သတင်း

သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းကို အကောင်းမြင်နေကြ

Want create site? Find Free WordPress Themes and plugins.

သမ္မတသစ် ဦးဝင်းမြင့်က သူ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဧပြီလ ၁၇ ရက်နေ့က တိုင်းပြည်သို့ ပြောကြားခဲ့ရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကဲ့သို့သော ကျယ်ပြန့်သော နိုင်ငံရေး ပြဿနာများနှင့် အကဲဆတ်သည့် ကိစ္စ ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ပြောကြားခြင်းမရှိခဲ့သော်လည်း လူနေမှုအဆင့်အတန်း မြှင့်တင်ရေး နှင့် အခြားသော အများပြည်သူတို့၏ မကျေနပ်မှုများကို ဖြေရှင်းရေးကို အလေးပေးပြောကြားခဲ့သည်။ ထိုသို့ပြောကြားချက်များသည် သတိထား၍ အကောင်းမြင်မှုများ ပေါ်ထွက်စေခဲ့သည်။

မြန်မာ နှစ်ဆန်း ၁ ရက်နေ့တွင် တိုင်းပြည်သို့ ပြောကြားခဲ့သော နှုတ်ခွန်းဆက် မိန့်ခွန်းတွင် ဦးဝင်းမြင့်က အချက် ၁၁ ချက် ပါဝင်သော သူ့အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခုကို ချပြခဲ့၏။ အဆိုပါ အချက်များထဲတွင် အစိုးရ ဝန်ထမ်းများအတွက် တန်ဖိုးသင့် အိမ်ရာများ ဖန်တီးပေးရေး၊ ဘက်မလိုက်ဘဲ လွတ်လပ်မျှတသော တရားစီရင်ရေး မဏ္ဍိုင် ဖြစ်ပေါ်လာရေး၊ သိမ်းဆည်းခံ မြေများကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ရေး၊ အသေးစား စီးပွားရေးလုပ်ငန်း များအတွက် ချေးငွေ ရရှိနိုင်မှုကို မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး နှင့် အခြား အချက်များပါဝင်သည်။

သမ္မတ၏ နှစ်သစ်ကူး ဆုံးဖြတ်ချက်များသည် အာဏာရရှိပြီး ၂ နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း ဖွံဖြိုးတိုးတက်ရေးကို လျင်လျင်မြန်မြန် အားစိုက်ခွန်စိုက် စတင်နိုင်ခဲ့ခြင်း မရှိသည့် အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ဦးဆောင်သည့် အစိုးရ အပေါ် ပြစ်တင်ဝေဖန်မှုများ ရှိနေသည့် အချိန်တွင် ထွက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ ဦးစားပေးချက်များက တိုင်းပြည်တွင် လက်ရှိ ရင်ဆိုင်နေရသော ပကတိတရားများကို ကိုယ်စားပြုနေသည်ဟု ရန် ကုန် အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးဖြစ်သော ဒေါက်တာ ရန်မျိုသိန်း က ပြောသည်။

သမ္မတ၏ ပြောကြားချက်များတွင် သတိထားမိလောက်စရာ ပျောက်ကွယ်နေသည်မှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုအရှိဆုံး ပြဿနာ ၂ ခု ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရယူရေး နှင့် လွှတ်တော်တွင် တပ်မတော်ကို ထင်ထင်ရှားရှား ပါဝင်ခွင့်ပေးထားသော လက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရေးတို့အတွက် မည်သို့ဆောင်ရွက်မည် ဆိုသည့် အချက်များ ဖြစ်သည်ဟု ဒေါက်တာ ရန်မျိုးသိန်း က ဆိုသည်။

၎င်း၏ ရွေးကောက်ပွဲ ကြေညာချက်တွင် NLD ပါတီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရယူ ရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အဓိက ထားခဲ့သည်။ အာဏာ ရရှိခဲ့သည့် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် NLD ဦး ဆောင်သော အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင် ရေး တွန်းအားပေးမှုကို ဦးဆောင်ခဲ့သည်။ သို့သော်လည်း ၂ နှစ် ကျော်ကြာမြင့်ခဲ့သည့် အခါ ထိုမျက်နှာစာ ၂ ခုလုံးတွင အောင်မြင်မှု သိသိ သာသာ မတွေ့ရသေးပေ။

သမ္မတ၏ မိန့်ခွန်းတွင် ငြိမ်းချမ်းရေး နှင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို ရည်ညွှန်းခြင်း မရှိခြင်းကြောင့် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် လွှတ်တော်တို့က တာဝန်များကို ခွဲဝေယူရန် ဆုံးဖြတ်ခဲ့ကြသည် ဆိုသည့် ခန့်မှန်းထင်ကြေးပေးမှု များ ပေါ်ပေါက်စေခဲ့သည်။

ဦးဝင်းမြင့်က အုပ်ချုပ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ တာဝန်ယူမည့် အသွင်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကိုင်တွယ်ဖွယ်ရာ ရှိ၍ လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်ဖွယ်ရာ ရှိသည် ဟု ဒေါက်တာ ရန်မျိုးသိန်းက ပြောသည်။

“၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို သူက စတင် ခဲ့တာဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည် ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးဆောင်မှု အခန်းကဏ္ဍတခုကို ဆက်လက်ပြီး ယူသွားဖွယ်ရာ ရှိတယ်လို့ စဉ်းစားလို့ ရနိုင်ချေရှိတယ်” ဟု သူက ပြောသည်။

အခြေခံ ဥပဒေပြင်ဆင်ရေးပိုင်းတွင် ပြီးခဲ့သည့် ၂ နှစ် အတွင်း လွှတ်တော်၏ အားထုတ်မှုများက အရာမထင်ခဲ့သည့် အတွက် အရပ်သား ပြည်သူများ၊ တပ်မတော် နှင့် တိုင်းရင်းသား အဖွဲ့အစည်း များမှ အရေးပါသူများကြားတွင် ဆွေးနွေးမှုများ လိုအပ်သည်ဟု ဒေါက်တာ ရန်မျိုးသိန်းက ဆိုသည်။

“သူတို့ကြားမှာ နိုင်ငံရေး သဘောတူညီမှုတခု ရမှသာ ကျနော်တို့ အခုရင်ဆိုင်နေရတဲ့ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို (အခြေခံဥပဒေက လွှတ်တော် လမ်းကြောင်းမှ ပြင်ဆင်ရမည် ဖြစ်သော်လည်း) ကျော်လွှားနိုင်မယ့် အနေအထား ဖြစ်နေတယ်” ဟု သူက ပြောသည်။

လယ်ယာမြေ ကိစ္စအပေါ်တွင် သမ္မတ၏ အာရုံစိုက်မှုနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ မြန်မာနိုင်ငံမှ လယ်သမား အခွင့်အရေး နှင့် မျှတသော မြေယာ မူဝါဒများ အသုံးပြုရေးအတွက် ဦးဆောင် တောင်းဆိုနေသူ တဦး ဖြစ်သည့် ဒေါက် တာ သောင်းထွန်းက အဆိုပါ ပြဿနာကို ဖြေရှင်းရေး အတွက် သမ္မတတွင် ရည်ရွယ်ချက်ကောင်းများ နှင့် နိုင်ငံရေး ဆန္ဒများ ရှိမည် ဆိုသည်ကို သံသယ မရှိကြောင်း ပြောသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍက လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ကို အလုပ်ပေးထားကြောင်း သူက ထောက်ပြသည်။

ဥပဒေမဲ့ သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေး နှင့် လျော်ကြေး၊ နစ်နာကြေးများ ရရှိရေးတို့ အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ ပြန်လည် မပေးအပ်ရသေးသော သိမ်းဆည်းမြေများနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ပြန်လည် စိစစ်ရေး ကော်မတီ အသီးသီးက အမြန်ဆုံး စိစစ်ကြ၍ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ နှင့် ညှိနှိုင်း၍ မူလပိုင်ရှင်များ ထံသို့ ပြန်လည်ပေးအပ်နိုင်ရန် ဆောင် ရွက်သွားမည် ဟုလည်း ဆိုသည်။

“ဒါပေမယ့် သူ့ရဲ့ ချဉ်းကပ်မှုတွေက မှန်ကန်တဲ့ ဗျူဟာနဲ့ အတူဖြစ်ဖို့ အရေးကြီးပါတယ်” ဟု Peace and Justice Network ၏ ဒါရိုက်တာ ဒေါက်တာ သောင်းထွန်း က သတိပေးသည်။

ယခု မရှိတော့သည့် လွှတ်တော် မြေယာ စုံစမ်း စစ်ဆေးရေး ကော်မတီ၏ အဆိုအရ ၁၉၈၀ နှစ်များ နှင့် ၂၀၀၀ အစော ပိုင်း နှစ်များ အတွင်းတွင် တပ်မတော်၊ အစိုးရ နှင့် ပုဂ္ဂလိက ကုမ္ပဏီများက မြေဧက ၅၀၀၀၀၀ ကျော် သိမ်းယူခဲ့သည်ဟု သိရသည်။

အာဏာရရှိပြီး လအနည်းငယ် အကြာ ၂၀၁၆ ခုနှစ် အတွင်းတွင် NLD ဦးဆောင်သော အစိုးရက မြေသိမ်းမှုများကို စုံစမ်း စစ် ဆေးရန် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဥက္ကဌ အဖြစ်ဆောင်ရွက်သည့် သိမ်းဆည်းခံ စိုက်ပျိုးမြေ နှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီက မြေဧက သောင်းနဲ့ချီပြီး ပြန်လည်ပေးအပ်နိုင်ခဲ့သော်လည်း ကော်မတီ၏ လုပ်ပိုင်ခွင့်က အကန့်အသတ်ရှိနေသည်။ ကော်မတီက စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းတခု သက်သက်သာဖြစ်ပြီး မူဝါဒ သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်ရန် အာဏာမရှိချေ။ ထို့ပြင် မြေယာသိမ်းယူမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် တာဝန်ရှိသူ အချို့က ကော်မတီတွင် ပါဝင်နေကြပြန်သည်ဟု ဒေါက်တာ သောင်းထွန်းက ပြောသည်။

“တကယ်လို့ သမ္မတက မြေယာ အခွင့်အရေးနဲ့ ပတ်သက်တဲ့ အရေးပေါ် ဥပဒေတခု ပြဌာန်းပေးပြီးတော့ (အရေးယူ ဆောင်ရွက် ပေးဖို့) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေနဲ့ လယ်သမားတွေကို လုပ်ပိုင်ခွင့်ပေးနိုင် မယ်ဆိုရင် ပိုပြီးတော့ အထောက်အကူ ဖြစ်ပါလိမ့်မယ်” ဟု ဒေါက်တာ သောင်းထွန်းက ပြောသည်။ အထက်တွင် ရှိသူများက လက်တွေ့မြေပြင်တွင် ဖြစ်ပျက်နေသည့် အရာရာတိုင်းကို မသိနိုင်သည့် အတွက် ဗဟိုချုပ်ကိုင်မှုကို လျှော့ချခြင်း ကလည်း ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဒေါက်တာ သောင်းထွန်းက ရှင်းပြသည်။

သူ၏ အစိုးရက တည်ငြိမ်မှုကို မထိခိုက်စေဘဲ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း နှင့် အချုပ် အခြာ အာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုနှင့် နီးစပ်သော အောက်ခြေမှ စတင်မည် ဖြစ်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

အကယ်၍ သမ္မတက အောက်ခြေမှ အထက်သို့ သွားသည့် ပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်စားသည်ဆိုလျှင် အောက် ခြေ တွင် မည်သို့ဖြစ်ပျက်နေသည်၊ လိုအပ်နေသည်တို့ကို သိရှိရန် အတွက် မီဒီယာ၊ ဆိုရှယ်မီဒီယာများ တွင် ထုတ်ဖော်နေ သည့် အသံများကို နားထောင်ရန်၊ အရပ်ဘက် အဖွဲ့အစည်းများ နှင့် ထိတွေ့ရန် လိုအပ်မည်ဟု ဒေါက်တာ ရန်မျိုးသိန်းက ပြောသည်။

“ဒီအသံတွေကို ကြားနိုင်ဖို့ သမ္မတက အားထုတ်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ သူ့ရဲ့ လက်အောက်ကလူတွေပေးတဲ့ စိတ် ကျေနပ်စရာ ဖုံးဖုံးဖိဖိ သတင်း တွေကိုဘဲ အဟုတ်ထင်နေမယ်ဆိုရင် သူလိုချင်တဲ့ ပန်းတိုင်ကို ရ နိုင်မှာ မဟုတ်ဘူး။” ဟု ဒေါက်တာ ရန်မျိုးသိန်း ကပြောသည်။

(အင်္ဂလိပ်ဘာသာဖြင့် Peace, Charter Reform Take Back Seat as Myanmar President Stresses Social Issues တွင် ဖတ်ရှုပါ)

Did you find apk for android? You can find new Free Android Games and apps.
Loading