပ်မတော်နှင့် KIA အကြား တိုက်ပွဲတွင်း ပိတ်မိနေသော အောင်လောဒ့် ကျေးရွာမှ ဒေသခံ ၂၀၀၀ ကျော်ထဲတွင် မွေးဖွားရန် ကိုယ်ဝန် ရင့်မာနေသူ အမျိုးသမီး ၂ ဦး အပါအဝင် ကိုယ်ဝန်ဆောင် ၈ ဦး၊ နို့စို့ကလေးငယ် ၁၀ ဦး၊ ၁ နှစ်ကျော် ၂ နှစ် အရွယ် ကလေးငယ် ၁၀၀ ဦးရေကျော်၊ လေဖြတ်နေသည့် အဘွားအို ၁ ဦး၊ တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူ ၂ ဦးတို့ ပါဝင်ကြကြောင်း ကချင်ပြည်နယ်အမျိုးသမီးများကွန်ရက်မှ ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောသည်။

ဧပြီ ၁၇ ရက်က တွေ့ဆုံမှု အခြေအနေနှင့် ပိတ်မိနေသူများ ကယ်ထုတ်နိုင်ရေး မည်သို့ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် PCG မှ တာဝန်ရှိသူများကို ဧရာဝတီမှ ဖုန်းဆက် မေးမြန်းသော် လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်းမရှိပါ။

သို့သော် ကချင်ပြည်နယ်အစိုးရအဖွဲ့က ယနေ့(ဧပြီ ၁၈ ရက်) ညနေပိုင်းတွင် တိုက်ပွဲအခြေအနေနှင့် ပိတ်မိနေ သော ဒေသခံများ အခြေအနေများနှင့်ပတ်သက်ပြီး စာတစောင် ထုတ်ပြန်သွားရန် ရှိကြောင်း ၎င်းတို့ကို ပြော သည်ဟု ဒေါ်ဆွတ်ဆိုင်းထွယ်က ဆိုသည်။

အောင်လောဒ့်ကျေးရွာထဲသို့ တပ်မတော်သားများ ဝင်ရောက် တပ်စွဲကာ တိုက်ပွဲ အရှိန်ပြင်းထန် လာဖွယ် ရှိသောကြောင့် မိမိတို့ ကချင်ပြည်နယ်အမျိုးသမီးများကွန်ရက်အဖွဲ့သည် ပိတ်မိနေသော ပြည်သူ များ ၏ အခက်အခဲနှင့် အသက် အန္တရာယ်အား အလွန် စိုးရိမ်ပူပန်လျက်ရှိပါကြောင်း ဧပြီ ၁၇ ရက်က ထုတ်ပြန်ခဲ့ သည်။

ထို့ကြောင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပိတ်မိပြည်သူများ လွတ်မြောက်နိုင်ရန်၊ လုံခြုံမှုရှိသော နေရာသို့ လိုအပ် သော လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့မှုများကို ရရှိနိုင်ရန်အတွက် အမြန်ဆုံး တုန့်ပြန်ဆောင် ရွက်ပေးပါရန် အရေးပေါ် တိုက်တွန်းပါသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

KIA ၏ တပ်ရင်း ၁၄ က မိမိတို့ အမှတ်(၁၄) တပ်ရင်း၊  ဟူးကောင်းခရိုင်အတွင်း ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့မှ စတင်ပြီး ပျောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်မှု ထွက်ပေါ်လာပြီးနောက် ဖားကန့်ဒေသ၊ တံတားညီနောင် အနီး လုံခြုံရေး ယူထားသော တပ်မတော်နှင့်  KIA ၏ တပ်ရင်း ၆ တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တနိုင်းမြို့နယ်၊ ဆွမ်ဘရာဘွမ်မြို့နယ်၊ မံစီ မြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading