ဧရာဝတီတိုင်းဒေသကြီး အစိုးရသစ်လက်ထက် ပထမဆုံးအရေးယူမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်အား နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် ရာထူးတဆင့် လျော့ချကာ အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ကက်ဘိနက် (အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေး) တွင် တိုင်းစည်ပင်ဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်ကို ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတဆင့်လျှော့ချကာ ဖျာပုံမြို့သို့ ပြောင်းရွှေ့ရန် ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ကဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အရေးယူတာပါ။ စည်ပင်ဆိုတာ တိုင်းဒေသကြီးအစိုးရလက်အောက်မှာရှိတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ရာထူးတဆင့်လျော့ချ အရေးယူတာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဧရာဝတီကို ပြောသည်။
ယခုလို ညွှန်ကြားရေးမှူးအဆင့်ရှိသည့် ဌာနဆိုင်ရာ အကြီးတန်းအရာရှိတဦးအား ရာထူးလျှော့ချ အရေးယူခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီဝင်များဖြင့် ဖွဲ့စည်းထားသည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့လက်ထက်တွင် ပထမဆုံးအရေးယူမှုအဖြစ်
မှတ်တမ်းဝင်ခဲ့သည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်အား ရာထူးတဆင့် လျှော့ချအရေးယူခဲ့သည့်အတွက် ၎င်း၏နေရာတွင် ဧရာဝတီတိုင်းစည်ပင်ဌာန အင်ဂျင်နီယာမှူးကြီး ဦးနိုင်လင်းမောင်ကို ခေတ္တညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ အရေးယူဆောင်ရွက်ခြင်းခံခဲ့ရသည့် တိုင်းစည်ပင်ဌာန ညွှန်မှူးဟောင်း ဦးအောင်မင်းနိုင်အား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီကိစ္စအပေါ်မှာ ကျနော်ဘာမှ မပြောချင်ဘူး။ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကိုပဲ မေးကြည့်လိုက်ပါ”ဟု သူက ပြောသည်။
စည်ပင်ညွှန်မှူးဟောင်း ဦးအောင်မင်းနိုင်မှာ ဝန်ထမ်းရာထူး အပြောင်းအရွှေ့ကိစ္စများတွင် မသမာမှုများ ရှိခဲ့ခြင်း၊ တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်ရန် နှောင့်နေးခြင်းနှင့် တိုင်းအစိုးရထံ မတင်ပြဘဲ မိမိသဘောဖြင့် လမ်းခင်းသည့် ကတ္တရာပုံးများ ဝယ်ယူခြင်း စသည့် ပြစ်ချက်များကြောင့် ယခုလို အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
“ညွှန်မှူး ဦးအောင်မင်းနိုင်ကို အစိုးရအဖွဲ့က ပထမတကြိမ် warning (သတိပေး) ပေးထားပြီးသား။ အခြေအနေ မထူးခြားလို့ အခုကျမှ အရေးယူလိုက်တာ။ ပြုပြင်ပြောင်းလဲမှု နှောင့်နေးတဲ့ဌာနဆိုင်ရာတွေ၊ အစိုးရညွှန်ကြားချက်ကို မလေးမစားလုပ်တဲ့ ဌာနဆိုင်ရာတွေအတွက် စံပြအနေနဲ့ အရေးယူလိုက်တာပေါ့”ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူ အကြီးတန်း အရာရှိတဦးက ပြောသည်။
ဦးအောင်မင်းနိုင်မှာ ဧရာဝတီတိုင်း၏မြို့တော် ပုသိမ်ရှိ တိုင်းစည်ပင်သာယာရေးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၁ ခုနှစ်က စတင်ကာ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ညွှန်မှူးလုပ်သက် ၇ နှစ်အကြာတွင် အရေးယူ ခံရခြင်းဖြစ်ကြောင်း သိရသည်။