ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပထမအကြိမ် ရောင်းချပေးမည့် တန်ဖိုးနည်း တိုက်ခန်း ၁ ထောင်ကျော် ကို ဝယ်ယူရန် အတွက် လျှောက်ထားသူ ဦးရေ ၆ ထောင်ကျော် ရှိကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီမှ သိရ သည်။
ရန်ကုန်တိုင်း အစိုးရ ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီ အတွင်းရေးမှူး ဦးညီညီက “အမှန်တော့ ကျနော်တို့ ဆီကနေ ဖောင် ၂ သောင်းကျော် လောက် လာဝယ်ယူတယ် ဆိုတော့ အဲဒီလောက်ပဲ စာရင်းတက်မှာလေ။ ဒါပေမယ့် လျှောက်လွှာ လာတင်တဲ့သူက ၆ ထောင်ကျော်လောက် ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ခန်း ရောင်းချရေးနှင့် ပတ်သက်၍ ယခု ဧပြီလကုန်၌ ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီ အဖွဲ့ဝင်များကို အစည်းအဝေး ခေါ်ယူ ဆွေးနွေးသွားမည်ဟု ဆိုသည်။
“အခု ဧပြီလ အကုန်လောက်ကို အစည်းဝေး ခေါ်ယူနိုင်အောင်လို့ ကျနော်တို့ ကြိုးစားနေပါတယ်။ အဲဒီကနေ မည်သို့မည်ပုံ ရွေးချယ်မယ် ဆိုတဲ့ဟာကို အစည်းဝေးမှာ ကျနော်တို့ ကြိုးစားမှာပါ။ ပြောချင်တာကတော့ အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ် အောင် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်” ဟုလည်း ဦးညီညီက ပြောသည်။
အစိုးရက အရစ်ကျ ရောင်းချမည့် တိုက်ခန်းများ ဝယ်ယူရန် လျှောက်လွှာများ လျှောက်ထားရာတွင် အငြိမ်းစား ဝန်ထမ်း များ က ၇၅၃ စောင်၊ နိုင်ငံ ဝန်ထမ်းများ ၁၇၆၁ စောင်၊ ကုမ္ပဏီဝန်ထမ်းများ ၈၄၃ စောင်နှင့် အများပြည်သူ ၂၆၆၃ စောင် စုစု ပေါင်း ၆၀၂၀ လျှောက်ထား ကြသည်ဟု ဆိုသည်။
ဖော်ပြပါ လျှောက်ထားသည့် လျှောက်လွှာ ၆ ထောင်ကျော်ကို စိစစ် ရွေးချယ်ရေးနှင့် ပတ်သက်၍လည်း ပြည်သူ့ အိမ်ရာ ရောင်းချရေး ကော်မတီ အနေဖြင့် ဌာနဆိုင်ရာများမှ ဝန်ကြီးများ အပါအဝင် အင်ဂျင်နီယာချုပ်၊ ဌာနဆိုင်ရာ ညွှန်မှူးများ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ လူမှုရေးနှင့် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ အစရှိသဖြင့် တာဝန်ရှိသူများ အားလုံးနှင့် ဒီမိုကရေစီနည်းအရ အများသဘောဆန္ဒနှင့် အညီ လက်ခံပြီး ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်သူ ဦးညီညီက “တဦး တယောက်တည်းကနေ ပြီးတော့ မိမိရဲ့ ခင်ရာ မင်ရာဆွေမျိုးတွေကို လုံးဝ လုံးဝ လက်သင့်ခံသွားမှာ မဟုတ်ဘူး။ ကျနော်တို့ ကော်မတီက အကုန်လုံး တသား တည်း ရှိနေပါတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် အိမ်ရာများသည် ဒဂုံမြို့သစ် တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့ သစ် ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း(၁)၊ (၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင် သာယာမြို့နယ်ရှိ ရွှေလင်ဗန်း အိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ အိမ်ရာနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေ ပေါက္ကံ အိမ်ရာတို့ ဖြစ်ကြသည်။
ယင်းလျှောက်လွှာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်မှ ၃၀ ရက်အထိ ရောင်းချခဲ့ခြင်းဖြစ်ကာ လျှောက်လွှာ ၁ စောင် လျှင် ကျပ် ၁ ထောင်နှုန်းဖြင့် ရောင်းချခဲ့ရာ ဝယ်ယူသူ ဦးရေ ၂ သောင်းခန့် ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ သိရ သည်။
အင်းဝအိမ်ရာ တိုက်ခန်းဝယ်ယူရန် လျှောက်လွှာ တင်ထားသည့် ဦးမင်းမင်းက “အင်းဝအိမ်ရာ ဈေးက အပြင် တိုက်ခန်း ဈေးထက် ကျပ်သိန်း ၅၀၊ ၆၀ လောက် သက်သာတယ်။ ဒါတောင် လက်ရှိ ပြင်ပဈေးကျနေတဲ့ ဈေးနှုန်းထက် အစိုးရ ရောင်း တဲ့ ဈေးက အများကြီး သက်သာတယ်။ သွားရေး လာရေးလည်း အဆင်ပြေတယ်။ YBS ကားလည်း အထွက်များ တယ်။ ဒါကြောင့် လျှောက်ဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီခေတ်မှာက သာမန်လူလတ်တန်းစား မိသားစု တခုက အိမ်ရာ တခု ဝယ်ယူနိုင်ဖို့ ဆိုတာက မလွယ် ဘူး။ ၁၀ နှစ် ၁၅ နှစ် စုဆောင်းပြီး အိမ်ပိုင်တခု ဝယ်နိုင်မယ့် အခြေအနေရှိနေတာ။ အခုက အစိုးရကို ၃၀ ရာခိုင် နူန်း သွင်းထားပြီးတော့ တလချင်း အစိုးရကို ပေးသွင်းရမှာကလည်း အိမ်ငှားခ သာသာလောက်ပဲ ရှိတယ်။ အပြင် အိမ်လခ ပေးသလို အစိုးရကို အိမ်လခပေးပြီး ၁၀ နှစ် ၁၅နှစ်လောက် အိမ်ပိုင် တလုံးရသွားတာ ဆိုတော့ ကောင်းမွန်တယ် ဆိုပြီး ဝယ်ဖို့ တင်ထားတာပါ” ဟုလည်း ပြောပြသည်။
လက်ရှိ အစိုးရအနေနှင့်လည်း ပြည်သူနှင့် အတူဟု ကြွေးကြော်ခဲ့သည်များ ရှိသောကြောင့် ၎င်းတို့ အစိုးရ လုပ်ပိုင်ခွင့် ရရှိ ချိန် အတွင်း ပြည်သူလူထု အတွက် အိမ်ရာများကို ထပ်မံဖော်ဆောင် ပေးစေချင်ကြောင်း ၎င်းက ပြောဆိုသည်။
အိမ်ရာများ ထပ်မံရောင်းချပေးခြင်းနှင့် ပတ်သက်ပြီး ဦးညီညီက “ဘယ်မြို့နယ်မှာ အများဆုံး လျှောက်ထားလဲ ဆိုတာ မသိ ရသေးဘူး။ ဒါပေမယ့် လောလောဆယ် ကျနော်တို့ သိရသလောက်တော့ အင်းဝအိမ်ရာကို လျှောက်တာများတယ်လို့ ထင် ရပါတယ်။ အခု အစိုးရလက်ထက်မှာ အိမ်ရာတွေ ထပ်ပြီးရောင်းချနိုင်ဖို့လည်း ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ပြော သည်။
လက်ရှိ အချိန်တွင် ပြည်သူများအနေနှင့် အိမ်ရာလိုအပ်ချက် ကြီးမားနေသောကြောင့် ယခုအစိုးရ လက်ထက်အတွင်း ယခု ကဲ့သို့ အိမ်ရာများ ရောင်းချပေးနိုင်ခြင်း မရှိနိုင်လျှင်တောင် အငှားအိမ်ရာများအနေဖြင့် ဆောက်လုပ်ပြီး ငှားရမ်းသွား နိုင်ရန် အတွက် အစိုးရအဖွဲ့သို့ အကြံပြုသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်သူလူထုလအနေနှင့် အိမ်ရာနှင့်ပတ်သက်၍ မရှင်းလင်းသည့် သတင်းလအချက်အလက်များကို သိရှိလိုလျှင် ပြည်သူ့ အိမ်ရာ ရောင်းချရေး ကော်မတီ အတွင်းရေးမှူး ဦးညီညီထံသို့ တိုက်ရိုက် ဖုန်းဆက် မေးမြန်းနိုင်ကြောင်းကို ဆက်လက် ပြော သည်။
ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်ရှိ အိမ်ရာများကို အခြေခံ ပြည်သူများ ဝယ်ယူနိုင်ရန် တိုက်ခန်းတခန်းလျှင် ကျပ်သိန်း ၁၀၀ ဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် အခြားမြို့နယ်များတွင် တန်ဖိုးသင့် အိမ်ရာအနေဖြင့် တိုက်ခန်း တခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၆၀၀ အထိ ဈေးနှုန်းများဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီမှ သိရသည်။
ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့၌ သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင်လည်း ပြည်သူ့ ဝန်ထမ်းများ အိမ်ရာ အခက်အခဲဖြစ်နေရခြင်းနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အနေနှင့် ဝန်ထမ်းများ အငြိမ်းစား ယူသွားချိန် တွင် ကိုယ်ပိုင် နေအိမ် ကိုယ်ပိုင် တိုက်ခန်းများနှင့် သိက္ခာရှိရှိ နေသွားနိုင်ရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ပြောကြား သွားသည်။
ယခုအစိုးရ လက်ထက် ပြီးခဲ့သည့် ၂ နှစ်တာ ကာလအတွင်း ဝန်ထမ်းများ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး မှာ ဝန်ထမ်းအိမ်ရာ ၄၆၂၇ ခန်း တည်ဆောက် ပေးခဲ့ပြီး ကျန် ၃ နှစ်အတွင်း အခန်း ၇ ထောင်ကျော် တည်ဆောက် ပေးသွား ရန် စီမံထားရှိကာ လာမည့်နှစ်များအတွင်း အခန်း ၁ သောင်းကျော် တည်ဆောက်ပြီး ဝန်ထမ်များအတွက် လစဉ် အရစ်ကျ ငွေချေစနစ်နှင့် ရောင်းချပေးမည်ဟုလည်း သမ္မတ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။