ကချင်ပြည်နယ် တနိုင်းဒေသတွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တို့ သင်္ကြန် မတိုင်ခင် ကာလ က စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေဆဲ ဖြစ်သည့်အတွက် စစ်ဘေးရှောင် ဒေသခံ ကျေးရွာသား ၂၀၀၀ ကျော် နေရပ်ပြန်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း သတင်းရသည်။
စစ်ဘေးရှောင်များမှာ အောင်လောဒ့်ရွာမှ ဒေသခံများ ဖြစ်ပြီး လက်ရှိ အခြေအနေအရ နေရပ် မပြန်သင့်သေးကြောင်း KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“စစ်ကြောင်းတွေက အောင်လောဒ့် ဘက်မှာလည်း ရှိတယ်။ KIA ဘက်မှာလည်း ရှိတယ်။ ပြည်သူလူထုကို အိမ်ပြန် ခိုင်း တယ် ဆိုတာ တိုက်ပွဲက မငြိမ်သေးဘူးလို့ ကျနော် ပြောလိုပါတယ်။ သူတို့ ပြန်ပို့မယ့် လမ်းက တိုက်ပွဲဖြစ်နေတဲ့ လမ်း။ ဒီ လမ်းဘက်ကနေ ပြန်ဖို့ သူတို့က ပြောနေတာ၊ ဒါကတော့ ပြည်သူလူထု အတွက်တော့ စိုးရိမ်ဖို့တော့ ကောင်း တဲ့ လမ်းကြော ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
တနိုင်းမြို့ပေါ်တွင် တပ်မတော်က ဧပြီ ၁၈ ရက်က အောင်လောဒ့် ကျေးရွာမှ ရွာသူ ရွာသားများ မိမိတို့ နေရပ်သို့ ပြန်လည် နေထိုင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပြန်လည်နေထိုင်ကြရန် လော်စပီကာနှင့် လိုက်လံ ကြေညာပေးခဲ့ ကြောင်း သိရသည်။
တပ်မတော်က“အောင်လောဒ့် ဒေသတွင် KIA အကြမ်းဖက် သောင်းကျန်းသူများကို ဖယ်ရှား ရှင်းလင်းခဲ့ပြီး ဖြစ်သည့် အတွက် အကြောင်း အမျိုးမျိုးကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသော KIA နှင့် ပတ်သက် ဆက်စပ်မှု မရှိသည့် အပြစ်မဲ့ ရွာသူ ရွာသားများ မိမိတို့ နေအိမ်သို့ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရန် တပ်မတော်နှင့် တနိုင်းမြို့နယ် အုပ် ချုပ်ရေး အဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ က ကူညီ ဆောင်ရွက်ပေးသွားမည်”ဟု ကြေညာ ပြောဆိုခဲ့သည်။
ထို့ပြင် တနိုင်းမြို့တွင် ရောက်ရှိနေသော အောင်လောဒ့်မှ ရွာသူရွာသားများ ရှိပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူး ထံသို့ သွားရောက် သတင်းပို့ရန်နှင့် ၎င်းတို့အား လက်ခံထားရှိသော တနိုင်းမြို့ပေါ်မှ ဆွေမျိုး၊ မိတ်ဆွေများ အနေနှင့် အောင်လောဒ့် ရွာသူရွာသားများအား ၎င်းတို့၏ ကျေးရွာသို့ ပြန်လည်နေထိုင်နိုင်ရေး အတွက် အတူတကွ ပို့ဆောင် သတင်း ပို့ကြရန် လိုအပ်သည်ဟုလည်း ထည့်သွင်း ကြေညာခဲ့သည်။
ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်က တပ်မတော်က အောင်လောဒ့် ကျေးရွာမှ ရွာသူရွာသားများကို နေရပ်သို့ ပြန်ခိုင်းနေခြင်းနှင့် ပတ်သက်ပြီး မည်သည့် အာမခံချက်မျိုးကို ပေးမည်နည်းဟု မေးခွန်း ထုတ်သည်။
ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်မှ ဒေါ်ဆွတ်ဆိုင်းထွယ်က “အောင်လောဒ့် ရွာတွင်းထဲကို KIA သူပုန်သောင်း ကျန်းသူတွေကို ဗမာတပ်မတော် ဘက်ကနေ ရှင်းလင်းပေးထားပြီး ဖြစ်တဲ့အတွက်ကြောင့် ရွာသူရွာသားတွေ လာ ရောက် နေထိုင်နိုင်ပြီလို့ ပြောတယ်။ ကျမတို့ကကျတော့ ရွာသူ ရွာသားတွေကို ဘေးကင်းစွာ ပြန်နေထိုင်နိုင်ပြီ ဆိုတာ ကို ဘာနဲ့ အာမခံချက် ပေးမလဲပေါ့”ဟု ပြောသည်။
တပ်မတော်နှင့် KIA ကြား တနိုင်းမြို့နယ် အောင်လောဒ့် ကျေးရွာအနီး၌ ဧပြီ ၁၁ ရက်မှ ၁၇ ရက်ထိ တိုက် ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၂ ထောင်ကျော် တိုက်ပွဲ ရှောင်နေကြရကြောင်း သိရသည်။
လက်ရှိတွင် အောင်လောဒ့် ကျေးရွာမှ တိုက်ပွဲရှောင် ၂၀၀၀ ကျော်သည် ရွာနှင့် ၁၀ မိုင်အကွာရှိ တောထဲတွင် နေထိုင် နေကြရပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက် က ပြောသည်။
ဒေါ်ဆွတ်ဆိုင်းထွယ်က “ရွာသူရွာသားတွေ ဒီနေ့ မနက် ကျမတို့ကို ပြန်ပြီး သတင်းပေး လာတာရှိတယ်။ သူတို့က ဘယ်လိုမှ အယုံအကြည် မရှိဘူး။ ဘယ်လိုမှလည်း လာပြီးတော့ မနေထိုင်ရဲဘူးလို့ ကျမကို ပြောပါတယ်။ လက်ရှိ ရွာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့နေရာ ရောက်သွားပြီ။ ရွာထဲမှာ လာရောက် နေထိုင်နိုင်တဲ့ အခြေအနေမရှိဘူး”ဟု ပြောပြသည်။
အောင်လောဒ့် ကျေးရွာအနီး၌ ဧပြီ ၁၇ ရက်က တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော်လည်း ဧပြီ ၁၈ နှင့် ၁၉ ရက် များ တွင်မူ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ ပြန်လည် ငြိမ်သက်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “အခု လောလောဆယ်ကတော့ KIA တပ်မဟာ၂ နယ်မြေဖြစ်နေတဲ့ တနိုင်းမြို့နယ် ဘက်မှာ စစ်ရေး အခြေအနေက တင်းမာနေတုန်း ဖြစ်ပါတယ်။ မနေ့က တနေ့ကပဲ တိုက်ပွဲ မရှိဘူး။ ဒီနေ့ အခြေအနေ ကတော့ အခုထိ ဘာမှ မကြားရသေးပါဘူး။ ဒါပေမယ့် စစ်ကြောင်းတွေ အကုန်လုံးက တနိုင်းဘက် ဒီအောင်လောဒ့်ဘက်မှာ စုထား နေတုန်းဖြစ်လို့ စစ်ရေး အခြေအနေကတော့ တင်းမာနေဆဲ ဖြစ်ပါတယ်”ဟု ပြောပြသည်။
KIA ၏ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း ၁၄ က ဟူးကောင်းခရိုင် (တနိုင်းဒေသ) အတွင်း ဧပြီ ၁၀ ရက်မှ စတင် ပြီး ပြောက်ကျား စစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်က ထုတ်ပြန် ကြေညာ ထားသည်။
ထို့နောက် ဧပြီ ၁၁ ရက်တွင် အောင်လောဒ့် ကျေးရွာအနီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ စစ်ရေး တင်းမာ နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အလားတူ ဖားကန့်ဒေသ ဘက်၌လည်း KIA ၏ တပ်ရင်း ၆ နှင့် တပ်မတော်ကြား စစ်ရေး တင်းမာနေပြီး တိုက်ပွဲ တချို့ ဖြစ်ပွားလျက် ရှိကြောင်း KIA သတင်းနှင့် ပြန်ကြားရေး ဌာနမှ သိရသည်။