ရိုဟင်ဂျာခေါ် ဘင်္ဂလီများကို အစုအဝေးလိုက် သတ်ဖြတ်မှုအတွက် ထောင်ဒဏ်ကျခံနေရသော စစ်သား ၇ ဦးအား သမ္မတ၏ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟူသော သတင်းမှားကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီက ဧပြီလ ၁၈ ရက်နေ့တွင် သူမ၏ တွစ်တာ Twitter မှ ထပ်မံဖြန့်ချိခဲ့သည်။ သတင်းမှား ဖြန့်မိသည့်အတွက် မစ္စယန်ဟီးလီက စိတ်မကောင်းဖြစ်ရပါကြောင်း တောင်းပန်ချက်ကို ယမန်နေ့ ညနေပိုင်းက ၎င်း၏ တွစ်တာအကောင့်တွင် ပြန်လည်ရေးသားခဲ့ သည်။
ယန်ဟီးလီသည် Myanmar National Television – MNTV မှ ထုတ်လွှင့်သော ဗီဒီယို ထုတ်လွှင့်မှုတခုကို သူမ၏ တွစ်တာ လူမှုကွန်ရက် အကောင့်တွင် ပြန်တင်ထားပြီး “တရားမျှတမှုဆိုတာ ဘယ်မှာလဲ။ အင်းဒင်လူသတ်မှုအတွက် အပြစ်ရှိတဲ့ တပ်မတော် ၇ ယောက်ကို လွှတ်လိုက်ပြီး ရိုက်တာသတင်းထောက်နှစ်ယောက်က ထောင်ထဲမှာ ကျန်နေတယ်” ဟု ဧပြီလ ၁၈ ရက်နေ့က ရေးသားခဲ့သည်။
သို့သော် ထိုသတင်းသည် မှားယွင်းကြောင်း နောက်ပိုင်းတွင် ပေါ်လာခဲ့သည်။
ထိုမှားယွင်းသော သတင်းကို MNTV က ပထမဆုံး ထုတ်လွှင့်ခဲ့ခြင်းဖြစ်သော်လည်း နောက် ၁ နာရီခန့်ကြာသော အခါ ပြန်လည် ဖြုတ်ချခဲ့သည်။ MNTV သည် အစိုးရနှင့် Sky Net ပူးတွဲ လုပ်ကိုင်သော ရုပ်သံလွှင့်ဌာန ဖြစ်သည်။ ထိုရုပ်သံလွှင့်လုပ်ငန်းကို လုပ်ငန်းရှင်ကြီး ဦးကျော်ဝင်း၏ ရွှေသံလွင် ကုမ္ပဏီက ပိုင်ဆိုင်သည်။
MNTV ၏ သတင်းသည် လုံး၀ မှားယွင်းကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ဧရာဝတီသတင်းဌာနသို့ ဧပြီလ ၁၈ ရက်နေ့တွင် ပြောသည်။ အင်းဒင် ကိစ္စအတွက် အရေးယူခံထားရသည့် တပ်မတော်သားများသည် ထောင်အတွင်းတွင်ရှိနေသေးကြောင်းလည်း သူက အတည်ပြုသည်။
“ဒီသတင်းက မမှန်ဘူး။ သူတို့တောင်းပန်ရမယ်” ဟု ဦးဇော်ဌေးက ပြောသည်။ MNTV သည် ဧပြီလ ၁၉ ရက်နေ့က ၎င်းတို့၏ ဖေ့ဘွတ်စာမျက်နှာတွင် ထိုသတင်း မှားယွင်းခြင်းအတွက် တောင်းပန်ခဲ့သည်။
ဧရာဝတီက မိတ္တူ ကြည့်ခွင့်ရသော တရားဝင် စာရင်းအရ စစ်တွေထောင်မှ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်ရသူများတွင် တပ်ပြေး ၅၅ ဦး၊ ရခိုင်နှင့် မွတ်စလင် အကျဉ်းသားများအပါအဝင် မူးယစ်ဆေးရောင်းဝယ်သူ ၂၉ ဦးနှင့် မတရားသင်းဆက်သွယ်မှုနှင့် ထောင်ချမှတ်ခံထားရသူ ၃ ဦး ပါဝင်ပြီး စုစုပေါင်း ၈၇ ဦးဖြစ်သည်။
စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား ၉၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း MNTV ရုပ်သံက မှားယွင်းကြေညာခဲ့သည်။
ရခိုင်ပြည်နယ် ပြသနာဖြေရှင်းရာတွင် ပါဝင်ပတ်သက်နေသော ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦးအနေဖြင့် ယခုကဲ့သိုု့ မှားယွင်းသော သတင်းအချက်အလက်များကို ထပ်မံဖြန့်ချိခြင်းသည် အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေနိုင်သောကြောင့် ယန်ဟီးလီ အနေနှင့် မလုပ်သင့် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကပြောသည်။
“သူက သတင်းကို မှန်လား၊ မှားလား မသိဘဲ ပြန်ရှဲတယ်။ ဒါကြောင့်မို့လို့ သူဟာ ရခိုင်ပြဿနာရဲ့ရှုပ်ထွေးမှုကို အမှန်တကယ်ဖြေရှင်းချင်လား၊ ပိုမို ရှုတ်ထွေးစေလိုတာလားဆိုတာ အင်မတန်ကို မေးခွန်းထုတ်စရာ ကောင်းနေတယ်” ဟု ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
ထိုသို့ သတင်းမှားကို တဆင့် ပြန် ဖြန့်ချိသည်မှာ ယန်ဟီးလီ တဦးတည်း မဟုတ်ပေ။
Fortify Rights အမည်ရှိ လူ့အခွင့်အရေးအုပ်စုတခုကလည်း “အင်းဒင်ရွာမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ထောင်ချခံထားရတဲ့ စစ်သား ၇ ယောက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က လွတ်သွားတယ်လို့ မြန်မာနိုင်ငံပိုင် မီဒီယာက မနေ့က ကြေညာတယ်။ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်က မင်းမူနေတယ်။ အခု နိုင်ငံတကာက တရားမျှတမှုအတွက် လုပ်ဆောင်ရမယ့် အချိန်ရောက်ပြီ” ဟု တွစ်တာလူမှုကွန်ယက်တွင် ရေးသားသည်။
ထိုမှားယွင်းသော သတင်းကို Fortify Rights က ဧပြီလ ၁၈ ရက်နေ့တွင် တင်ခဲ့ပြီးနောက် မကြာမီ ပြန်လည်ဖယ်ရှားခဲ့သည်။
ဧပြီလ ၁၉ ရက်နေ့ မွန်းတိမ်းသည်အထိ ယန်ဟီးလီသည် ထို သတင်းမှားရေးသားချက်ကို ပြန်လည်ဖြုတ်ချခြင်းမရှိသဖြင့် ထိုရေးသားချက်ကို သူမ၏ အကောင့်မှတဆင့် ထပ်မံရေးသားဖြန့်ချိမှုများ ရှိလာခဲ့သည်။ Fortify Rights ကမူ ၎င်းတို့၏ ပို့စ်ကို ပြန်လည်ဖယ်ရှားခဲ့ပြီးဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တောင်ပိုင်းရှိ အင်းဒင်ကျေးရွာတွင် စက်တင်ဘာလက ရိုဟင်ဂျာ ၁၀ ဦးကို တရားစီရင်မှုမဲ့ သတ်ဖြတ်ခဲ့သော လူ ၇ ဦးကို မြန်မာ့တပ်မတော်က ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုအတွက် စုံစမ်း သတင်းရယူခဲ့သည့် Reuters သတင်းဌာန မှပြည်တွင်း သတင်းထောက် ၂ ဦးကို လွန်ခဲ့သော နှစ်နှောင်းပိုင်းက စတင်ဖမ်းဆီးထားခဲ့ပြီး ယခုတိုင် အစိုးရလှို့ဝှက်ချက် ဥပဒေကို ဖေါက်ဖျက်မှုဖြင့် အမှုဖွင့် အရေးယူထားသည်။
ယန်ဟီးလီ အနေဖြင့် ဒီဇင်ဘာလမှ စတင်ပြီး မြန်မာနိုင်ငံသို့ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံအခြေအနေအပေါ် သူ၏ အစီရင်ခံခြင်းသည် ဘက်လိုက်မှုရှိသည်ဟု အစိုးရနှင့် တပ်မတော်တို့က လွန်ခဲ့သော ၆ လကပင်ပြောကြားပြီး ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့တင်သွင်းရန်အတွက် ယန်ဟီးလီ၏ လုပ်ပိုင်ခွင့်တွင် မြန်မာနိုင်ငံသို့ တနှစ် ၂ ကြိမ်သွားရောက်ရမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ထိုတာဝန်ကို ထမ်းဆောင်ချိန်မှ စတင်ပြီး သူသည် မြန်မာနိုင်ငံသို့ ၆ ကြိမ် လာရောက်ခဲ့သည်။
(အင်္ဂလိပ်ဘာသာဖြင့် UN Rights Envoy Retweets False Report of Amnesty for Soldiers Who Killed Rohingya တွင် ဖတ်ပါ။)