ဧရာဝတီတိုင်း ဒေသကြီးတွင် မဟာသင်္ကြန်ပွဲတော် ၄ ရက်တာ ကာလအတွင်း ယာဉ်မတော်တဆမှု ၄၄ မှုဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦး သေဆုံးကာ ၁၀၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
“ယာဉ်တိုက်မူကြောင့် လူသေဆုံးတာတွေကတော့ ဆိုင်ကယ်ချင်း တိုက်မိတာ၊ ကားနဲ့ဆိုင်ကယ်နဲ့ တိုက်မိတာတွေ ကြောင့်ရယ်၊ ပြီးတော့ သင်္ကြန်ကာလအတွင်း ခရီးသွားတဲ့ကားတွေ တိမ်းမှောက်တာတွေကြောင့် သေဆုံးကြတာ များပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကိုပြောသည်။
ဧရာဝတီတိုင်းတွင် သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု အရေအတွက်မှာ ယခင်နှစ်များထက် လျော့ကျခဲ့ကာ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် လူသေဆုံးမှု လုံးဝ မရှိခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မူ ၅၀ ဖြစ်ပွားခဲ့ပြီး လူ ၁၂၃ ဦးထိခိုက် ဒဏ်ရာရရှိကာ လူ ၇ ဦး သေဆုံးခဲ့သည့်အတွက် ယမန်နှစ်ကထက် ယာဉ်တိုက်မှုအရေအတွက်နှင့် ထိခိုက်ဒဏ်ရာရသူဦးရေ လျော့ကျခဲ့ပြီး လူသေဆုံးမှုမှာ ယမန်နှစ်ထက် လူ ၅ ဦး
ပိုမို သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ စာရင်းများအရ သိရသည်။
“ကျနော်တို့ တိုင်းအတွင်းမှာ ၂၀၁၆ သင်္ကြန်မှာ မှုခင်း ၁၉ မှု၊ ၂၀၁၇ မှာ ၁၁ မှုဖြစ်ပွားခဲ့ပြီး ဒီနှစ်မှာတော့ မှုခင်း ၁၀ မှု ဖြစ်ပွားခဲ့တဲ့အတွက် ယခင်နှစ်များထက် မှုခင်းဖြစ်တာ လျော့ကျခဲ့ပါတယ်။ ပြီးတော့ သင်္ကြန်တွင်းမှာ လူ ၃ ဦး သေဆုံးခဲ့တယ်ဆိုပေမယ့် သင်္ကြန်အကြိုနေ့မှာ မြန်အောင်က ၂ နှစ်ခွဲအရွယ် ကလေးတဦး ရေပက်ရင်း ထော်လာဂျီကြိတ်မိလို့ သေဆုံးတာရယ် ဝါးခယ်မမှာ လူငယ် ၂ ယောက် ရေနစ်သေတာမျိုးပဲ ရှိပါတယ်။ ခိုက်ရန်ဖြစ်ပွားလို့ လူသေတာမျိုး လုံးဝ မရှိပါဘူး”ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
ထို့အပြင် သင်္ကြန်တွင်း လာရောက်လည်ပတ်သူ များပြားသည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့တွင် လုံခြုံရေး တိုးမြှင့်ချထားကာ လာရောက် အပန်းဖြေသူများ ဘေးအန္တရာယ် မဖြစ်စေရန် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဆိုသည်။
“ရန်ကုန်မှာတော့ မျက်နှာဖုံးတွေ ဖမ်းပြီး သိမ်းဆည်းတာ တွေ့ရတယ်။ ပုသိမ်မှာတော့ မျက်နှာဖုံးတွေနဲ့ လည်ပတ် ကခုန်တာတွေကို ဖမ်းဆီးတာ သိမ်းဆည်းတာ မတွေ့မိဘူး။ ဒီလိုမျက်နှာဖုံးတွေဝတ်ပြီး ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ရင် မခက်ဘူးလား။ ပြီးတော့ သင်္ကြန်တွင်း တုတ်ဓား လက်နက် ကိုင်ဆောင်တာတွေကို သေချာ ကြပ်ကြပ်မတ်မတ် စစ်ဆေးအရေးယူတာတွေ လုပ်စေချင်ပါတယ်”ဟု ပုသိမ်မြို့ခံ ဦးကျော်ကြီးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် သင်္ကြန်ပွဲမတိုင်မီကပင် ရဲတပ်ဖွဲ့မှ မှုခင်းကြိုတင်ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သင်္ကြန်ပွဲကာလအတွင်း သင်္ကြန်မဏ္ဍပ်များနှင့် လူစည်ကားရာ နေရာများတွင် ရဲအင်အား ၁၈၀၀ ကျော်ဖြင့် လုံခြုံရေး ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။