မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေ ကဇာတင်လှူပူဇော်ပွဲနှင့် မဟာသုဝဏ္ဏပါသာဒ ရွှေကျောင်းတော်ကြီး ရွှေစင် ရွှေပြား ရွှေသင်္ကန်းဆက်ကပ်ခြင်း ရေစက်ချ မင်္ဂလာအခမ်းအနားကို ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု မဟာမုနိဂေါပကအဖွဲ့ထံက သိရသည်။
“မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ဗုဒ္ဓဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲပြုလုပ်ရတာက ရွှေကျောင်းတော်ကြီးကို ရွှေစင် ရွှေပြား ရွှေသင်္ကန်းဆက်ကပ်တာတွေ ပြုလုပ်နေတော့ လူပုဂ္ဂိုလ်တွေ အတက်အဆင်း ပြုလုပ်နေရတယ်၊ ပြဿဒ်တော်ကြီး အမိုးတခုလုံး မိုးယိုစိမ့်မှုမဖြစ်အောင် ထပ်ပိုးလွှာ အပါးခင်းတာတွေလုပ်တယ်၊ ကျောင်းတော်ကြီးပေါ်က မီးတိုင် ၃၆ တိုင်ကို ဖယ်ရှားပြီး ထောင့်လေးထောင့်ကနေ မီးတိုင်နဲ့ မီးလုံး အသစ် တပ်ဆင်ပူဇော်ခြင်းတွေ ပြီးစီးအောင်မြင်ပြီးဖြစ်တာကြောင့် ပြုလုပ်တာပါ”ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
အနေကဇာတင်ပူဇော်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ သံဃာ ၁၀၈၀ ပါး အနက် အဘိဓဇ မဟာရဌဂုရုနှင့် အဂ္ဂမဟာပဏ္ဏိတ ဘွဲ့တံဆပ်တော် ဆက်ကပ်ခြင်းခံရသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သြဝါဒ စရိယဆရာတော်ကြီးများ အပါအဝင် သံဃာတော် ၅၂ ပါးအား တပါးလျှင် နဝကမ္မအလှူငွေ ကျပ် တသိန်းငါးသောင်း ဆပ်ကပ်လှူဒါန်း ရေစက်ချသွားမည်ဖြစ်ပြီး ကျန်သံဃာများအား တပါးလျှင် ကျပ်ငါးသောင်းနှုန်းနှင့် သင်္ကန်းတစုံ ကပ်လှူသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဖိတ်ကြားထားကြောင်း၊ အဆိုပါ လှူဒါန်းမှုများကို ဘုရားဖူးများရှေ့မှောက်တွင် ရေစက်သွန်းချ အမျှအတန်း ပေးဝေသွားဖြစ်ပြီး လာရောက်ကြည်ညို ကြမည့် ပရိသတ်များကိုလည်း စတုဒီသာ ကျွေးမွေးဧည့်ခံမည်ဖြစ်သည်။
“ဘုရားကြီးနဲ့ပတ်သက်ပြီး ရုပ်ရှင်တော်မြတ်ကြီးရော ကျောင်းတော်ကြီးရော အလုံးစုံအကြီးစား ပြင်ဆင်ပြီးစီးမှုအနေနဲ့ ပြု လုပ်တာပါ၊ အနေကဇာတင်လှူတာ အရင်ကလည်း ရှိခဲ့မှာပါ၊ ဒါပေမယ့် မှတ်တမ်းများအရတော့ ဗုဒ္ဓဘိသေက အနေကဇာတင်လှူ ပူဇော်တာကို ၂၀၀၂ခုနှစ်က သံဃာအပါး ၉၀ ကျော်နဲ့ လုပ်ခဲ့တယ်လို့ သိရတယ်၊ အဘိဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတွေ အပါအဝင် သံဃာအပါး ၁၀၈၀နဲ့ အနေကဇာတင်သွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် မဟာသုဝဏ္ဏပါသာဒ ရွှေကျောင်းတော်ကြီး ရွှေစင် ရွှေပြား ရွှေသင်္ကန်းဆက်ကပ်ခြင်းများ ကို လက်ရှိဂေါပကအဖွဲ့ စတင်တာဝန်ယူသည့် ၂၀၁၆ ဇွန်လကစပြီး ပြင်ဆင်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြင်ဆင် မှုများကို ကျောင်းတော်ကြီးအတွင်းပိုင်း၊ မဟာရံတံတိုင်း သုံးထပ်အတွင်းပိုင်းနှင့် ၄၅ တာ တခုလုံး အတွင်းပိုင်းဟူ၍ ပိုင်း ခြားဆောက်ရွက်ခဲ့သည်ဟု သိရသည်။
ရုပ်ရှင်တော်မြတ်ကြီး၏ နဖူးတော်ရောင်တော်ဖွင့်ခြင်း၊ ရုပ်ရှင်တော်မြတ် သီတင်းသုံးတော်မူရာ ပြဿဒ်တော်ကြီး အတွင်းနံရံများ ပြုပြင်၍ ရွှေသင်္ကန်းအသစ်ဆက်ကပ်ခြင်း၊ ပလ္လင်တော်ကြီး ရွှေသင်္ကန်းဆက်ကပ်ခြင်း၊ အတွင်းတော်၌ ပူဇော်ထားသော မီးလုံးများအစား ဖန်သားမျှင် အလင်းကြိုးဖြင့် ကမ္ဘာ့အဆင့်မီ စနစ်သစ်ဖြင့် ပြောင်းလဲ ထွန်းညှိပူဇော်ခြင်း၊ ပြဿဒ်တော်တခုလုံး ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေ ဆက်ကပ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ နဖူးသင်းကျစ်တော်တွင် ရွှေချထားသည်များကို မူလမျက်နှာတော်အတိုင်း ကြည်ညိုဖွယ် ဖြစ်စေရန် နည်းပညာဖြင့် ပြန်လည်ပြုပြင်မှုများ ပြုလုပ်ထားပြီး ဦးခေါင်းတော်နှင့် ရင်ဘတ်တော်၌ ချိတ်ဆွဲ တပ်ဆင်ထားသည့် ကျောက်မျက်ရတနာများကိုလည်း မူလအတိုင်း ပြန်လည်ပြင်ဆင်ချိတ်ဆွဲမှုများ ပြုလုပ်ထားသည်။