ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့က အထက်တန်း ကျောင်းသူတဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး တရားရုံးက မြန်မာ လူငယ် ၄ ဦး ကို ဧပြီလ ၁၉ ရက်နေ့က ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း ထိုအမှုကို လိုက်ပါဆောင်ရွက်ပေးနေသော ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံသား ၄ အနက် အသက် ၁၈ နှစ် မပြည့်သေးသူ မိုးဇက်အောင်နှင့် ကျော်စိုးဦးတို့ ၂ ဦးကို ကလေးတရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခဲ့ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူ ၂ ဦးဖြစ်သည့် ကိုစိန်ဂတုံး နှင့် ကိုဝေလင်း တို့ကိုတော့ လူကြီးတရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
FED ၏ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦး က “ကျနော်တို့ ကာယကံရှင်ရဲ့ မိဘတွေနဲ့ တိုင်ပင်ပြီး အယူခံဝင်မယ်။ ရှေ့နေ တွေနဲ့ တိုင်ပင်ပြီး တလအတွင်း တင်မယ်။ စီရင်ချက် ချထားတဲ့ ဖိုင်တွေကို မိတ္တူကူးပြီး ဘယ်အချက်၊ ဘယ်အချက်တွေကို ပြန်ပြီးတော့ ချေပရမလဲဆိုတာတွေ လုပ်ရမှာလေ” ဟု ဧရာဝတီသို့ ပြောသည်။
အသက် ၁၈ နှစ် ပြည့်ပြီးသူများဖြစ်သည့် ကိုစိန်ဂတုံး ကို ထောင်ဒဏ် ၈ နှစ်၊ ကိုဝေလင်း ကို ၆ နှစ်နှင့် ၂ ဦးပေါင်း ဒဏ်ငွေ ဘတ် ၅ သိန်းနှင့် ၇ သောင်း (ကျပ် သိန်း ၂၂၀ ကျော်) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။ ငွေဒဏ်ကျခံလျှင် ထောင်ဒဏ် လွတ်နိုင်သည်ဟု ဦးမင်းဦးက ဆိုသည်။
အလားတူ အသက် ၁၈ မပြည့်သေးသူ ၂ ဦး အနက် မိုးဇက်အောင် ကို ထောင်ဒဏ် ၄ နှစ်နှင့် ဘတ် ၈ သိန်း ၁ သောင်း ချမှတ် ခဲ့သလို ကျော်စိုးဝင်းကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂ သိန်း ၇ သောင်း ချမှတ်ကြောင်း သိရသည်။
“ကျော်စိုးဝင်းက ချုပ်နှောင်ခံထားခဲ့ရတာ ၂ နှစ်ပြည့်ပြီးဖြစ်လို့ ဒီနေ့ဘဲလွတ်မယ် မိုးဇက်အောင်က တော့ နောက် ၆ လပြီးရင် အသက်၁၈ နှစ်ပြည့်မှာမိုလို့ အဲ့ဒီအခါကျရင် လွှတ်လောက်တယ်။ ခက်တာက အကြီး ၂ ယောက်အတွက် စိတ်မကောင်း ဖြစ်ရတယ်” ဟု ဦးမင်းဦးက ၎င်း၏ Facebook စာမျက်နှာထက်တွင် သဘောထားမှတ်ချက် ရေးထားသည်။
မြန်မာနိုင်ငံသား ၄ ဦးသည် ရနောင်းမြို့ရှိ ပင်လယ်အစားအစာများ ထုတ်လုပ်သည့် အလုပ်ရုံတွင် လုပ်ကိုင် နေကြသူများ ဖြစ်ပြီး ရနောင်းမြို့၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလ၂၈ ရက်က ဖြစ်ပွားခဲ့သော အသက် ၁၉ နှစ် အရွယ်ရှိ Orawee Samphaothong ခေါ် Apple ဆိုသူ ထိုင်းကျောင်းသူ တဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲဖမ်းဆီးခဲ့ကြရခြင်း ဖြစ်သည်။
သေဆုံးသူ Samphaothong ခေါ် Apple သည် အခင်းဖြစ်ပွားခဲ့သော ညက သူငယ်ချင်းဖြစ်သူထံသို့ တဦးတည်း အလည် သွားစဉ် လမ်းခရီး၌ အသတ်ခံရခြင်း ဖြစ်ကြောင်း၊ ဓား ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ပြီး ဓားဒဏ်ရာ ၁၇ ချက် စစ်ဆေး တွေ့ရှိ ကြောင်း ရဲမှတ်တမ်း ဖော်ပြမှုကို ကိုးကားပြီး ထိုင်း သတင်းစာများက ရေးသားခဲ့ကြသည်။
မြန်မာလူငယ်များသည် လူသတ်မှု၌ ၎င်းတို့ ပါဝင်ခြင်းမရှိဟု မူလက ထွက်ဆိုထားသော်လည်း လူသတ်မှုဖြင့် စတင် ဖမ်းဆီး စစ်ဆေးစဉ်က ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့အား ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ပြစ်မှုကျူးလွန်ခဲ့ ကြောင်း ဝန်ခံခဲ့ရသည်ဟု ဆိုသည်။
၎င်းတို့နှင့်ပတ်သက်၍ စစ်ဆေးထားသည့် သက်သေခံပစ္စည်း အထောက်အထားများ အရ ခိုင်မာသည့် သက်သေ အထောက် အထား တစုံတရာ မတွေ့ရသေးကြောင်း၊ သေဆုံးသူ အမျိုးသမီးငယ်၏ အဝတ်အစားများနှင့် ဖမ်းဆီးခံထားရသည့် မြန်မာ လူငယ် များ၏ အဝတ်အစားများ၊ အသုံးအဆောင် ပစ္စည်းများကို မျိုးဗီဇ (DNA) စစ်ဆေးရာ၌ တူညီမှုမရှိကြောင်း သိရ သည်။
“DNA မှာ ဒီကလေးတွေနဲ့ ပတ်သက်တာ တခုမှ မတွေ့ဘူး။ လူသတ်လက်နက်တွေမှာရော၊ ကလေးမလေးရဲ့ ခန္ဓာကိုယ်မှာတို့ ကလေးမလေးရဲ့ အဝတ်အစားတွေမှာတို့ အဲဒါမျိုးတွေအများကြီးပဲ။ တရားရုံးက ဒါတွေအပေါ်မှာ ခံယူပြီးတော့ ဆုံးဖြတ်တာ မရှိဘူး” ဟု ဦးမင်းဦး က ပြောသည်။
၎င်းက ဆက်၍ “သူတို့ အကြောင်းပြချက်က စတင်ဖမ်းဆီး စစ်ဆေးစဉ်ကတည်းက ဝန်ခံထားတာ ကလည်း တကြောင်းပေါ့။ ဒီဥစ္စာတွေကို စွဲချက်တင်တဲ့ အခါမှာ ဘာသာပြန်တွေနဲ့ မေးပြီးတော့ လက်မှတ်ထိုးခိုင်းတာ ဖြစ်တဲ့ အတွက်ဆိုပြီး လုပ်တာပေါ့။ ဒီဘက်က ကျနော်တို့ တင်တဲ့ အချက်အလက်တွေ အကုန်လုံးကို မခိုင်လုံအောင်လုပ်ပစ်တယ်” ဟု ပြောသည်။
အဆိုပါ ရနောင်းလူသတ်မှုကို FED အဖွဲ့နှင့်အတူ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီ၊ ထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့က ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ လအတွင်းက ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသား ၂ ဦးဖြစ်သော ဒေးဗစ် မီလာနှင့် ဟန်နာ ဝစ်ထာရစ်ချ်တို့ ၂ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသားများဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ကို လူသတ်မှု၊ အဓမ္မကျင့်မှု၊ ပစ္စည်းခိုးမှု စသည့် ပုဒ်မများ တပ်ပြီး သေဒဏ် အမိန့် ချခံထားရပြီး အယူခံ နောက်ဆုံးအဆင့်တွင် ရင်ဆိုင်နေရသည်။
ဆက်စပ် ဖတ်ရှုရန် – ရနောင်းက ထိုင်းကျောင်းသူ အသတ်ခံရမှု သက်သေ အထောက်အထား တင်ပြရန် ပျက်ကွက်