သတင်း

နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဆောက်မည်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ သံတမန်ဇုန် နေရာတွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ် တည်ဆောက်ရန် အတွက် အစိုးရကို တင်ပြထားပြီးဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (NPTDC) မှ သိရသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ က “တချို့မြေကွက်တွေကို ပယ်ဖျက်ပြီးတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့ နိုင်ငံခြားရေးရုံး၊ နိုင်ငံတော် သမ္မတရုံးတို့က ခွင့်ပြုချက်ရတာနဲ့ နိုင်ငံတကာ တက္ကသိုလ်ကို စတင်တည်ဆောက် သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ကိုးရီးယားနိုင်ငံ အခြေစိုက် The Founding Committee of International University in Myanmar မှ ဒေါက်တာ Mr.Sung Ki Baik ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်၌ နိုင်ငံတကာ တက္ကသိုလ်များတည်ဆောက်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ နေပြည်တော် စည်ပင်သာယာရေး ကော်မတီသို့ မတ်လ အစောပိုင်းကတည်းက လာရောက်ဆွေးနွေးမှုများ ရှိသည်ဟု ၎င်း၏ အဆိုအရသိရသည်။

နေပြည်တော် တက္ကသိုလ်ကို အမည်ပေးရန် ရွေးချယ်ခြင်းမပြုရသေးကြောင်းနှင့် တက္ကသိုလ်အနေဖြင့် နေပြည်တော် ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအထောက်အကူ ပြုနိုင်ပြီးဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းခွင် အတတ်ပညာ ပေါင်းစုံနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်ပေါင်းစုံ တက်ရောက် သင်ယူနိုင်မည့် တက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဟု ဦးမင်းသူက ပြောသည်။

ဒက္ခိဏသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကလည်း “အခုတက္ကသိုလ် ဆောက်မယ်ဆိုတာက နေပြည်တော်ကို Smart City ဖြစ်အောင် တည်ဆောက်မယ်လို့ ပြောထားတဲ့ အထဲက အစိတ်အပိုင်းတခုကို စပြီးအကောင် အထည်ဖော်တာပေ့ါ” ဟု ဧရာဝတီသို့ ပြောသည်။

နေပြည်တော် စတင်တည်ဆောက်စဉ် ကတည်းက သံတမန်ဇုန်များ တည်ဆောက်ရန် အတွက် ဒက္ခိသီရိ မြို့နယ် အတွင်းတွင် မြေဧက ၁၅၀၀ ကျော် လျာထားခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းနေရာတွင် မြန်မာနိုင်ငံ အခြေစိုက် သံရုံးများ တည်ဆောက်ပါက မြေဧက ၅၀၀ ခန့်သာ အသုံးပြုမည် ဖြစ်သောကြောင့် မြေဧက ၃၀၀ ခန့်အကျယ်တွင် နိုင်ငံတကာ တက္ကသိုလ်တည်ဆောက်ရန် အစိုးရအဖွဲ့ကို တင်ပြထားကြောင်း၊ ခွင့်ပြုချက် ရသည်နှင့် တည်ဆောက်ရေး လုပ်ငန်းများ စတင်တေ့ာမည် ဖြစ်ကြောင်း ဦးမင်းသူကဆက်ပြောသည်။

နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကို သံတမန်ဇုန် အဖြစ် သတ်မှတ်ထားသည့် မြေဧက ၁၅၀၀ ကျော် အနက် Junction ဈေးဝယ်စင်တာ၏ နောက်ကျောဘက်ရှိ မြေကွက်လပ်များ၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ MICC 1 နှင့် MICC2 အကြားနေရာ စသည့် ဟိုတည်ဇုန်များနှင့် ဆက်စပ်လျှက်ရှိသည့် မြေဧက ၃၀၀ ခန့်တွင် တည်ဆောက်သွားမည်ဟုသိရသည်။

လက်ရှိနေပြည်တော်ကို ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းဟူ၍ မြို့နယ် စုစုပေါင်း ၈ မြို့နယ် ဖွဲ့စည်းထားလျှက်ရှိပြီး အကျယ် အဝန်းမှာ စုစုပေါင်း ၂၇၂၄.၇၅ စတုရန်းမိုင်ရှိကာ လူဦးရေ ၁ သန်းကျော် နေထိုင်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

နေပြည်တော်တွင် တည်ဆောက်မည့် တက္ကသိုလ်ကို ကိုးရီးယားနိုင်ငံမှ ငွေကြေး အကုန်အကျ ခံမည့်အပြင် ၎င်းတို့၏ နည်းပညာ အတိုင်းတည်ဆောက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်က မြေနေရာစိုက်ထုတ်ပေးရမည် ဖြစ်ကြောင်း၊ အစိုးရကမြေနေရာ ခွင့်ပြုသည်နှင့် တည်ဆောက်ရေး လုပ်ငန်းများစတင်မည် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် သင်ကြားရေးပိုင်းများစတင်နိုင်ရန် စီစဉ်ထားသည်ဟု ဦးမင်းသူက ဆိုသည်။

ဇေယျာအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနန္ဒကျော်က အနာဂတ် ကလေးတွေအတွက် အလွန်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပညာရေးအတွက်သာ မကဘဲ မြို့ရဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းပါ ပွင့်လာမှာ ဖြစ်တဲ့ အတွက် ကြိုဆိုရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဇေယျာသီရိ မြို့နယ်တွင်လက်ရှိ ရှိပြီးသားဖြစ်သော တက္ကသိုလ်များမှာ သစ်တောတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading