သတင်း

လှည့်လည် အပူဇော်ခံရာတွင် ဆံတော်ရှင် ပျက်စီးမည်ကို စိုးရိမ်မှုများ ရှိနေ

Want create site? Find Free WordPress Themes and plugins.

ဗုဒ္ဓ၏ ဓာတ်တော်မွေတော် တခုကို သမိုင်းတွင် ပထမဆုံး အနေဖြင့် လှည့်လည် အပူဇော်ခံသည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ အစီအစဉ်ကြောင့် နှစ်ပေါင်း ၂၅၀၀ ကျော် သက်တမ်း ရှိပြီဖြစ်သော ဆံတော် ပျက်စီးမည်ကို စိုးရိမ်မကင်း ဖြစ်နေကြသည်။

ဗိုုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၏ ဌာပနာတိုက်တွင်း ကိန်းဝပ်နေသော မြတ်ဗုဒ္ဓ၏ ဆံတော်ရှင်မြတ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆရာတော်ကြီအချို့နှင့် စေတီတော် ဂေါပကအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဧပြီလ ၁ ရက်နေ့က ပင့်ဆောင်ခဲ့သည်။

ဌာပနာတိုက်ကို ပြုပြင်နိုင်ရန် အတွက် ဆံတော်အား ယာယီထုတ်ယူခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိန်မော်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“အတွင်းဌာပနာတိုက်ကို ပြင်ဖို့ လိုနေတယ်။ မျက်နှာကျက်က ရေယိုနေလို့…” ဟု သူက ပြောသည်။

စေတီတော်၏ သမိုင်းအရ ထိုစေတီတော်ကို မူလတည်ထားခဲ့သူများမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က မွန်လူမျိုးစုများ ဖြစ်သည်။ တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် နောက်ဆုံးပွင့်တော်မူသော ဂေါတမ ဗုဒ္ဓဘုရားရှင်အား ဖူးမြော်လှူဒါန်းခွင့် ရခဲ့သည်ဟု ဘုရားသမိုင်းက ဆိုသည်။

ဗုဒ္ဓဘုရားရှင်က ထိုကုန်သည် ညီနောင်အား ဆံတော် ၈ ဆူ စွန့်ကြဲခဲ့ပြီး ၎င်းတို့က ထိုဆံတော်များကို ထိုစဉ်က ရန်ကုန် (ဥက္ကလာပ) ဘုရင်ထံ ပေးအပ်ခဲ့ကြသည်ဟု ဆိုသည်။

ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၏ ဌာပနာတိုက်တွင်း ကိန်းဝပ်နေသော မြတ်ဗုဒ္ဓ၏ ဆံတော်ရှင်မြတ်/ အောင်ကျော်ထက်/ဧရာဝတီ

ဘုရင်က ဆံတော်အချို့ကို ဌာပနာရန် စေတီအချို့တည်ထားရန် ညွှန်ကြားခဲ့ပြီး ကျန် ဆံတော်များကို ရွှေတိဂုံစေတီတော်တွင် ဌာပနာခဲ့သည်။ ထိုဓာတ်တော် မွေတော်များကြောင့် အထက်ပါ ဗိုလ်တထောင်နှင့် ရွှေတိဂုံ စေတီတော် နှစ်ဆူသည် ဗုဒ္ဓဘာသာဝင်များ၏ အဓိက အရေးပါသည့် စေတီတော်များ ဖြစ်လာသည်။

ထိုဆံတော်ကို ယခုအခါ ရွှေတိဂုံစေတီတော်တွင် ဧပြီ ၁၉ ရက်နေ့မှ ဧပြီ ၂၄ ရက်နေ့အထိ အပူဇော်ခံမည်ဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့၊ နေ့လည် ၂ နာရီခွဲအချိန်တွင် ရွှေတိဂုံစေတီတော်မှ ဗိုလ်တထောင်စေတီတော်သို့ ပြန်လည် ကြွမြန်းအပူဇော်ခံမည် ဖြစ်သည်။

မကြာသေးမီက ဗိုလ်တထောင်စေတီတော် ဂေါပက အဖွဲ့ရုံးသို့ ဧရာဝတီ သတင်းဌာနက ရောက်ရှိသောအခါ အချို့သော အမျိုးသမီးတချို့သည် ၎င်းတို့၏ လက်ဝတ်ရတနာများနှင့် ရွှေ လက်ကောက်များကို ဂေါပကအဖွဲ့သို့ လှူဒါန်းနေသည်ကို တွေ့ခဲ့ရသည်။

ထိုသို့ အဖူးမြော်ခံခြင်းသည် ဗုဒ္ဓဘာသာဝင်များ အတွက် ကြုံထောင့်ကြုံခဲ အခွင့်အရေး ဖြစ်သော်လည်း အပူဇော် ခံစဉ်အတွင်း ထိုဆံတော်များ ထိခိုက်မည်ကို အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူများက စိုးရိမ် နေကြသည်။

“ဆံတော်ရှင်လို အမျိုးသား အမွေအနှစ်တခုဟာ ထိခိုက်လွယ်လို့ အပြင်မှာ အကြာကြီး ထားသင့်လား။ လှည့်လည် အပူဇော်ခံတုန်း တခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ဟု ရန်ကုန် အမျိုးသားအမွေအနှစ်များ စောင့်ရှောက်ရေး အဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။

“ကြိုတင်ပြင်ဆင်ထားမှု ရှိလား၊ မရှိလား ကျမ သိချင်နေမိတယ်” ဟုလည်း သူဆက်ပြောသည်။

သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ရှိ နိုင်ငံ၏ အရေးအကြီးဆုံးသော ဗုဒ္ဓ စွယ်တော်ကို ဌာပနာထားသည့် စေတီတော်နှင့် နှိုင်းယှဉ်ပြီး လည်း သူက ရှင်းပြသည်။ ထိုစွယ်တော်ကို အစောင့်အကြပ် ထူထပ်စွာ ချထားသည့် ဌာပနာတိုက်တွင် ထားရှိပြီး ဗုဒ္ဓဘာသာဝင်များနှင့် နိုင်ငံတကာ ခရီးသည်များအား သတ်မှတ်အချိန် အတွင်းတွင်သာ ဖူးမြော်ခွင့်ပြုသည်။

ဌာပနာတိုက်တွင်းမှ ဆံတော်ရှင်ကို အပူဇော်ခံရန် ပင့်ဆောင်ထုတ်ယူစဉ်/ Zaykabar Company / Facebook

“ဌာပနာတိုက်ထဲကို ရောက်သွားရင်တောင်မှ စွယ်တော်ကို ဖူးရတာ မဟုတ်ဘူး။ ရွှေကြုပ် ခြောက်ထပ် ထဲမှာ ထည့်ထားတာ” ဟုလည်း သူက ရှင်းပြသည်။

ထိုသို့သော ပူပန်မှုများ မဖြစ်စေရန် အတွက် ဓာတ်တော်မွေတောက်ကို ကာကွယ်ရန် ကောင်းစွာ စဉ်းစားသုံးသပ်ထားသည့် အစီအစဉ် တခုရှိသည်ဟု ဦးစိန်မော်က ပြောသည်။

“ဓာတ်တော်ကြုပ်ကို ကားထဲကို ဂရုတစိုက်ထည့်ပြီး ဗိုလ်တထောင်စေတီ ကနေ ရွေတိဂုံစေတီကို ပင့်ဆောင်ဖို့ အကောင်းဆုံး နည်းလမ်းကို ကျနော်တို့ ဆွေးနွေးပြီး ဖြစ်တယ်” ဟု သူက ပြောသည်။

ဌာပနာတိုက်ကို ပြုပြင်ခြင်းသည် အသေးစိတ် ရေးဆွဲထားသော စေတီတော် ပြန်လည် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၏ တစိတ်တပိုင်း ဖြစ်သည် ဟုလည်း သူက ပြောသည်။ ထို အစီအစဉ်တွင် စေတီတော်မှ ရွှေများ အားလုံးကို ပြန်လည် ကျိုချက်ပြီး စေတီတော်၏ ထီးတော်၊ ငှက်မျက်နားနှင့် စိန်ဖူးတော်များတွင် အစားထိုး တပ်ဆင်ခြင်းလည်း ပါဝင်သည်။

ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတို့ကို ရွှေချရန် ရွှေချိန် ၅၀ မှ ၆၀ ကီလိုအထိ လိုအပ်မည် ဟု ခန့်မှန်းထားကြောင်း ဦးစိန်မော်က ပြောပြသည်။

ဧပြီလ ၁ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဆရာတော်ကြီးအချို့၊ ဇေကမ္ဘာလုပ်ငန်းစုနှင့် ရွှေသံလွင် လုပ်ငန်းစုမှ စီးပွားရေး လုပ်ငန်းရှင်များတို့သည် ထိုဗုဒ္ဓမွေတော်ကို ဌာပနာတိုက်မှ ထုတ်ယူပြီး စေတီတော်ကို သုံးကြိမ် လှည့်ပတ်အပူဇော်ခံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အတွင်းက ဗြိတိန်တော်ဝင် လေတပ်သည် လှိုင်မြစ်တလျှောက် ဆိပ်ကမ်းများကို ဗုံးကြဲတိုက်ခိုက်သော အခါ ဗိုလ်တထောင်စေတီတော်သည် လုံး၀ ပျက်စီးသွားခဲ့သည်။ အပျက်အစီးများကို ရှင်းလင်းသောအခါ ဓာတ်တော်ကြုပ် ကို အလုပ်သမားများက ပြန်လည်တွေ့ရှိခဲ့သည်။

လက်ရှိ စေတီတော်ကို မြန်မာ့လွတ်လပ်ရေး ခေတ်ဦးတွင် ပြန်လည် တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading