သမ္မတ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား ၈၇ ဦး ဧပြီလ ၁၇ ရက်နေ့ က လွှတ်ပေးခဲ့ရာတွင် ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာ ကိစ္စနှင့် ပြစ်ဒဏ်ကျနေသည့် တပ်မတော်သား ၇ ဦး ပါဝင်ပြီး လွတ်ငြိမ်းခွင့် ရရှိသွားသည် ဆိုသော သတင်းသည် သတင်းအမှား ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းအား MNTV News သတင်းက ဖော်ပြခဲ့ပြီးနောက် လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင် ဝေဖန်မှုများ အဆမတန် မြင့်တက်ခဲ့သည့် အတွက်ကြောင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယင်းသတင်း သည် “သတင်း အမှား” ဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ဦးဇော်ဌေး၏ ရေးသားချက်တွင် “ထောင်ဒဏ် ၁၀ နှစ်စီ မကြာသေးခင်က ကျခံခဲ့ရတဲ့ စစ်တွေထောင်က တပ်မတော် သား အရာရှိ/စစ်သည် ၇ ဦး နိုင်ငံတော်သမ္မတ ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ ပါဝင်တယ် ဆိုတဲ့ MNTV News သတင်း ဟာ သတင်းမှား ဖြစ်ပါတယ်” ဟု ရှင်းလင်းထားသည်။
ဧပြီလ ၁၇ ရက်နေ့က စစ်တွေ အကျဉ်းထောင်မှ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ပြစ်ဒဏ် ချမှတ်ခံရသူ မြောက်ဦး မြတန်ဆောင်း ဆရာတော်နှင့် ကိုခိုင်နေမင်း အပါအဝင် ၃ ဦး၊ တပ်မတော် အက်ဥပဒေဖြင့် ဖြစ်ဒဏ်ချခံရသူ ၅၅ ဦး၊ မူးယစ် ဆေးဝါးမှုဖြင့် ၂၉ ဦး စုစုပေါင်း ၈၇ ဦး လွတ်မြောက်ခဲ့သည်။
ယင်း မူးယစ်ဆေးဝါးမှုဖြင့် လွတ်မြောက်လာသူ ၂၉ ဦးတွင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် တို့တွင် နေထိုင် သည့် ဘင်္ဂါလီ ၁၁ ဦးလည်း ပါဝင်ခဲ့သည်။
လွတ်မြောက်လာသည့် အကျဉ်းသားများ၏ ပြစ်မှု အမျိုးအစား နှင့်ပတ်သက်ပြီး ဧရာဝတီက စစ်တွေ အကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဖြစ်သူကို ဧပြီလ ၁၇ ရက်နေ့ အကျဉ်းသားများလွှတ်ပေးနေစဉ် မေးမြန်းခဲ့ရာ “လွတ်မြောက်တဲ့ အကျဉ်း သား တွေကတော့၊ မတရားအသင်း ၁၇(၁) ပါတယ်။ မူယစ်ဆေးဝါးမှု ပါတယ်။ တပ်ပြေးမှု ပါတယ်။ အဲဒါတွေပါပဲ”ဟု ဖြေကြားခဲ့သည်။
အဆိုပါ သတင်းအမှားကို MNTV News က ပြန်လည် ဖြုတ်ချခဲ့သည်။
MNTV News ကဲ့သိုပင် Sky Net ၏သတင်းဌာန တစ်ခုဖြစ်သော Central News Bureau (CNB) ကလည်း ဧပြီ ၁၈ ရက်နေ့ ညနေ ၅ နာရီ အချိန်က သတင်း အမှား ပြင်ဆင်ချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။
ထိုသတင်းအမှား ပြင်ဆက်ချက်တွင် ၂၀၁၈ ဧပြီလ ၁၇ ရက် စစ်တွေဗျူရိုမှပေးပို့ပြီး CNB မှ ထုတ်လုပ်ခဲ့သော“စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား ၉၇ ဦး လွတ်ငြိမ်းခွင့် ရရှိ” သတင်းတွင် “စစ်တွေထောင်ကနေ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိသူတွေ ထဲမှာ အင်းဒင်ကျေးရွာ ကိစ္စနဲ့ ထောင်ကျနေတဲ့ တပ်မတော်သား ၇ ဦး အပါအဝင် မြတန်ဆောင်း ဆရာတော် နဲ့ နိုင်ငံရေးအကျဉ်းသား ခိုင်နေမင်း တို့လည်း ပါရှိတယ်လို့ သိရပါတယ်”ဟု အောက်ခြေတွင် ရရှိသော အချက်အလက် တချို့ကို အခြေခံ၍ ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းရရှိချက်အရ အင်းဒင်ကျေးရွာ ကိစ္စဖြင့် အကျဉ်း ကျ ခံနေရသော တပ်မတော်သားများ လွတ်မြောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည့်အတွက် CNB မှ အဆိုပါ အချက် အလက်ကို မှားယွင်း ဖော်ပြခဲ့ခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ ၁၀ ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး တပ်မတော် မှ အရာရှိ ၄ ဦးနှင့် အခြားအဆင့် ၃ ဦး စုစုပေါင်း ၇ ဦးတို့ကို တပ်မတော်မှ ထုတ်ပယ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အား အရပ်ဘက် အကျဉ်းထောင်တွင် ကျခံစေရန် ပြစ်ဒဏ်ပေးခဲ့ကြောင်း ဧပြီလ ၁၀ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။