ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ဘုရားများကို ဒုတိယအဆင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင် မှု ၈၀ ရာခိုင်နှုန်း နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ရှေး/သု (ပုဂံ) မှ သိရသည်။
ရှေး/သု (ပုဂံ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “ပထမ အရေးပေါ်ထိန်းသိမ်းမှု လုပ်ငန်းကို ပထမ အဆင့် အနေနဲ့ လုပ်ရတယ်ပေါ့။ ဒုတိယ အဆင့်ကတော့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရတယ်။ အခုကတော့ ဒုတိယ အဆင့်မှာတော့ ၈၀ ရာခိုင်နှုန်း နီးပါး ထိန်းသိမ်းဖို့ လုပ်ငန်းတွေ ပြုပြင်ဖို့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးပြီ တချို့ နေရာတွေမှာလည်း ဆောင်ရွက်နေဆဲ တွေလည်း ရှိတာပေါ့။ ဒါတွေပြီးသွားရင် ဘာတွေ ဆက်လုပ်ရမလဲ ဆိုတော့ ရေရှည် ကြံ့ခိုင်အောင် အတွက် ထပ်ပြီးတော့ လုပ်ဖို့ရာ လုပ်ငန်းစဉ်တွေလည်း ရှိပါသေးတယ်”ဟု ဧရာဝတီ သို့ ပြော သည်။
ငလျင်ဒဏ်ခံဘုရား ၃၈၉ ဆူအား ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် အခြေအနေမှာ ပထမဦးစားပေး ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူ၊ တတိယဦးစားပေး အဆူ ၃၀၀ တို့ ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ပြီးသည့် ဘုရား ၃၀၂ ဆူ၊ ဆောင်ရွက်ဆဲ ၂၈ ဆူ၊ ဆောင်ရွက်ရန်ကျန် ၅၉ ဆူ ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။
ငလျင်ဒဏ်ခံဘုရားများကို ရုတ်တရက် ပြိုကျ ပျက်စီးခြင်းမျိုး မဖြစ်ဘဲ ရေရှည် ကြံ့ခိုင်မှုရရှိရန် ထိန်းသိမ်းခြင်း လုပ်ငန်း ကို ၂၀၂၀ ပြည့်နှစ်အထိ ၄ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဆက်လက်လေ့လာကာ အနုစိတ် ပြင်ဆင် ထိန်းသိမ်းမှု များကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှေး/သု (ပုဂံ) ထိန်းသိမ်းရေး ဌာနမှ အင်ဂျင်နီယာ ချုပ် ဦးစိုးစိုးလင်း က ရှင်းပြသည်။
ဦးစိုးစိုးလင်း က “၂၂၄ ဆူက ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလကတည်းက ပြီးသွားပြီ။ ကျန်တာတွေကို နှစ်အလိုက် ၄ နှစ် စီမံ ကိန်း နဲ့ ပိုင်းခြားပြီး လုပ်နေတယ်။ အဲဒီ ၄ နှစ် ပိုင်းထားတဲ့ အထဲမှာ တည်ငြိမ်မှု အဆင့်အထိ ပြီးတာက ၈၀ ရာခိုင်နှုန်း ရအောင် တည်ဆောက်ပြီးပြီ။ အကြိမ်ကြိမ်၊ အဖန်ဖန် ပြင်တယ်။ စောင့်ကြည့်ရတယ်။ လိုအပ်တယ်ဆိုရင် ထပ်ပြင်ရ အောင်”ဟုလည်း ပြောဆိုသည်။
ထို့ပြင် ပုဂံဘုရားပေါင်း ၃၀၀၀ ကျော်ကိုလည်း ငလျင်ကြောင့်သာမက နဂိုထိခိုက် ယိုယွင်းမှုများ ရှိ၊ မရှိကို စစ်ဆေးပြီး ပြုပြင် ထိန်းသိမ်းမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) ၏ အကြံပေးမှုဖြင့် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရှင်များ အသင်း၊ နည်းပညာတက္ကသိုလ်မှ ပညာရှင်များ၊ ငလျင် ပညာရှင်များ ပူးပေါင်း ပါဝင် ထိန်းသိမ်း ပြုပြင်နေခြင်းဖြစ်ကြောင်း ရှေး/သု (ပုဂံ) က ဆိုသည်။
ဦးအောင်အောင်ကျော်က “အားလုံးတော့ ပြီးသတ်သွားပြီရယ်လို့တော့ မဟုတ်သေးဘူး။ ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာလည်း UNESCO ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါတယ်။ သူတို့ကနေ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာတွေကို Guide line တွေ ပေးထားပါတယ်။ နည်းပညာတွေလည်း အကြံပေးသလို UNESCO သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ကိုက်ညီအောင်လည်း Guide line တွေ ချပေးတာပါ။ ဒါပေမယ့် ပြုပြင် ထိန်းသိမ်းမှု လုပ်တဲ့အခါမှာ ဘယ်လိုစနစ်နဲ့ သွားမယ် ဘယ်လိုပုံစံနဲ့ သွားမယ် ဘယ်လိုပစ္စည်း သုံးမယ် ဆိုတာ က ပညာရှင်တွေ အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေပါပါတယ်”ဟု ပြောဆိုသည်။
ပုဂံဘုရားများကို ခေတ်ကာလ ကြာမြင့်မှု၊ ဗိသုကာလက်ရာ ကျန်ရှိမှု၊ အင်္ဂတေပန်း လက်ရာကျန်ရှိမှု၊ နံရံပန်းချီကျန်ရှိမှု၊ လက်ရှိ ပျက်စီးမှု အနေအထားတို့ပေါ် မူတည်ပြီး အဆင့်လိုက် ပြုပြင် ထိန်းသိမ်းနေခြင်း ဖြစ်ကြောင်း ဦးစိုးစိုးလင်း က ရှင်းပြသည်။
“ပျက်စီးမှုခြင်းတူရင် ခုနက အခြေအနေတွေ ကျန်ရှိမှု အနေအထားများရင် ဦးစားပေးရပါတယ်”ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း ဒေသကြီး ရှေးဟောင်း ပုဂံ ဒေသတွင် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ညနေ (၁၇ : ၀၇) နာရီ အချိန် ခန့်တွင် အင်အား ရစ်ချက်စ်တာ စကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် ဒဏ်ကြောင့် ထီးလို မင်းလို စေတီတော်၊ ဓမ္မရံ ကြီးဘုရား၊ ငါးမျက်နှာ ဘုရား၊ ခေမိန္ဒ ဘုရား၊ မြစေတီ ၊ အာနန္ဒာဘုရား၊ တဘက်ကျ စေတီ စသည့် စေတီ၊ ပုထိုး၊ ဂူဘုရားပေါင်း ၃၈၉ ဆူ ထိခိုက်ခဲ့ကြောင်း ရှေး/သု (ပုဂံ) က ထုတ်ပြန်ထားသည်။