၂၀၁၈ ခုနှစ် သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ခရီးသွားလာမည့်သူများထံမှ ရန်ကုန်- မုံရွာခရီးစဉ် ကား လက်မှတ် အတု အစောင်ရေ ၁၀၀ ခန့် လိမ်လည် ရောင်းချမှု ဖြစ်ပွားခဲ့သော်လည်း တိုင်ကြားသူ မရှိကြောင်း အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း (YRTA) ခရီးသည် ပို့ဆောင်ရေးမှ သိရသည်။
ယင်းလိမ်လည်မှုမှာ မြန်မာပြည်အနှံ့ဘုရားဖူး ခရီးသွားယာဉ်လိုင်း တခုဖြစ်သည့် မေတ္တာရှင် ယာဉ်လိုင်း အမည်ကို အသုံး ပြု၍ အတုလုပ်ကာ လိမ်လည်ခြင်း ဖြစ်သည်။
ခရီးသည် ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက “ရဲနဲ့ ပေါင်းပြီး ဖမ်းဝရမ်း ထုတ်ထားတယ်လို့တော့ သိရတယ်။ ခရီးသည် တွေ ကတော့ တိုင်တာမရှိဘူး။ လိမ်လည်တဲ့သူက ၂ ဦး။ သူတို့ရဲ့ နာမည်ပြောင်ကတော့ ဂတုံးကြီး (ခေါင်းတုံးကြီး) နဲ့ ဂတုံးလေး (ခေါင်းတုံးလေး) တဲ့ နာမည် အရင်းတော့ မသိရသေးဘူး။ ခရီးသည်တွေ အမှုမဖွင့်လည်း သက်ဆိုင်ရာ မြို့နယ် အဖွဲ့တွေကတော့ အမှုဖွင့်လို့ ရတယ်။ ရဲ ဘက်က ဆက်လုပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “မေတ္တာရှင် မြန်မာ ပြည်အနှံ့ဘုရားဖူး ပို့ဆောင်ရေးယာဉ်နာမည်နဲ့ ရန်ကုန်- မုံရွာ ခရီးစဉ်ကို အတု လုပ်ရောင်းတယ်။ လက်မှတ်ရောင်းတာက ပြောရရင် လူ ၁၀၀ စာလောက်ကို ရောင်းတာ။ လူလိမ်တွေပေါ့၊ အပြင်ကနေ လာရောင်းတဲ့အခါကျတော့ ဝယ်ကြတယ်။ လက်မှတ် ၁ စောင်ကို ငွေကျပ် ၂ သောင်း ရောင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ အလိမ်ခံရသူများထဲမှ လူဦးရေ ၃၅ ဦးအား ဧပြီလ ၁၁ ရက်တွင်လည်းကောင်း လူဦးရေ ၆၁ ဦးအား ဧပြီ ၁၂ ရက် တွင်လည်းကောင်း စုစုပေါင်း ၉၆ ဦးအတွက် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ ကားစီစဉ်ပေးလိုက် ရကြောင်း ကျန်သည့်သူများမှာ တိုင်ကြားခြင်းမရှိဘဲ ကိုယ့်အစီအစဉ်နှင့်ကိုယ် အခြားယာဉ်လိုင်းများနှင့် ဝယ်ယူလိုက်ပါ သွားကြောင်း ခရီးသည် ပို့ဆောင်ရေးမှ တာဝန်ရှိသူက ရှင်းပြသည်။
အဝေးပြေး နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတဦးက “အမှုဖွင့် တိုင်ကြားထားတာလည်း မရှိတော့ ရဲ အရေးယူတာလည်း မရှိဘူး။ အဲဒီ လိမ်ရောင်းတဲ့သူက ထွက်ပြေးသွားတယ်။ ဒါကြောင့် ဘာလုပ်ပေးလိုက်လည်း ဆိုတော့ ရဲကင်းနဲ့ အဖွဲ့ တွေက ခရီးသည်ကို ကားနဲ့ခွဲပြီး တင်ပေးလိုက်ပြီး အဆင်ပြေအောင်လုပ်ပေးလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက“ဒီလိမ်လည်တဲ့သူကို ဖမ်းဆီးဖို့ ဆိုတာက ဒီလိမ်လည်တဲ့သူက ဘယ်သူမှန်းလည်း မသိဘူး။ ဂိတ် မရှိဘဲ လက်မှတ်ကိုကိုင်ပြီး စာရွက်ကို လက်မှတ်ရမယ်ဆိုပြီး ရောင်းတဲ့သဘောပေါ့။ ခရီးသည်တွေကလည်း အဆင် ပြေ သွားတယ်ဆိုတော့ မတိုင်ကြတော့ဘူးပေါ့။ ကျနော်တို့က အမှုဖွင့်ထားတယ်ဆိုရင်တော့ လိုက်ဖမ်းတာပေါ့။ သူတို့ က ရုပ်ပဲမြင်ရတာ ဘာမှ သက်သေပုံစံမျိုး မရှိဘူးဖြစ်နေတယ်။ အဲဒီတော့ ခရီးသည်ကလည်း တိုင်ချက်မဖွင့်ဘူး။ အခု လောလောဆယ် လိမ်လည်သူကို လိုက်ဖမ်းတာလည်း မရှိဘူး”ဟု ရှင်းပြသည်။
အဆိုပါ လိမ်လည်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဆိုသည်။
၂၀၁၇ခုနှစ် သင်္ကြန်ကာလ၌လည်း ဒိုင်နာများနှင့် ပြေးဆွဲခြင်း လက်မှတ် လိမ်လည် ရောင်းချမှုများ ရှိခဲ့ကြောင်း အောင် မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ သိရသည်။
ပြီးခဲ့သည့်နှစ် သင်္ကြန် တွင်လည်း စည်းလုံးခြင်း၊ မုံရွာသား၊ ထူးစေတနာ အမည်ခံ၍ လက်မှတ်များ လိမ်လည် ရောင်း ချခြင်း များကြောင့် ခရီးသွား ပြည်သူ ၁၆၅ ဦး ဒုက္ခရောက်ခဲ့ကြောင်း၊ ခရီးသွား ပြည်သူများအနေနှင့် ကားလက်မှတ် များ ဝယ်ယူမည်ဆိုပါက လမ်းများပေါ်တွင် ရောင်းချသူများထံမှ မဝယ်ယူဘဲ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းမှ အသိအမှတ်ပြုထားသော ယာဉ်လိုင်း၊ ကားဂိတ်များ၌သာ ဝယ်ယူရန် ကြေညာချက်များလည်း ကပ်ထား ကြောင်း သိရသည်။
ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းဖြစ်သူ ဒေါ်ထားက “ကျမတော့ မုံရွာဇာတိဖြစ်တယ်။ ကျမတို့ လက်မှတ်ဝယ်တဲ့ နေရာမှာ လိုချင် တဲ့ရက်က မရဘူး။ ရတော့လည်း မနက်ထဲက တန်းစီပြီးဝယ်ရတယ်။ အဲဒီတော့ ကိုယ့်အရှေ့မှာ လူတွေရှိတော့ ဧပြီ ၁၂ ရက် ပြန်ချင်ပေမယ့် ရက်နောက်ဆုတ်ပြီး ပြန်ရတယ်။ ဒီလိုနှစ်တိုင်းလည်း ကားလက်မှတ်က ပြဿနာဖြစ် တယ်။ နှစ်တိုင်းလည်း အဖြေမရှိဘူး” ဟု ပြောသည်။
ရန်ကုန်- မုံရွာခရီးစဉ် လက်မှတ် ၁ စောင်လျှင် ပုံမှန်ဈေးနှုန်းမှာ ကျပ် ၁၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချကြပြီး သင်္ကြန်ကာ လ ပိတ်ရက်လိုမျိုးတွင်မူ လက်မှတ်ဈေးနှုန်းမှာ ကျပ် ၁၅၅၀၀ မှ ၂ သောင်းအထိ ဈေးမြှင့် ရောင်းချမှုများလည်း ရှိကြောင်း ခရီးသွားများထံမှ သိရသည်။
ထို့အပြင် ယခုနှစ် သင်္ကြန်တွင် အဝေးပြေး လက်မှတ်များရရှိရန် အခက်အခဲများဖြစ်ပေါ်နေသော အနယ်နယ် အရပ်ရပ် မှ ခရီးသည် စုစုပေါင်း ၅၆ ဦးအတွက် အဆင်ပြေစေရန် ကားလက်မှတ်များ စီစဉ်ပေးလိုက်ရကြောင်း အောင်မင်္ဂလာ အဝေး ပြေး ယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိ အောင်မင်္ဂလာဝင်း၌ ရန်ကုန်တိုင်းအခြေပြုယာဉ်လိုင်း ၁၁၆ လိုင်းရှိပြီး ယာဉ်စီးရေ ၁၇၆၅ စီးခန့်၊ ပြည်နယ်နှင့် တိုင်း အခြေပြု ယာဉ်လိုင်း ၁၃၁လိုင်းရှိပြီး ယာဉ်စီးရေ ၁၉၂၂ စီးခန့်ဖြင့် နေ့စဉ်ခရီးသည် ပို့ဆောင်လျက်ရှိကြောင်း YRTA က ဆိုသည်။
ယခုနှစ် သင်္ကြန်ရက်များ အတွင်း၌လည်း ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်း ၁၇ လိုင်း ပြေးဆွဲပေးခဲ့ပြီး ပြင်ပတွင် လက်မှတ်ခ ပိုတောင်းခံခြင်းများ ကြားသိရသော်လည်း တိုင်ကြားခြင်းများ မရှိကြောင်း အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နား စခန်းမှ သိရသည်။
သင်္ကြန်ကာလ ပိတ်ရက်များ မတိုင်ခင်နှင့် ပိတ်ရက်ကာလ အတွင်း၌ အဝေးပြေး ယာဉ်လိုင်းများနှင့် ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသော YBS ယာဉ်လိုင်းများ ပုံမှန်ထက် ဈေးနှုန်းမြင့်တက်ခြင်းများ မပြုလုပ်ရန် ကြပ်မတ်ထားကြောင်း ပုံမှန်ထက် ယာဉ်စီးခ ပိုတောင်းသည့် ယာဉ်လိုင်းများနှင့် စည်းကမ်းမဲ့ ယာဉ်လိုင်းများအား တိုင်းကြားကြရန် YRTA မှ နှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။